Breaking News

အောင်သစ် - နွေဉီးတော်လှန်ရေး နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

အောင်သစ် - နွေဦးတော်လှန်ရေး နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

(မိုးမခ) ဇွန် ၃၊ ၂၀၂၂

နွေဦးတော်လှန်ရေးဟာ အစဉီးကာလအခြေအနေနဲ့ အခု တနှစ်ကျော်ကြာလာတဲ့အခြေအနေ မတူတော့ပါဘူး။ မတူတော့တဲ့အချက်၊ ပြောင်းလဲသွားတဲ့အချက်တွေကို မကြည့်ဘဲ တသမတ်တည်း သုံးသပ်နေရင် ပကတိအခြေအနေနဲ့ မကိုက်ညီတဲ့အမှားတွေ သုံးသပ်ဆုံးဖြတ်မိတတ်ပါတယ်။

နွေဦးတော်လှန်ရေးအစပိုင်းမှာ မြေပြင်သပိတ်တွေနဲ့ အထွေထွေသပိတ်တိုက်ပွဲကြီး ဆင်နွှဲခဲ့တာဖြစ်ပေမယ့်၊ အခု ကာလမှာတော့ ရန်သူ့ရဲ့ပြင်းထန်တဲ့ ဖိနှိပ်စစ်ကို တတိုင်းတပြည်လုံး လက်နက်ကိုင်တိုက်ပွဲနဲ့ ပြန်ခုခံနေတဲ့အခြေအနေ ဖြစ်နေပါပြီ။

အတိအကျပြောရရင် လက်နက်ကိုင်တိုက်ပွဲကို အဓိက ထားပြီး၊ CDM တိုက်ပွဲ၊ Social Punishment၊ မြေပြင် သပိတ်စတဲ့ နိုင်ငံရေးတိုက်ပွဲတွေ နဲ့ သံတမန်ရေးတိုက်ပွဲ ဘက်ပေါင်းစုံ ဆက်စပ်တိုက်ပွဲဆင်နေတဲ့ တော်လှန် ရေးလမ်း ကြောင်း ဖြစ်နေပါပြီ။ ဒီလမ်းကြောင်းဟာ နွေဦးတော်လှန်ရေးလမ်းကြောင်းပါပဲ။

နွေဦးတော်လှန်ရေးကို သုံးသပ်မယ်ဆိုရင် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးက ပေးထားတဲ့ သင်ခန်းစာတွေကို ကျော်လွှားသွားလို့ မဖြစ်ပါဘူး။ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး အဆုံးသတ်အောင်ပွဲမရခဲ့တဲ့ အရေးကြီး တဲ့အားနည်းချက်တခုကတော့ တော်လှန်ရေးကို စမတ်ကျကျဉီးဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်မှုအခန်း (Smart Leader- ship) ကို မတည်ဆောက်နိုင်ခဲ့လို့ပါပဲ။ အဲဒါကြောင့်လည်း ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး အနှစ် (၂၀) ကျော်ကြာ လာတဲ့အခါမှာ ပါတီစုံလွှတ်တော်နိုင်ငံရေးလမ်းကြောင်းနဲ့ စစ်အာ ဏာရှင်စနစ် ဆက်လက် သက်ဆိုးရှည်ခွင့် ရသွားခဲ့ပါ တယ်။ (ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးဟာ အဆုံးသတ်အောင်ပွဲ မရပေမဲ့ လူထုတိုက်ပွဲရလာဒ်ကြောင့် နက်ရှိုင်းတဲ့ နိုင်ငံရေးအကျိုးဆက်တွေ ရရှိခဲ့ပါတယ်၊ အခု ဆွေးနွေးမယ့်အကြောင်းအရာအတွက် အထူးပြုပြောနေဖို့ မလိုအပ်ဘူး ယူဆလို့ အဲဒီ့အကျိုးဆက်တွေအကြောင်း ချန်ထားခဲ့ပါမယ်။)

ရှစ်ဆယ့်ရှစ် သင်ခန်းစာကိုယူပြီး ဒီနေ့ နွေဦးတော်လှန်ရေးလမ်းကြောင်းကို ပြန်ကြည့်တဲ့ခါ နွေဦးတော်လှန်ရေး ရဲ့ခေါင်းဆောင်မှုအခန်းနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့လိုလာပါတယ်။

ဒီနေ့ဟာ နွေဦးတော်လှန်ရေးရဲ့ခေါင်းဆောင်မှုအခန်းမှာ ပါဝင်နေတဲ့၊ အရေးကြီးတဲ့အဖွဲ့အစည်းတွေထဲကတခု ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့အနေအထားကို မဖြစ်မနေ ဆန်းစစ်ဖို့၊ ဆွေးနွေးဖို့ လိုလာတဲ့အခြေအနေ ဖြစ်လာပါတယ်။ ဆန်းစစ်ဆွေးနွေးတဲ့အခါမှာလည်း အဓိကလိုအပ်တဲ့အချက်တွေကိုပဲ ထုတ်နုတ် ဆန်းစစ်ပါမယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို ဆန်းစစ်ခြင်း

၁။ NLD ဟာ နိုင်ငံရေးပါတီတရပ်အနေနဲ့ လက်နက်ကိုင်တိုက်ပွဲနိုင်ငံရေးလမ်းကြောင်းနဲ့သွားဖို့ လုံးဝအစီ အစဉ်မရှိတဲ့၊ ဘယ်တုန်းကမှ စဉ်းစားချက်မရှိတဲ့ နိုင်ငံရေးပါတီအမျိုးအစားပါ။ နိုင်ငံရေးအသုံးနဲ့ အတိအကျပြောရရင်

ပါတီရဲ့နိုင်ငံရေးတွေးခေါ်မြှော်မြင်မှုသဘောတရား(Political Philosophy)ကိုက အကြမ်းဖက်တော်လှန်ရေး နည်းလမ်း(Violent Means)ကို လက်မခံပါဘူး။ (အကြမ်းဖက်ပါတိုင်း Terrorism မဟုတ်ပါ။ နိုင်ငံရေးအသုံး အနှုန်းအရ လက်နက်ကိုင်တော်လှန်ရေးသာဖြစ်ပါတယ်။) NLD ပါတီရဲ့အဓိကနိုင်ငံရေးနည်းလမ်းက အကြမ်း ဖက်တော်လှန် ရေးနည်းလမ်း(Violent Means)မဟုတ်ဘူးဆိုတော့၊ အကြမ်းမဖက်နည်းလမ်း(Non-violent means)လားဆိုတော့ လည်း အဲသလိုပြောဖို့တောင် ခက်ပါတယ်။ တကယ်တော့ NLD ပါတီရဲ့ နိုင်ငံရေးနည်းလမ်းဆိုတာ တည်ဆဲဉပဒေတခုထဲကနေ လွှတ်တော်နိုင်ငံရေးလမ်းကြောင်းနဲ့ တစတစ ပြုပြင်ပြောင်းလဲရေး နည်းလမ်း(Evolutionary Political Reform through Parliamentary System)ပါ။ (ခေတ်သစ်ကမ္ဘာမှာ အရက်စက်အကြမ်းကြုတ်ဆုံး စံချိန် တင်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်အောက်မှာ ဒီနည်းလမ်းကတော့ လက်တွေ့နဲ့ အလွန် ကင်းကွာပြီး စိတ်ကူးယဉ် ဆန်လွန်းနေပါတယ်၊ ဟစ်တလာကို လက်အုပ်ချီပြီး လက်နက်ချဖို့ သွားလျှောက်သလို ဖြစ်နေတာပါ။ ဒီအချက်ကို ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းမှုနဲ့ ရက်စက်ကြမ်း ကြုတ် သတ်ဖြတ်မှုတွေက သက်သေပြခဲ့၊ သက်သေပြနေဆဲပါ။)

ဒီနံပတ် (၁) အချက်နဲ့ပတ်သက်ပြီး အရေးကြီးလို့ နည်းနည်းထပ်ဆွေးနွေးပါရစေ။

အဆုံးအဖြတ်ကိစ္စတွေဖြစ်ပေါ်လာတဲ့အခါ ဘယ်သူက ဘယ်လိုဖြစ်လို့၊ ဘယ်လိုအကြောင်းတွေက ဘယ်လိုဖြစ်လို့ ….. ဆိုတာတွေထက် ပါတီရဲ့နိုင်ငံရေးလမ်းကြောင်းကို အဓိကဆုံးဖြတ်တာက အဲဒီ့ပါတီက ကိုင်စွဲတဲ့ နိုင် ငံရေးတွေးခေါ်မြှော်ြမင်မှုသဘောတရားကသာ အဆုံးအဖြတ်ပြုတဲ့အရင်းခံအကြောင်းဖြစ်ပါတယ်။ ဒါကြောင့် NLD ပါတီရဲ့အ‌ရေးကြီးတဲ့အဆုံးအဖြတ်တွေကို ဖြစ်ပေါ်စေတဲ့အရင်းခံအကြောင်းက စစ်အာဏာရှင် စနစ်ကို ပါလီမန် ဒီမိုကရေစီနည်းနဲ့ တစတစပြုပြင်ပြောင်းလဲရေးဆိုတဲ့ ပါတီရဲ့နိုင်ငံရေးလမ်းစဉ်ကိုင်စွဲမှုပဲ ဖြစ်ပါတယ်။ (လူပုဂ္ဂိုလ်တွေကြားအဆင်မပြေတာတွေ၊ တခြားအခြေအနေအကြောင်းပြချက်တွေဆိုတာ လက် အောက်ခံအကြောင်းတွေ မျှသာ ဖြစ်ပါတယ်။)

၂။ NLD ဟာ ပါတီ စတင်ဖွဲ့စည်းခဲ့စဉ်ကတည်းက လက်နက်ကိုင်တိုက်ပွဲမှမဟုတ် မြေပြင်သပိတ်တိုက်ပွဲဆိုတာ မှာတောင် ပါတီအနေနဲ့ ဘယ်တုန်းကမှ မပါဝင်ခဲ့ဖူးပါဘူး။ ပါတီဝင်တွေအနေနဲ့ မိမိသဘောဆန္ဒအလျောက် ပါ ဝင် ကြတာတော့ တလျှောက်လုံး ရှိခဲ့ပါတယ်။ ဒီအချက်ဟာလည်း နံပတ်(၁)အချက်ရဲ့အဆက်ပဲဖြစ်ပါတယ်။

၃။ ပါတီထူထောင်ပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်နဲ့ NLD ဟာ လူထုထောက်ခံမှု အများဆုံး ရထားတဲ့ပါတီတရပ်ဖြစ်ခဲ့ပါတယ်။ လူထုထောက်ခံမှု အများဆုံးရတယ်ဆိုတဲ့အချက်နဲ့တွဲပြီးတော့ ပါတီကြီး စိတ်နေစိတ် ထားတွေ၊ စဉ်းစားကြည့်မြင်ပုံတွေ၊ မာန်မာနတွေ တပါတည်း ဖြစ်တည်လာခဲ့ပါတယ်။

၄။ အခုဖေါ်ပြခဲ့တဲ့အကြောင်းအချက်တွေရှိနေတဲ့ NLD ပါတီဟာ နွေဦးတော်လှန်ရေးရဲ့ရေစီးကြောင်း အရှိန် အဟုန်ကြောင့် နွေဦးတော်လှန်ရေးထဲမှာ ပါဝင်လာခဲ့ရပါတယ်။ ပါဝင်လာခဲ့ရတယ်ဆိုတာကိုလည်း နည်းနည်း တိတိကျကျ ခွဲခြမ်းစိတ်ဖြာပြောဖို့ လိုပါမယ်။ NLD ပါတီ ပါဝင်မှုနဲ့ပတ်သက်ပြီး အဓိက အချက် (၃) ချက် တွေ့ရ ပါတယ်။

၁) နိုင်ငံရေးကြွေးကြော်သံဆိုင်ရာ

NLD ဟာ နွေဦးတော်လှန်ရေးအစပိုင်းမှာ စု၊ ရွေး၊ လွှတ်ဆိုတဲ့ နိုင်ငံရေးကြွေးကြော်သံကို ကိုင်စွဲခဲ့ ပါတယ်။ နောက်ပိုင်း နွေဦးတော်လှန်ရေးဟာ ပြည်သူ့ခုခံစစ်နဲ့အတူ စစ်အာဏာရှင်စနစ် အမြစ် ပြတ်ချေမှုန်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးဆိုတဲ့ လူထုကြွေးကြော်သံ အရှိန်မြင့် လာတဲ့အခါမှာ စု၊ ရွေး၊ လွှတ် ကြွေး ကြော်သံဟာ ပျောက်သလောက် ဖြစ်သွားခဲ့ရပါတယ်။

၂) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာ

အစိတ်သားပါတီစုံလွှတ်တော်ထဲက နိုင်ငံရေးပါတီလည်းဖြစ်၊ ပါတီခေါင်းဆောင်မှုရဲ့ စစ်အာဏာ ရှင်စနစ်အပေါ် သိမြင်နားလည်ပုံကလည်း မလုံလောက်၊ အဲဒါရဲ့အကျိုးဆက်အဖြစ် စစ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ သတိမပြတ်ကြိုတင်ပြင်ဆင်ထားမှုလည်း ဘာမှရှိမထားတဲ့အတွက် စစ်အာဏာသိမ်းလိုက်တဲ့အခါမှာ တည်ရှိနေတဲ့ ဖွဲ့စည်းပုံဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေ ဘောင်ထဲက အလုပ်တွေပဲ စဉ်းစားတတ်၊ လုပ်တတ်တာကြောင့် နွေဦးတော်လှန်ရေးထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအောက်က အလုပ်တွေပဲ လိုက်လုပ်နေမိပါတယ်။ နွေဦးတော်လှန်ရေး ရဲ့ အရှိန်အဟုန် မြင့်လွန်းလာတဲ့အခါကျမှသာ ပါတီဝင်အများစုပါဝင်တဲ့ CRPH က ၂၀၀၈ ဖွဲ့စည်းပုံဖျက် သိမ်းကြောင်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က လွတ်ကင်းတဲ့ လုပ်ဆောင်ချက်တချို့ လုပ်ဆောင် လာပါတယ်။

၃) ပါတီတွင်း လိုင်း(၃)လိုင်း

စစ်အာဏာသိမ်းလိုက်တာနဲ့တပြိုက်နက် NLD ပါတီတွင်းမှာ လိုင်း(၃)လိုင်း ပေါ်လာပါတယ်။ အဲဒီ့လိုင်း(၃) လိုင်းကို အကြမ်းဖျင်းပြောရရင် အမာလိုင်း၊ အပျော့လိုင်း နဲ့ အချောင်သမားလိုင်း လို့ ပြောနိုင်ပါတယ်။

အမာလိုင်းသမားတွေက နွေဉီးတော်လှန်ရေးလမ်းကြောင်းနဲ့အတူ လိုက်ပါလျှောက်လှမ်းပါ တယ်။

အပျော့လိုင်းသမားတွေက နွေဉီးတော်လှန်ရေးလမ်းကြောင်းနဲ့လည်း အတူမလိုက်ပါ၊ အခြေ အနေစောင့်ကြည့်တာပဲ လုပ်နေခဲ့ကြပါတယ်။

အချောင်သမားလိုင်းကတော့ NLD ခေတ်ကောင်းတုန်း အခွင့်အရေးယူဖို့ ပါဝင်လာတာကြောင့် စစ်အာဏာ သိမ်းပြီဆိုတာနဲ့ အနှေးအမြန်၊ အလုအယက်၊ တိုးတိုးတိတ်တိတ် NLD အရေခွံ ချွတ် ပစ်ကြပါတယ်။

ဒီနေ့ နွေဦးတော်လှန်ရေး တနှစ်ကျော်ကြာလာပြီးတဲ့အခါမှာတော့ အပျော့လိုင်းသမားတွေ သတိပြန်လည်လာတာ ကို တွေ့ရပါတယ်။ အဲဒါကတော့ NLD ပါတီရဲ့ တစတစ ပြုပြင်ပြောင်းလဲရေးနိုင်ငံရေးအတွေးအခေါ် နလံပြန်ထလာတာပါပဲ အခုအချိန်မှာ ဒီလို နလံပြန်ထလာရတဲ့အကြောင်းတွေလည်း ရှိပါတယ်၊ နိုင်ငံတကာအသိုင်း အဝိုင်းရဲ့ မြန်မာနိုင်ငံအရေး အပေါ်သဘောထားနဲ့ဆောင်ရွက်မှု၊ စစ်အုပ်စုရဲ့ နိုင်ငံရေးအခင်းအကျင်း ကစားမှု၊ ပါတီရဲ့အရင်းခံနိုင်ငံရေးအတွေးအခေါ် … စတာ စတာတွေနဲ့ အကြောင်းစုံ ဆက်စပ်နေပါတယ်။

NLD ပါတီရဲ့ တစတစပြုပြင်ပြောင်းလဲရေးနိုင်ငံရေးလမ်းကြောင်း ပြန်လည်ခေါင်းထောင်ထလာတာကို လက် တွေ့ ဖေါ်ပြချက်တွေအနေနဲ့ ထုတ်ပြရရင် -

၁။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ နေ့စွဲနဲ့ NLD ဗဟိုသုတေသနလုပ်ငန်းကော်မတီရဲ့ “အမျိုးသား ညီ ညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ အခန်းကဏ္ဍ” စာတမ်း ပေါ် ထွက် လာခြင်း၊

၂။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)မှ NLD နုတ်ထွက်ခြင်း၊

၃။ စု၊ ရွေး၊ လွှတ် နိုင်ငံရေးကြွေးကြော်သံကို ပြန်လည်ဖေါ်ထုတ်လာခြင်း၊

ဆိုပြီး အဓိကအားဖြင့် ဖေါ်ပြချက်(၃)ချက် တွေ့ရပါတယ်။

တော်လှန်ရေးလုပ်နေကြတဲ့အခါ မတူတဲ့အင်အားစုတွေကြားဖြစ်စေ၊ လူပုဂ္ဂိုလ်တွေကြားဖြစ်စေ အမြဲတစေ သတိ ကြီးကြီးထားပြီး ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရမယ့်ကိစ္စရှိပါတယ်၊ အဲဒါကတော့ မတူတဲ့အမြင်အယူအဆ၊ နိုင်ငံရေးလမ်းစဉ်တွေ ပေါ်လာတဲ့အခါ ရပ်တည်မှု မတူတာလား၊ နည်းနာကွဲတာလား ဆိုတာ သုံးသပ်တာပါဘဲ။

ဒီနေရာမှာ အရေးကြီးဆုံး ထပ်သတိထားရမယ့်အချက်က အချိန်ကာလတခုအတွင်းမှာ ရပ်တည်မှု ကွဲတာလား၊ နည်းနာကွဲတာလားဆိုတာ မသဲမကွဲဖြစ်နေတတ်ပါတယ်။ အဲဒီ့အခါ အနာဂတ်မှာ ဖြစ်လာနိုင်ခြေကို ခန့်မှန်းတာလည်း လိုအပ်သလို၊ မတူတဲ့အမြင်အယူအဆတွေ၊ နိုင်ငံရေးလမ်းစဉ်တွေကို သဘောထားတဲ့အခါမှာ လက်ရှိပစ္စက္ခမှာ ရှိတဲ့ အခိုင် အမာ ဖေါ်ပြချက်တွေအပေါ်မှာပဲ သဘောထားဆုံးဖြတ်ဖို့လိုပါတယ်။ အဲဒီ့သဘောထားဆုံးဖြတ်ချက်နောက်မှာမှ အနာဂတ် မှာဖြစ်လာနိုင်ခြေတွေအတွက်လည်း တော်လှန်ရေးအင်အားစုအသီးသီးက ပြင်ဆင်ထားဖို့လိုပါတယ်။

အဲဒါကြောင့် NLD ပါတီ ရဲ့ လက်ရှိပစ္စက္ခမှာရှိနေတဲ့အခိုင်အမာဖော်ပြချက်တွေကို သတ္တုချကြည့်ရင် အခုလို တွေ့ရ ပါတယ်။

၁။ အဖွဲ့အစည်းသဘောအရ NLD ပါတီဟာ ကိုယ့်တပါတီတည်းရပ်တည်မယ်။

၂။ ကျန်အဖွဲ့အစည်းများနဲ့ မဟာမိတ်သဘောဆက်ဆံရေးသာလုပ်မယ်။

၃။ နွေဦးတော်လှန်ရေးနဲ့အတူ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းမှာ ပါဝင်ပြီးဖြစ်နေတဲ့ ပါတီဝင်တွေကို ပါဝင်နေတဲ့အဖွဲ့အစည်းများ(NUCC, CRPH, NUG)မှာ ဆက်လက်ထားရှိမယ်။

၄။ ပါတီရဲ့ကိုယ်ပိုင်နိုင်ငံရေးလမ်းစဉ်အဖြစ် စု၊ ရွေး၊ လွှတ်ကို ကိုင်စွဲမယ်။

အခု အခိုင်အမာဖော်ပြချက်တွေအရဆိုရင် NLD ပါတီဟာ နွေဉီးတော်လှန်ရေးလမ်းကြောင်းမှာ ရန်သူနဲ့လည်း ပေါင်းတာမဟုတ်၊ တော်လှန်ရေးအင်အားစုတွေနဲ့လည်း တသားတည်းမလုပ်၊ မီးစင်ကြည့် ကဉီးမယ်ဆိုတဲ့သဘောတွေ့နေ ရပါတယ်။

နွေဦးတော်လှန်ရေးရဲ့ခေါင်းဆောင်မှုအခန်းမှာရှိနေတဲ့အဖွဲ့အစည်းတွေဆိုတာ မီးစင်ကြည့်ကလို့မရ၊ ပြတ်ပြတ် သားသား ဆုံးဖြတ်လုပ်ကိုင်ရမှာြဖစ်ပါတယ်။ မီးစင်ကြည့် ကသလိုလုပ်နေရင် နွေဉီးတော်လှန်ရေးကို အနည်းနဲ့အများ ထိခိုက်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ။ ငါတို့က မီးစင်ကြည့်ကတာမဟုတ်၊ ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင်တာ ဆိုရင်လည်း နွေဦးတော်လှန်ရေးရဲ့ဉီးဆောင်မှုအခန်းမှာ ရောက်ရှိနေတဲ့ ပါတီအဖွဲ့အစည်းတရပ်ဖြစ်တဲ့ NLD ပါတီအနေနဲ့ (လုံခြုံရေးလိုအပ်ချက်အရ မပြောရတဲ့အချက်ကလွဲရင်) ဒီနွေဦးတော်လှန်ရေးကိုအောင်မြင်အောင်ဆင်နွှဲမယ့် ပါတီရဲ့နိုင်ငံ ရေးရည်မှန်းချက်၊ ပါတီရဲ့နိုင်ငံရေးလမ်းစဉ်တွေအကြောင်း ပြည်သူ လူထုကိုရှင်းရှင်းလင်းလင်းအသိပေးထားဖို့ လိုအပ်ပါတယ်။ ရှင်းရှင်းလင်းလင်းသိမှသာ ပြည်သူလူထုက ဘယ် လိုလိုက်ပါရမလဲဆိုတာ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ။

အောင်သစ်

၂.၆.၂၀၂၂

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar