Breaking News

တောသားကြီးကိုကို - ဒုက္ခကိုပိုက် ဆက်၍ တိုက်မည်

စစ်တပ်၏မီးရှို့ သတ်ဖြတ်မှုကိုခံရသည့် ကိုယ်ဝန် ၅ လရှိ CDMကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ
Photo- Khit Thit Media

ဒုက္ခကိုပိုက် ဆက်၍ တိုက်မည်
တောသားကြီးကိုကို
(မိုးမခ) ဇွန် ၁၉၊ ၂၀၂၂
 
“ဆရာကြီးရယ်၊ ဘာဖြစ်လို့များသမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေက ဒီလိုအဖြစ်ဆိုးကြီးတွေကိုအကြိမ်ကြိမ် ခွင့်ပြုနေရတာလဲရှင် ဟင့်..ဟင့်” 

ကျောင်းဖွင့်ရာသီရောက်တော့ ရှမ်းမြောက်လက်ဖက်မြို့တော်ရဲ့မြောက်ဖက်၊ အရှေ့မြောက်ဖက် တအာင်းနယ်တွေမှာ TNEC မှ ကိုယ်ထူကိုယ်ထကျောင်းဖွင့်မည်၊ တာဝန်ထမ်းဆောင်လိုသူ CDM ဆရာ/မများကိုဖိတ်ခေါ် သည်။ နယ်အသီးသီးမှဆရာ၊ ဆရာမများတဖွဲဖွဲတက်လာကြသည်။ တအာင်းစေတနာရှင်၊ လုပ်ငန်းရှင်များက TNEC နှင့် ချိတ်ဆက်ပြီးဝန်ထမ်းများခေါ်ယူပေးခြင်း၊ ဆရာ/ဆရာမများကိုတာဝန်ကျရွာသို့ လိုက်ပို့ပေးခြင်းတို့ကိုဆောင်ရွက်နေကြသည်။ ယနေ့လည်းပခုက္ကူနှင့် ရေစကြိုမြို့နယ်တို့မှ ဆရာမ (၄) ဦးကိုကားဖြင့်လိုက်ပို့နေ သည်။ ထိုအထဲတွင် ရေစကြိုမှဆရာမတဦး၏ဝမ်းနည်းပက်လက် ငိုယို၍ ဆို့နင့်သောပြောသံကိုဆရာညောညောနှင့် ကားပေါ်ပါသူအားလုံး ကြားရသည်။
 
ရာသီကမိုးလရာသီ။ တဖွဲဖွဲရွာနေသောမိုးတို့သည် မရပ်မနား။ တောတန်းစိမ်းစိမ်း၊ တောင်တန်းမြင့်မြင့်၊ တောင်ပေါ်လမ်းဖြစ်၍ လမ်းကွေ့လမ်းတက်များကို ကားဆရာက ဂရုတစိုက် မောင်းနေသည်။ ကားထဲမှာလိုက်ပါလာသူအားလုံး မျက်ရည်ဝဲနေကြသည်။ ဆရာမ၏ရှိုက်သံကတချက်တချက် ထင်ထင်ရှားရှားထွက်ထွက်လာသည်။ မိုးကုတ်မိုးမိတ်သွားလမ်းဖြစ်၍ အတက်ခရီးတွင် လေးလုံးထိုး၊ အိမ်စီးကား၊ လူစီးလိုင်းကား၊ ထော်လာဂျီ၊ ဆိုင်ကယ်၊ တွဲဆိုင်ကယ်၊ သုံးဘီးကားများကကျော်တလှည့်၊ ရှောင်တခါ မောင်းနေကြသည်။ အချို့က အတက်၊ အချို့က အဆင်းခရီး။ 

ထိုဆရာမငိုရခြင်းမှာသူ၏ သူငယ်ချင်းဒေါ်ခင်နှင်းဝေ (မြိုင်မြို့နယ် သပိတ်ကော်မီတီ) ကိုစခများကမီးရှို့သတ်ဖြတ်လိုက်၍ ဖြစ်သည်။ လွန်ခဲ့သောသုံးနှစ်ကျော်ကဒေါ်ခင်နှင်းဝေသည် လက်ဖက်မြို့တော်ရှိ အမက၊ တောင်ဆေးလိပ်တွင် မူပြတာဝန်ထမ်းဖူးသည်။ နေ့စားလပေးအမှတ်စဉ် ၂/၂၀၁၅ ဖြစ်သည်။ Covid-19 ဖြစ်စနှစ်က ဇာတိသို့ အပြောင်းပါသွားသည်။ မအလအာဏာသိမ်းတော့ ခေတ်လူငယ်၊ ခေတ်အမြင်၊ ခေတ်အတွေးရှိ၊ သွက်လက်ချက်ချာသောဒေါ်ခင်နှင်းဝေသည် အမှားကိုအမှန်မလုပ်နိုင်၍ ခံယူချက် မှန်မှန်ကန်ကန်ဖြင့် CDM လုပ်ခဲ့သည်။ နွေဦးတော်လှန်ရေးမှာတက်ကြွစွာပါဝင်ခဲ့သည်။ ထိုနယ်တကြောတွင် ဦးဆောင်သူမဟုတ်သော်လည်း ရှေ့တန်းကပါဝင်ခဲ့သည်။ မိဘများကလည်းဒေါ်ခင်နှင်းဝေနှင့် သဘောညီခဲ့သည်။ ပြောရလျှင် တနယ်လုံးကညီညာစွာပါဝင်ကြလေသော တော်လှန်ရေးမဟုတ်ပါလား။ 

CDM လုပ်၍ ဝင်ငွေမရှိသော်လည်း မိဘလက်ငုတ်လက်ရင်းယာလုပ်ငန်းကို တဖက်ကလုပ်၊ နိုင်ငံ့အရေးမှာလည်း တဖက်ကပါဝင်ခဲ့သည်မှ ာသပိတ်ကော်မီတီဝင်ဖြစ်သည်အထိပင်။ တော်လှန်ရေးကြာလာတော့ ဒလန်များ၏ရန်ကိုရှောင်ရင်းတိမ်းရင်း ပကဖများနှင့်လက်တွဲ၍ တော်လှန်ရေးကိုရှေ့ဆက်နေ သည်။ စခများလည်းသူမတို့ရွာကိုစစ်ကြောင်းထိုး၊ ပကဖစခန်းများကိုစုံစမ်းရင်းဒလန်များ၏ လက်ညှိုး ထိုးမှုအောက်၊ အချို့အဖမ်းခံရ၊ အချို့မှာသူတို့ရန်မှ ပြေးလွှားရင်း အပစ်ခံရသည်။ အဖမ်းခံရသူများမှာလည်း ပြန်လွတ်လာသူရှားသည်။ လွတ်လာလျှင်လည်း အကောင်းပကတိမရှိ၊ ပြန်မလွတ်လာသူများ၏ သတင်းကိုလည်း မကြားရတော့။ ထိုသူတို့၏ မိဘများမှာဆွမ်းသွပ်ရက်လည် လုပ်ရမလား၊ မလုပ်ရဘူးလား၊ စောင့်ရမှာလား၊ ယောင်ဝါးဝါးမရေမရာ ဖြစ်နေကြသူချည်း။ အံကြိတ်ရင်း၊ မျက်ရည်သုတ်ရင်း၊ တော်လှန်ရင်းယုတ်မာရက်စက်လှသောစခများကို နည်းလမ်းမျိုးစုံသုံး၍ တော်လှန်နေကြသည်။ ဒေါ်ခင်နှင်းဝေတယောက် ရွာမှာနေလည်းမဟန်၊ ရွာကခေတ္တရှောင်တိမ်းပြီး ရွာကိုပြန်၍ မရခဲ့။ ထိုအတော အတွင်းလမ်းကြောင်းတူ ပကဖချစ်သူနှင့် အိမ်ထောင်ပြုသည်။ စိုက်ပျိုးရေးလုပ်ငန်းများကလည်းအကျိုး အမြတ်ရဖို့ထက် လောက်ငဖို့ပင် ရုန်းကန်နေရသည်။ စခများ၏ မီးရှို့ဖျက်ဆီးမှုများကလည်းအတော မသတ်၊ အလှူရှင်များ၏ ထောက်ပံ့မှုရရှိသော်လည်းကြာရှည်လာတော့ ကိုယ်ရေးကိုယ်တာကလည်းရှိသေးသည်။ ဒေါ်ခင်နှင်းဝေတယောက် စဉ်းစားလာရသည်။ တော်လှန်ရေးကလည်းရပ်၍ မဖြစ်၊ စခများ ၏အုပ်ချုပ်မှုကိုလည်းလက်မခံနိုင်၊ သည်လိုနှင့် ကျောင်းဖွင့်ချိန်ရောက်လာသည်။ 

ဒေါ်ခင်နှင်းဝေတာဝန်ထမ်းဆောင်ခဲ့ဖူးသောတအာင်းနယ်မှာ ကိုယ်ထူကိုယ်ထကျောင်းများဖွင့်မည်။ ဝန် ထမ်းများလိုသည်။ အထူးသဖြင့် CDM လုပ်ထားသူများကို ဦးစားပေးသည်။ ဒေါ်ခင်နှင်းဝေသူငယ်ချင်းများနှင့် တိုင်ပင်ရသည်။ အင်တာနက်ဖြတ်ထားသောဒေသမို့ ဖုန်းမရတချက်၊ ရတချက်ကြားကယခုကားပေါ်ပါလာသောဆရာမတို့က ရှေ့ကသွားနှင့်မည်။ လမ်းခရီးအစစ်အဆေး ကြမ်းတမ်းခြင်း၊ လမ်း ခရီးမသာယာခြင်း၊ လုပ်လက်စလုပ်ငန်းများလက်စသတ်လိုခြင်းတို့ကြောင့် ဒေါ်ခင်နှင်းဝေကနောက်ကလိုက်လာမည်။ ဒေါ်ခင်နှင်းဝေစဉ်းစားမိသည်က အစစခက်ခဲလာသောအခြေအနေမှ ဝင်ငွေရသောလုပ် ငန်းတခုကိုလုပ်ရင်း တော်လှန်ရေးကို ထောက်ပံ့ချင်သည်။ သို့ဖြစ်၍ မိမိတာဝန်ကျခဲ့ဖူးသောတအာင်းနယ်ကိုသွား၍ စာသင်လိုခြင်းဖြစ်သည်။ စခများ၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် နားကပ်မရှိလျှင်ရ၊ သေနတ်မရှိလျှင် မရအခြေအနေထိ ရှိလာသည်။ မိဘပြည်သူများနားကပ်၊ ဆွဲကြိုး၊ လက်ကောက် ရှိသမျှရောင်းချ ၊ သေနတ်ဝယ်၍ စခရန်မှကာကွယ်ရန် အထိတောင်းဆိုလာသည်။ 

သို့သော် ယခုဆရာမနှင့် အားလုံးစိတ်ထဲတွင် စခများကိုပို၍ နာကျည်းမုန်းတီးစေသောအရိုင်းအစိုင်းလုပ် ရပ်ကားပြောစရာစကားပင် မရှိလေတော့။ CDM ဆရာမဒေါ်ခင်နှင်းဝေအပါအဝင် တော်လှန်ရေးရဲဘော် ၅ ဦး အရှင်လတ်လတ် မီးရှို့အသတ်ခံရသည့်အပြင် ဒေါ်ခင်နှင်းဝေတွင် ကိုယ်ဝန် ၅ လရှိသတဲ့။ မကြုံစဖူး၊ မကြားဝံ့မမြင်သာ၊ ပြည်သူအားလုံး၏တောက်ခေါက်သံ ပြည်လုံးညံတော့သည်။ ထိုကျဆုံးရဲဘော်များအားစုပေါင်းသင်္ဂြိုလ်သည့်ရုပ်သံသတင်းလည်း တက်လာသည်။ အမိန့်ချမှတ်ကြေညာသူ၏ အသံကကြည့်ရှုသူအပေါင်းကို မျက်ရည်ပေါက် ကြီးငယ်ကျစေသည်။ ဒေါ်ခင်နှင်းဝေ၏သူငယ်ချင်းဆရာမဝမ်း နည်းငိုယိုမှုကား ရပ်၍ရပါဦးမလား။ 

ရှမ်းပြည်နယ်မိုးကလည်းတဖွဲဖွဲနှင့် မစဲနိုင်အောင် ရွာနေဆဲ။ ဆရာမသည်လည်းငိုရလွန်း၍ထင့်၊ အသံပင် ထွက်မလာနိုင်တော့။ မိုးရေကြားကကားထဲတွင် ဆရာမ၏ ရှိုက်သံမှာ ပဲ့တင်ထပ်နေသည့်အလား။ ကားလေးသည် လမ်းဘေးရွာတန်းရှည် တအာင်းရွာရွာများကိုကွေ့ကာကောက်ကာ၊ ပတ်ကာဖြင့် တရွာပြီးတရွာဖြတ်လာသည်။ စုရပ်ရွာကိုမရောက်သေး။ စိမ်းစိုနေသောတောများ၊ တောင်ကြားကလက်ဖက်ခင်းများက လမ်းဘေးဝဲယာ။ ဆရာညောညောလည်း မည်သို့ဖြေသိမ့်ရမည်ကိုမသိနိုင်တော့။ 

ဆရာမပြောသလို ကမ္ဘာပေါ်မှာ သည်လိုအဖြစ်ဆိုးကြီးများရှိခဲ့သည်သမိုင်းမှာ သင်ခဲ့ရသည်။ စာအုပ်၊ မဂ္ဂဇင်းဂျာနယ်များတွင်လည်း ဖတ်မှတ်ရဖူးသည်။ ဂျာမဏီအဒေါ့ဖ်ဟစ်တလာ, အိုက်ခမန်းတို့၏ ဂျူးလူမျိုးများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ ရဝမ်ဒါနိုင်ငံတွင်း တွတ်စီလူမျိုးများ မျိုးတုန်းသတ် ဖြတ်ခံရခြင်း၊ ယူဂန္ဓာအာဏာရှင် အီဒီယာအာမင်၏လုပ်ရပ်များ၊ ရှေးဦးယဉ်ကျေးမှုထွန်းကားခဲ့သောအီရတ်တွင် အာဏာရှင်ဆဒ္ဒန်ဟူစိန်၏ ကာ့ဒ်လူမျိုးများအပေါ် ရက်စက်မှုများ၊ ဆီးရီးယားအာဏာရှင် အာဆတ်၏ မိမိအာဏာတည်မြဲရေးအတွက် ပြည်သူ့အသက်ပေါင်းများစွာကို သုတ်သင်ခြင်း စသည်ဖြင့် ပြော၍ ကုန်နိုင်မည် မထင်။ 

မြန်မာပြည်တွင်လည်း မနေ့တနေ့ကကဲ့သို့ ရှိနေသေးသေ ာဦးသန့်အရေးအခင်း၊ ၈၈ အရေးအခင်း၊ ရွှေဝါရောင် အရေးအခင်းတို့ကိုဆရာညောညောတို့ မမေ့သေး။ ယခုလက်ရှိမအလ၏ ရက်စက်ယုတ်မာမှုများသည်ကား အံ့ဩထိတ်လန့်ဖွယ်ကောင်းလှသည်။ အာဏာရှင်တို့၏ထုံးစံအတိုင်း ခါးပိုက်ဆောင်တပ်ဖွဲ့၍ ပြည်သူ့အပေါ်ခြိမ်းခြောက်နေသည့် ပျူစောထီး၊ သွေးသောက် ပြည်သူ့စစ်၊ မဘသများကလည်းတောမီးလောင်၊ တောကြောင်လက်ခမောင်းခတ်နေကြသည်။ ညအချိန်မတော် ဝင်ဖမ်းခြင်း၊  ဧည့်စာ ရင်းစစ်အယောင်ပြ၍ လူငယ်များကိုဖမ်းဆီးငွေညှစ်ခြင်း၊ အဖမ်းခံရသူများ နေ့မြင်ညပျောက် အလောင်းပင် ကောက်မရ။ သည်ကြားထဲဖမ်းချင်သူမတွေ့၍ ကျန်မိသားစုအားလုံး အဖမ်းခံရ။ 

ကိုယ်လေးလက်ဝန် မွေးကာနီးသူပင် မချန်၊ မဆီမဆိုင် လက်ပံသားဓားနှင့်ချိုင်၊ လေးနှစ်အရွယ် မူကြိုကလေးကို စခသုံးလေးဆယ်ခန့်ဖြင့် လာဖမ်းတာကလည်း ရှိသေးသည်။ ကရင်နီပြည်နယ်တွင် Save the Children မှ ဝန်ထမ်းပင်မချန်၊ ကားပေါ်တင်၊ ကြိုးတုတ်၊ ဓာတ်ဆီလောင်း၊ မီးလောင်တိုက်သွင်းမှုများ။ 

ချင်းပြည်နယ်နှင့် အညာ စစ်ကိုင်း မကွေးတိုင်းများရှိ ကျေးရွာများကိုလည်း တာဝန်တရပ်အလားနေ့စဉ်မီးရှို့မပျက်။ ရပ်ရွာအိမ်ခြေ၊ ဘာသာရေးအဆောက်အဦးများကိုမီးရှို့ရာမှ ထွက်ပေါ်လာသောမီးခိုးတို့ကိုကြည့်ရသည်မှာ မျက်ခမ်းစပ်နိုင်လောက်သည်။ 

ဆရာညောညောတို့ တအာင်းဒေသတွင်လည်း ယခင်ခေတ်အခါများက စခများ၏ ရက်စက်မှုများရှိခဲ့ဖူးကြောင်း ဘိုးဘွားများက တဆင့်ကြားရသည်။ 

ဆရာညောညောက တအာင်းလူမျိုး။ ရိုးရိုးသားသား တွေးကြည့်မိသည်။ ထိုအမိန့်ပေးကျူးလွန်ခဲ့သောမြန်မာပြည်အနှံ့ကျူးလွန်မှုများအတွက် အပြစ်ကျခံဖို့ ဘယ်ဥပဒေ၊ ဘယ်ပုဒ်မများဖြင့် စွဲဆိုပြစ်ဒဏ်ချ မှတ်မည်နည်း။ ဆရာညောညော မစဉ်းစားနိုင်မသိနိုင်သော်လည်း အမှားအမှန်ကိုတော့ ခွဲခြားနိုင်သည်။ ကိုယ်တိုင် CDM လုပ်ခဲ့သည်။ အာဏာသိမ်းသူတို့ အကြောင်းပြသည့် မဲမသမာမှုကိုလည်းလက်မခံ။ 

ကိုယ်တိုင် ပါဝင်လုပ်ဆောင်ခဲ့သောမဲပေးပွဲ မှန်မှန်ကန်ကန်ရှိသည်ကိုလည်း အာမခံသည်။ သို့ဖြစ်၍ ဆရာညောညောတို့ဒေသသို့ လာခဲ့သောလူငယ်များကို အစစအရာရာ ကူညီပံ့ပိုးခဲ့သည်။ ဒါလည်းတော် လှန်ရေးတရပ်ဟု ဆရာညောညောယူဆသည်။ 

ဆရာညောညောတို့ကားလေးသည် လမ်းဆုံတခုအရောက် စုရပ်ရွာဘက်သို့ ကွေ့ဆင်းခဲ့သည်။ စုရပ်ရွာနီးလာ၍ လက်ဖက်ခူးပြန်လာသူများ၊ လက်ဖက်ရွက်စိမ်းတင်လာသောမြင်း၊ လားများ၊ နွားအုပ်များ၊ လမ်းဘေးကင်းတဲရှိအစောင့်တာဝန်ယူနေသောလက်နက်ကိုင်များကို ဆက်တိုက်တွေ့လာရသည်။ 

“ကဲဆရာမတို့ရေ၊ ရွာရောက်တော့မယ်ဗျ။ ဆရာမပြောတဲ့ ရက်စက်ကြမ်းကြုတ်မှုအဖြစ်ဆိုးတွေကိုခဏမေ့လိုက်ပါ။ မျက်ရည်တွေသုတ်လိုက်ပါနော်။ ကျွန်တော်တို့ ဝမ်းနည်းနေတာစခတွေကြားရင် ဟား တိုက်ရယ်လိမ့်မယ်။ အားတင်းထားပါ။ အညာက ပကဖတွေလက်နက်ရဖို့ ကျွန်တော်တို့ ကလေးတွေစာသင်ကြဖို့ အားယူကြစို့။ ဘာပဲကြုံကြုံ ကျွန်တော်တို့တော်လှန်ရေးကို ရပ်ပစ်လို့ မရဘူးဗျ။ စိတ်နာစရာတွေကိုအသိနဲ့ထိန်းပြီး စစ်အာဏာရှင် အမြစ်ပြတ်ဖို့ နောက်တခါ မပေါ်ပေါက်စေဖို့ ကျွန်တော်တို့ ဝိုင်းဝန်းကြပါစို့နော် ဆရာမတို့” 

ဆရာညောညောက အားပေးစကားပြောလိုက်ပြီး ဆရာမကို နှစ်သိမ့်သည်။ ဝမ်းနည်းရလွန်း၍ ထင်သည်။ ကားပေါ်ပါလာသောဆရာမများထံမှ အသံထွက်မလာပဲ ခေါင်းသာညိတ်ပြသည်။ ဆရာမများ၏ မျက်လုံးများက နီရဲ၍နေသည်။ ပါးပြင်ပေါ်ကသနပ်ခါးပေါ်တွင်လည်း မျက်ရည်စီးကြောင်းများကွက်၍ နေသည်။ တောင်ရှိလျှင် ပလောင်ရှိသည် ဆိုသည်နှင့်အညီ တောင်ထိပ်ပတ်လည်တွင် အိမ်များတည် ထားသောစုရပ်ရွာကို သစ်ပင်တောတန်းစိမ်းစိမ်းများကြား၊ မိုးဖွဲဖွဲကျနေသည့်ကြား၊ မိုးတိမ်တောင်များကြားကလှမ်းမြင်နေရပြီ။ 

၁၅.၆.၂၀၂၂ နေ့လယ် 
တောသားကြီးကိုကို
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar