Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂ မြင်ကွင်း



မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂ မြင်ကွင်း

(မိုးမခ) ဇွန် ၃၊ ၂၀၂၂

ကျောင်းဖွင့်ချိန်နဲ့ အငြင်းအခုန်များ - အကျိုးရှိ အကြောင်းရှိ အကန့်အသတ်ရှိကြဖို့

ဇွန်လ အခြေခံပညာကျောင်းများ ဖွင့်လှစ်ဖို့ စစ်ကောင်စီကော အင်န်ယူဂျီထောက်ခံသူများ ကပါ ကြိုးစားနေကြချိန်ဖြစ်ပါတယ်။ စစ်ကောင်စီကျောင်းပညာရေး တက်သင့် မတက်သင့် အငြင်းပွားကြတာကို ဆိုရှယ်မီဒီယာများမှာ တွေ့ရပါတယ်။ အင်န်ယူဂျီကတော့ CDM အာဏာဖီဆန်ရေးရပ်တည်ချက်က ရပ်ခံပြီး ပြည်သူတွေက စစ်ကောင်စီကျောင်းပညာရေးကို အလုံးစုံ ဆန့်ကျင့်ဖို့ တိုက်တွန်းပါတယ်။ Non-CDM တွေအဖြစ် စစ်ကောင်စီပညာရေးဝန်ထမ်းတွေကို အရေးယူဖို့ ရှုတ်ချဖို့ကို ထုတ်ပြန်တာတွေ လုပ်ပါတယ်။ စစ်ကောင်စီပညာရေးကို တက်ရောက်မယ့် မိဘနဲ့ ကျောင်းသားတွေကို တိုက်ရိုက် ဝေဖန်တာတော့ မလုပ်ပါဘူး။ သို့သော် နွေဦးတော်လှန်ရေးဘက်က ပရိသတ်တွေကြားထဲမှာတော့ စကစ ပညာရေး တက်သင့် မတက်သင့် ပြင်းပြင်းထန်ထန် ငြင်းခုန်ကြပါတယ်။

ယခင်တပတ်မှာ ရန်ကုန်မြို့ ဘတ်စကားကဂိတ်မှာ ဗုံးပေါက်ကွဲ လူသေကြေပြီးတဲ့နောက် ကျောင်းတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် စိုးရိမ်ကြောင်း ပြောလာကြတယ်။ UNICEF က ကလေးသူငယ်များ ပညာရေး ပညာသင်ကြားခွင့်ကို ဘယ်နည်းနဲ့မှ ပိတ်ပင်ခြင်း မပြုရဆိုတဲ့ သဘောထားမျိုး ထုတ်ပြန်ထားပါတယ်။ အသေးစိတ် ဖော်ပြချက်ကို ကောက်ပြရရင် -

“ … ရန်ကုန်မြို့၊ ၂၇ ရက် မေလ ၂၀၂၂ ခုနှစ် – မြန်မာနိုင်ငံ၏ ပညာသင်နှစ် စတင်လေ့ရှိသည့် ဇွန်လသို့ ရောက်ရှိခါနီးအချိန်တွင် နိုင်ငံတဝှမ်းရှိ သန်းပေါင်းများစွာသော ကလေးငယ်များနှင့် လူငယ်များသည် မည်သည့်အချိန်တွင် မည်သို့ ဆက်လက်လေ့လာသင်ယူကြရမည်နှင့်ပတ်သက်၍ မရေရာမှုများနှင့် ရင်ဆိုင်နေကြရပါသည်။

မြန်မာနိုင်ငံရှိ ကလေးငယ်နှင့်လူငယ်ဦးရေ ၁၂ သန်းနီးပါးခန့်၏ လေ့လာသင်ယူမှုမှာ COVID-19 နှင့် လက်ရှိလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကြောင့် နှောင့်‌နှေးပြတ်တောက်နေရပါသည်။

မြန်မာနိုင်ငံရှိ ကလေးသူငယ်များအားလုံးသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၊ မြန်မာ့ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် အမျိုးသားပညာရေးဥပဒေများတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပညာသင်ယူခွင့်ရှိပါသည်။

ဤအခွင့်အရေးကို အကောင်အထည်ဖော်နိုင်ရန်အလို့ငှာ အရည်အသွေးမီသော လေ့လာသင်ယူမှု ရွေးချယ်စရာများ လက်လှမ်းမီရရှိနိုင်ခွင့်ကို အလျင်အမြန် မြှင့်တင်ရန် လိုအပ်ပါသည်။ လွယ်ကူချောမွေ့စွာ လေ့လာသင်ယူနိုင်ရေးအတွက် ကလေးများ၊ ၎င်းတို့၏မိဘများနှင့် သင်ကြားပေးသူများ၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်ပေးရပါမည်။ သင်ကြားပေးသူတို့တွင် ဆရာ / ဆရာမ များ၊ လုပ်အားပေးစေတနာ့၀န်ထမ်း ဆရာ / ဆရာမ များ၊ သင်ယူလေ့လာမှုဆိုင်ရာ ပံ့ပိုးကူညီသူများနှင့် ပညာရေးတာဝန်ရှိသူများ အားလုံးပါဝင်ပါသည်။ သင်ယူလေ့လာမှု အထောက်အကူပြုပစ္စည်းများ အပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီအားလုံးကို ဘေးအန္တရာယ်ကင်းစွာဖြင့် အတားအဆီးမရှိ ပေးပို့နိုင်ရေးအတွက် တာဝန်ယူရန်လိုအပ်ပါသည်။ … ”
ဒီရက်ပိုင်းမှာတော့ အင်န်ယူဂျီအစိုးရက ကျောင်းနဲ့ ဝန်းကျင်မှာ အကြမ်းဖက်မှုတွေ ဖြစ်လာရင် စစ်ကောင်စီမှာ တာဝန်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက ဖွင့်လှစ်သည့်ကျောင်းများကို မလွဲမရှောင်သာ တက်ရောက်ကြရမည့် ကျောင်းသား၊ကျောင်းသူများ၏ လုံခြုံရေးအတွက် အကြမ်းဖက်စစ်အုပ်စုတွင် အပြည့်အဝ တာဝန်ရှိကြောင်း NUG က ယနေ့ ထုတ်ပြန်သည်လို့ သတင်းမှာ ရေးထားပါတယ်။

ကျောင်းပညာသင်ကြားခွင့်နဲ့ ပတ်သက်ပြီး မြန်မာပြည်တွင်းက မိုးမခမိတ်ဆွေတဦး ဆိုရှယ်မီဒီယာမှာ သဘောထားအမြင်ရေးသားထားတာကို အပြည့်အစုံ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ သူက သည်လို ရေးသားထားပါတယ်။

“ … ငွေကြေးတတ်နိုင်သူ(စစ်တပ်အရာရှိကြီးတွေအပါအဝင်)သားသမီးတွေကနိုင်ငံတကာကျောင်းတွေတက်၊ ပုဂ္ဂလိကကျောင်းတွေတက်။ အစိမ်းတွေ စစ်တပ်အသိုင်းအဝိုင်းတွေက မူလအစိုးရကျောင်းတက်၊ ရှင်းရှင်းလင်းလင်းရှိတယ်၊ ကျန်တဲ့အသိုင်းအဝိုင်းမှာ ကျောင်းတက်ရေး မတက်ရေးကပြဿနာဖြစ်နေပါတယ်၊ အဲဒါကိုတွေးမိတာပြောပါရစေ၊

အထက်တန်းနဲ့တက္ကသိုလ်အဆင့်ကျောင်းသားတွေ ကျောင်းတက်မတက်ကိုမပြောလိုပါဘူး၊ အဓိကက မူလတန်း၊အလယ်တန်းကလေးတွေအတွက်စဉ်းစားမိတာပါ၊

onlineပညာရေးဆိုတာလည်း လျှပ်စစ်မီး အင်တာနက် ကွန်ပျူတာ စတာတွေပြည့်စုံမှပါ၊ အဆင်မပြေတဲ့ဘဝတွေက ဖုန်းဘေလ်ဖိုး တောင်ခက်ခဲနေတဲ့စီးပွားရေးအ‌ခြေအနေပါ။ပြီး‌တော့ ကလေးဆိုတာ online ပညာရေးတခုတည်းနဲ့မဖြစ်နိုင်ပါဘူး ကလေးဘဝ‌ပတ်ဝန်းကျင်ဆက်ဆံနေထိုင်ရေးလည်းလိုပါတယ်၊ screen ပေါ်အချိန်ကုန်နေတဲ့ကလေးတွေရဲ့စိတ်အနေအထားနဲ့ပတ်သက်လို့ပညာရှင်‌တွေပြောဆိုဆွေးနွေးတာတွေလည်းတွေ့နေရပါတယ်။

တချို့က ၁၉၈၈ အရေးတော်ပုံ ပြီးတော့လည်းကျောင်းတွေနှစ်နဲ့ချီပိတ်ထားလို့ ကလေးတွေကျောင်းမတက်ရပဲ အသက်ကြီးသွားတဲ့အကြောင်းနဲ့ နှိုင်းယဉ်ပြီး အခုလည်းမတက်လို့ရတာပဲ မထူးဘူးလိုလိုပြောကြတယ်။ တကယ်တော့ အဲဒီအချိန်က ကျောင်းပိတ်ထားလို့ အားလုံးကျောင်းမတက်ရတာပါ၊ အခုက အပေါ်မှာရေးခဲ့သလို ကျောင်းတက်တဲ့ကလေးက တက်နေတာပါ၊ အရွယ်‌ရောက်နေတဲ့ကလေးတွေက သဘောပေါက်ပေမယ့် ငယ်သေးတဲ့ကလေးတွေမှာ စိတ်ဒဏ်ရာရနိုင်ပါတယ်၊

နောက် စီးပွားရေးအဆင်မပြေတဲ့မိဘတွေက စားဝတ်နေရေးအတွက်ရုန်းကန်နေရတာပါ၊ အဲဒီအချိန်မှာ ကလေးတွေကကျောင်းမတက်ရင် ဘယ်သူမှကလေးဘဝကိုပျိုးထောင်ပေးမှာမဟုတ်ပါဘူး၊

အဲဒီမှာပြောကြပါတယ်၊ စစ်ပြေးနေရတဲ့ကလေးတွေကိုအားနာဖို့၊ ကျဆုံးသွားတဲ့ ကျောင်းသူ ကျောင်းသားဆရာ ဆရာမတွေကိုထောက်ထားဖို့၊

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတာ စိန်ရတုတောင်ပြည့်တော့မှာပါ၊ ၁၉၇၀ ဝန်းကျင်တွေမှာ မြစ်ဝကျွန်းပေါ်တို့ ပဲခူးရိုးမတို့မှာ ဖြတ်လေးဖြတ်လုပ်နေတဲ့အချိန် မြို့ပေါ်ကကျွန်တော်တို့ခေတ်ပြိုင်အရွယ်တန်းတွေ ကျောင်းတက်မပျက်ခဲ့ပါဘူး။ ပြည်နယ်တွေ နယ်စပ်ဒေသတွေရဲ့အခြေအနေဆိုတာတွေကတော့ အခုအားလုံးသိပြီးနေကြပါပြီ၊

တချို့ စစ်ဘေးရှောင်ဒေသတွေမှာကျောင်းတွေဖွင့်ပြီး ကလေးတွေစာသင်ပါတယ်၊ တချို့လွတ်မြောက်ဒေသတွေမှာ ကျောင်းပြီးလို့အောင်လက်မှတ်တွေအခမ်းအနားနဲ့ပေးနေတာတွေ့လည်းကြားသိနေကြမှာပါ။

အခုဆိုရင်စစ်တပ်ဩဇာမသက်ရောက်တော့တဲ့ စစ်ကိုင်းကကောလင်းလိုမျိုးနေရာမှာ ကျောင်းတရာကျော်ဖွင့်ကြတဲ့သတင်းလည်းတွေ့ရပါတယ်။

(၁၉၆၂ခုနှစ် ဇူလိုင် ၇ ရက်အရေးအခင်းဖြစ်ပြီးကျောင်းသားတွေသွေးမြေကျတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒေလီတက္ကသိုလ် လေဒီရှယ်ရီရမ်ကောလိပ်မှာကျောင်းတက်နေပါတယ်၊ ၁၉၇၉ ခုနှစ်မှာ ကချင်တော်လှန်ရေးပြင်းထန်နေချိန်မှာ ဗိုလ်ချုပ်ဂွမ်မော်ဟာ မြစ်ကြီးနားဒေသကောလိပ်မှာကျောင်းတက်နေပါတယ်၊)

နောက်အခုသင်မယ့်ပညာရေးက ဘာပညာတွေ ညာပညာတွေပဲ ရမှာလို့ပြောကြတယ်၊

ကိုလိုနီခေတ်တက္ကသိုလ်ကပဲ ပထမကျောင်းသားသပိတ်၊ ဒုတိယကျောင်းသားသပိတ်နဲ့ တကသ၊ဗကသတွေ ပေါ်ပေါက်ခဲ့တာပါ။

မဆလ‌ခေတ်တေဇလူငယ်၊ရှေ့တောင်လူငယ်၊လမ်းစဉ်လူငယ်ဆိုတာတွေတွေ့ကြုံကြရင်း၊ မဆလနိုင်ငံရေးသိပ္ပံကို တက္ကသိုလ်မှာမသင်မနေရသင်ကြရရင်း ၈၈ အရေးအခင်းဖြစ်ခဲ့တာပါ၊

အခုဂျန်ဇက်,(Gen Z)ဆိုတာ နဝတ နအဖ ခေတ်မှာမွေးပြီး လက်အုပ်ချီပညာရေးနဲ့ကြီးပြင်းခဲ့ရတာပါ၊ ဂျင်းစားဖူးသူက ဂျင်းကောင်းမကောင်းပိုသိပါတယ်။

တချို့တွေးနေကြတာက အဲ့လိုဆိုရင် အခြေအနေတည်ငြိမ်သွားပြီလိုဖြစ်နေမယ် မေ့ကုန်မယ် အုပ်ချုပ်၍မရဆိုတာမဟုတ်တော့ဘူးဖြစ်သွားမယ် စတာတွေပါ၊ တကယ်တော့ အရေးအကြီးဆုံးက တကယ်ရှိနေတဲ့ အစစ်အမှန်အခြေအနေပါ၊ အဓိကစီးပွားရေးကိုကြည့်ပါ၊ စက်မှုဇုံတွေ၊ ကုန်သွယ်မှု၊ ငွေကြေးဈေးကွက်၊ လမ်းပန်းဆက်သွယ်ရေး၊ဆောက်လုပ်ရေး၊ စီမံကိန်းတွေ(ဂျပန်ကြီး ပျာယာပျာယာနဲ့ ဟိုသွားဒီသွားဖြစ်နေတာ အဲတာပဲ) ... 

အင်ဂျင်မကောင်းတာကို ပလပ်ပဲလဲလဲ ဘက်ထရီပဲလဲလဲ တာယာပဲလဲလဲ ကားကသွားလို့ရမှာမဟုတ်ပါဘူး၊ ကျွန်တော်ကတော့ ပညာရေးနဲ့ကျန်းမာရေးကို သီးခြားစဉ်းစားဖို့လိုမယ်ထင်တယ်။

အဲဒါကြောင့် ကလေးတွေကျောင်းတက် မတက်ကို မိသားစုဘဝအရ ဆုံးဖြတ်တာကောင်းမယ်လို့ထင်ပါတယ်၊

တခုပဲ ကျောင်းတက်တဲ့ ကလေးနဲ့ မိဘ အန္တရာယ်ကင်းဖို့ပါ(ကလေးအချင်းချင်းကနေ တချို့ကိစ္စတွေသိသွားနိုင်တာမျိုး)။

အခုလို တက်ရေး မတက်ရေးမှာ နားလည်မှုမပေးနိုင်တာ မလိုအပ်တဲ့ပြဿနာပါ၊ အင်အားပြိုကွဲစေတယ်လို့ထင်ပါတယ်။ ကျွန်တော်ကတော့ တချို့ဟာတွေက psywar လို့တောင်ထင်ပါတယ်။

ကျေးဇူးတင်ပါတယ်။ ပန်းတိုင်းပွင့်ပါစေ။

စာကြွင်း - ERO နယ်မြေ‌တွေ၊ ကောလင်းလိုနေရာတွေ မဟုတ်ပဲ စစ်တပ်အုပ်ချုပ်ခံနယ်မြေမှာမွေးဖွားလာခဲ့တဲ့ကလေးတွေကို ကျိန်စာမိခံရတဲ့ဘဝလိုမဖြစ်စေချင်ပါ။

ဘာလုပ်လုပ် "အကြောင်းရှိ အကျိုးရှိ အကန့်အသတ်ရှိ" ရမယ်လို့သင်ကြားဖူးပါတယ်။ ..."

ကျောင်းပညာရေးကို လူတိုင်း လွတ်လပ်စွာ သင်ယူခွင့် ရှိဖို့ စဉ်းစားစရာ အချက်တွေအဖြစ် တင်ပြလိုက်ရပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar