Breaking News

ရဲရင့်သက်ဇွဲ - သေတနေ့ မွေးတနေ့ကြားက အမေ့ရဲ့မေတ္တာ

ရဲရင့်သက်ဇွဲ - သေတနေ့ မွေးတနေ့ကြားက အမေ့ရဲ့မေတ္တာ
(မိုးမခ) ဇွန် ၁၉၊ ၂၀၂၂

သေတနေ့
မွေးတနေ့
အဲဒီနေ့နှစ်နေ့ကြားမှာ
ကမ္ဘာသစ်တေး ဗမာပြည်သစ်ရေး
ငြိမ်းချမ်းရေးကို
အမေ … စိုက်လိုက်မတ်တပ် ဆုပ်ကိုင်ထားခဲ့တယ် …။

အဲဒီနေ့နှစ်နေ့ကြားမှာ
ဘဲအုပ်က တရာ နှစ်ရာ
ဗေဒါက တပွင့် အယက်အကန်ခံလျက်
အမနာပအခင်းအကျင်းများနဲ့ ထိုးနှက်
အမေကတော့ အပြုံးမပျက်
ယုံကြည်ချက်နဲ့ ခရီးဆက်ခဲ့တယ် …။

အဲဒီနေ့ နှစ်နေ့ကြားမှာ
ဘ၀ဟာ ခပ်ပါးပါး
အရိုင်းဆန် အရိုးခံ ဖြစ်တည်မှု အသစ်
လူတိုင်းအတွက် ထုဆစ်တဲ့ ခေတ်
အမေ့ရဲ့အနစ်နာခံမှုနဲ့
ကျနော်တို့ရဲ့ အနာဂတ်ကို ဖူးပွင့်စေခဲ့တယ် ….။

အဲဒီနေ့နှစ်နေ့ အကြားမှာ
ပကတိ အရှိတရား အမှန်တရား
သက်ရှိ သတ္တဝါများ မရှိမဖြစ်လိုအပ်
အောက်စီဂျင်ဓာတ် မဟုတ်လား အမေ ….
တကယ်တော့ .. အမေဟာ ကျနော်တို့အတွက်
မရှိမဖြစ်လိုအပ် အောက်စီဂျင်ဓာတ်ဖြစ်သလို
ပြည်သူလူထုကြီးဟာလည်း အမေ့အတွက်
မရှိမဖြစ်လိုအပ် အောက်ဆီဂျင်ဓာတ်ဖြစ်တယ် …။

အဲဒီနေ့နှစ်နေ့အကြားက
အမေ့ရဲ့မွေးနေ့များနဲ့အတူ
အနာဂတ်နိုင်ငံတော်အသစ်အတွက်
အမေ့ရဲ့ အတွေးသစ် အမြင်သစ်
စေတနာအသစ်များ လမ်းညွှန်ပြသ
ဝေဆာ လှပနေဦးမယ်ဆိုတာ
သားတို့ ယုံတယ် …။

(အမေ့ရဲ့မွေးနေ့မှာ အမေ့ရဲ့မေတ္တာဓာတ်နဲ့ ဒီမိုကရေစီခေတ် သစ်စေရမည်…. သားတို့ယုံသည်။)

ရဲရင့်သက်ဇွဲ

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar