Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၇ မြင်ကွင်း


မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၇ မြင်ကွင်း

(မိုးမခ) ဇွန် ၁၈၊ ၂၀၂၂


ပညာရေးနဲ့ နိုင်ငံရေး  

ဒီနေ့ နံနက်မှာ စစ်အာဏာသိမ်းပြီးနောက်မှာ ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲရဲ့ အောင်စာရင်းတွေကို စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြည်နယ်နဲ့ တိုင်းအလိုက် အောင်ချက်ရာနှုန်းတွေ အပါအဝင် အောင်မြင်မှုရာနှုန်းအများဆုံးက မွန်ပြည်နယ်ဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်း ဆိုရှယ်မီဒီယာမှာ တွေ့မြင်ကြရပါတယ်။  

အဲဒီသတင်းတွေ ထုတ်ပြန်ခဲ့ပြီး နေ့လယ်မှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG က စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေကို အသိအမှတ်မပြုကြောင်း အသိပေးထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါတယ်။  

ထုတ်ပြန်ချက်မှာ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပေးတဲ့ အတန်းတင်လက်မှတ်တွေ၊ သင်ယူပြီးမြောက်ကြောင်း လက်မှတ်တွေကို အသိအမှတ်မပြုကြောင်း ထပ်မံအသိပေးထုတ်ပြန်လိုက်တယ်လို့ဆိုထားပါတယ်။  

စစ်အာဏာရှင်စနစ်လည်ပတ်အောင် လုပ်ဆောင်မှုတွေကို အသိအမှတ်မပြုကြောင်း လည်းဖေါ်ပြထားပါတယ်။ ဒီကြေညာချက်ကို ထုတ်ပြန်တာဟာ စစ်ကောင်စီကို နိုင်ငံရေးအရ ထိုးနှက်လိုတာ၊ ပညာရေးနယ်ပယ်က စီဒီအမ် ပြုလုပ်တဲ့ ကျောင်းသားတွေကို အသိအမှတ်ပြုလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ လို့ရည်ညွှန်းထားပေမယ့်လည်း စစ်ကောင်စီ လက်အောက်မှာ နေထိုင်နေကြရသေးတဲ့ လူထုအဖို့ ဘယ်လို နားလည်ရမလဲဆိုတဲ့ အနေအထားမျိုးကို ရောက်စေပါတယ်။  

NUG  ရဲ့ ထုတ်ပြန်ချက်ဟာ စစ်ကောင်စီ အုပ်ချုပ်နေတဲ့ နယ်မြေတွေမှာ ပညာသင်ကြားနေကြတဲ့ သူတွေကို ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေပါတယ်။ ပညာရေးစနစ်က ဖက်ဒရယ် ပညာရေးစနစ် မဟုတ်တာကြောင့်လို့ အခုလို အသိအမှတ်မပြုတာလို့ စောဒက တက်နိုင်ကောင်း တက်နိုင်ပေမယ့်လည်း လောလောဆယ်မှာ NUG အနေနဲ့ နယ်မြေစိုးမိုးမှု ရှိတဲ့ဒေသတွေမှာ ဖက်ဒရယ်ပညာရေးကို အကောင်အထည်ဖေါ်နိုင်ကောင်း ဖော်နိုင်မှာ ဖြစ်ပေမယ့် နယ်မြေမစိုးမိုးတဲ့ဒေသတွေက သူတွေအတွက် အွန်လိုင်းကတဆင့်သင်တဲ့ ပညာရေးကို ရွေးချယ်ဖို့ တိုက်တွန်းတာက လက်တွေ့မကျ တဲ့အနေအထားလည်း ဖြစ်ပါတယ်။  

သာမန် လူထုအဖို့ အွန်လိုင်း ပညာရေးကို လက်လှမ်းမှီဖို့ အင်တာနက် လစဥ်ကြေး၊ ကွန်ပျူတာ၊ ငယ်ရွယ်တဲ့ ကျောင်းသားတွေကို မိဘက နည်းပညာအထောက်အကူ လုပ်ပေးဖို့ စတဲ့အခက်အခဲတွေ ရှိကြတာကြောင့် ကူးစက်ရောဂါ ဘေးအန္တရာယ်လျော့ပါးလာချိန်မှာ ကျောင်းသွားဖို့ အခြေအနေပေးတဲ့ဒေသတွေမှာ ကျောင်းထားကြရတာဟာ လက်တွေ့ အခြေအနေ ဖြစ်ပါတယ်။  

NUG အနေနဲ့ ဒီလိုသာမန်လူထုရဲ့ အခက်အခဲတွေကို နားလည်ပေးဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ ပညာသင်ကြားနေကြတာ စစ်ကောင်စီ ဝန်ကြီးဌာနအောက်က ဖွင့်တဲ့ကျောင်းကို တက်ရောက်တာဟာ နိုင်ငံရေးအရ စစ်တပ်ကို ထောက်ခံတာဖြစ်တယ်လို့ တထစ်ချ ကောက်ယူခြင်းဟာ ပညာရေးကို နိုင်ငံရေးအရောင်ဆိုးတာ များလွန်းတဲ့ သဘောလည်း သက်ရောက်ပါတယ်။  

ပညာရေး ကျန်းမာရေး လူမှုရေး ဘာသာရေး စတဲ့အရေးကိစ္စတွေအားလုံးဟာ နိုင်ငံရေးစနစ်ကောင်းမွန်မှ အဆင့်မှီလာမယ် ဖွံ့ဖြိုးလာနိုင်မယ်ဆိုတာ မှန်ပေမယ့် အဲဒီအရေးကိစ္စတွေကို စစ်ကောင်စီ အသိအမှတ်ပြု စာမေးပွဲ၊ အောင်လက်မှတ်တွေအထိ အသိအမှတ်မပြုဘူးဆိုတဲ့ သဘော ထုတ်ပြန်ခြင်းက စည်းရုံးရေးအရ ကျဆင်းစေနိုင်တာကို အလေးအနက် စဥ်းစားသုံးသပ်သင့်ကြောင်း ထောက်ပြလိုပါတယ်။  

ဒီနေ့ တနေ့လုံး ဆိုရှယ်မီဒီယာမှာ အခုလို အသိအမှတ်ပြုခြင်း မပြုခြင်းနဲ့ပတ်သက်ပြီး အငြင်းအခုံ အပြန်အလှန်ရေးသားနေကြတဲ့ ပို့စ်တွေ အများအပြားတွေ့နေရပါတယ်။ နိုင်ငံရေး ရပ်တည်ချက်ဆိုင်ရာကိစ္စမဟုတ်တဲ့ ကျောင်းသားလူငယ်တွေရဲ့ ပညာရေးလို ကိစ္စမျိုးနဲ့ အမြင်ကွဲလွဲခြင်းဟာ စည်းရုံးရေးကို ထိခိုက်စေနိုင်တယ်လို့ ထင်မြင်မိပါတယ်။  

နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်အတွက် ပညာရေးကို အသုံးချသလို ဖြစ်စေနိုင်တာကို သတိပြုသင့်တာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar