Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၈ မြင်ကွင်း


မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၈ မြင်ကွင်း

(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂


ရက်စက်စွာ သတ်ဖြတ်ခြင်းနဲ့ ဆိုရှယ်မီဒီယာခေတ်ရဲ့ သက်ရောက်မှု

မကွေးတိုင်းကလို့ ကနဦးမှတ်ယူရတဲ့ အမျိုးသမီးတဦးကို သတ်ဖြတ်တဲ့ ဗီဒီယိုဖိုင် တဖိုင် ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ နိုင်ငံရေးအရ သတ်ဖြတ်မှုလို့ ယူဆရပါတယ်။ လတ်တလောမှာတော့ ဘယ်ဘက်အုပ်စုက ကျူးလွန်သလဲဆိုတာ တိတိပပပြောဖို့ အချက်အလက်အထောက်အထား ဒီအဖြစ်အပျက်ကို သိရှိသူတွေ အခြားဆက်စပ်အချက်အလက် အထောက်အထားတွေ မစုံလင်သေးတာကြောင့် ဘယ်ဘက်က ကျူးလွန်တာလဲ တာဝန်ခံရမယ့် အဖွဲ့ ၊ လူပုဂ္ဂိုလ်တွေက ဘယ်သူတွေလည်း ဆိုတာ ရှင်းရှင်းလင်းလင်း မဖြစ်နိုင်သေးပါဘူး။ 

သို့ပေမဲ့ ဒီဗီဒီယိုထဲမှာ အမျိုးသမီးတဦးကို ရက်စက်စွာ ခေါင်းဖြတ်သတ်ဖြတ်တဲ့ အဖြစ်ကို အနီးကပ် ရိုက်ယူထားပြီး အသံတွေ ရှင်းရှင်းလင်းလင်း သဲသဲကွဲကွဲ ကြားကြရတဲ့ အဖြစ်က ကြည့်ရှုသူတွေကို တော်တော်လေး စိတ်ထိခိုက်စေပြီး ခြောက်ခြားမှုဖြစ်စေတဲ့ အတိုင်းအတာ အထိ ဖြစ်စေတာကို ဆိုရှယ်မီဒီယာ သုံးစွဲသူတွေရဲ့ ပို့စ်တွေမှာ ဖော်ပြကြတာ တွေ့နေရပါတယ်။ 

လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားတဲ့အခါ တိုက်ပွဲမှာ တဘက်နဲ့ တဘက် ပစ်ခတ်တိုက်ခိုက်ကြရင်း သေဆုံးကြရတာ နေ့စဥ်လိုလို ဖြစ်ပျက်နေတာပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေမှာ အဲဒီကိန်းဂဏန်းတွေက တရက်ကို ၃၀ ကနေ ၅၀ ဝန်းကျင် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ အချို့ရက်တွေမှာ ဒီထက်များနိုင်ပြီး ပုံမှန် နေ့ရက်တွေမှာ လက်နက်ကိုင် တိုက်ပွဲမှာ အသက်ဆုံးရှုံးကြရသူ အနည်းဆုံး ၂၀ ဦးကနေ ၃၀ ဦးလောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒီအရေအတွက်ဟာ နှစ်ဖက် လက်နက်ကိုင်ဆောင်ထားသူတွေကို တွက်ချက်တာဖြစ်ပြီး လက်နက်ကိုင် မဟုတ်တဲ့ အရပ်သားတွေ၊ ပဋိပက္ခမှာ ဘယ်ဘက်ကမှ ပါဝင်ပတ်သက်သူမဟုတ်ပေမယ့် စွပ်စွဲသတ်ဖြတ်တာတွေ၊ တဘက်ဘက်ကို နိုင်ငံရေးအရ ထောက်ခံတာမှန်သော်လည်း လက်နက်ကိုင် တပ်ဖွဲ့ဝင်လည်းမဟုတ် တိုက်ရိုက် ပါဝင်ပတ်သက်ခြင်း မရှိသူတွေလည်း ချေမှုန်းရေးလို့ ခေါ်တဲ့ စစ်ဆင်ရေးတွေမှာ အသတ်ခံနေရသလို တခြားတဘက်မှာလည်း သတင်းပေးတယ်လို့ ယူဆတာ စွပ်စွဲခံရတာနဲ့ သတ်ဖြတ်ခံရမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ 

အခု အဖြစ်အပျက်က အထက်ကလို တဘက်ဘက်ကို ထောက်ခံတဲ့ အရပ်သားအမျိုးသမီးကို လက်နက်ကိုင်အဖွဲ့က သတ်ဖြတ်တာလို့ ကနဦး ကောက်ချက်ချစရာရှိပါတယ်။ 

ရက်ရက်စက်စက် သတ်ဖြတ်မှုတွေက ဆယ်စုနှစ်များစွာကြာမြင့်တဲ့ ပြည်တွင်းစစ်ကာလတွေထဲ ရှိခဲ့ကြတာကို အရင့်အရင် ပါဝင်ပတ်သက်သူတွေရဲ့ ပြန်ပြောင်းပြောဆိုမှုတွေ အချို့သော စာနဲ့ ရေးမှတ်ကြတဲ့ မှတ်တမ်းတွေမှာ ရှိခဲ့ကြတာ အမှန်ပါ။ မဆလ အာဏာရှင်ခေတ်တုန်းက ပြည်တွင်းစစ်မှာ တိုင်းရင်းသားလက်နက်ကိုင်နဲ့ မဆလ စစ်တပ်တို့ တိုက်ခိုက်ကြစဥ်ကလည်း တဘက်နဲ့ တဘက် မုန်းတီးမှု မိမိတို့ ရဲဘော် အသက်ဆုံးရှုံးရမှုတွေအပေါ်  ခံစားမှု နဲ့ တဘက်ရန်သူကို မိတဲ့အခါ ရင်ခွဲပြီး ကိုယ်တွင်းကလီစာတွေကို ကြော်စားတယ်ဆိုတဲ့ နှုတ်ပြောရာဇဝင်တွေ အဲဒီခေတ်က ကြားသိခဲ့ရဖူးပါတယ်။ စစ်ပွဲရဲ့ ရက်စက်တဲ့အပိုင်း အမှောင်ပိုင်းတွေ ဖြစ်ပါတယ်။ သို့ပေမဲ့ အဲဒီခေတ်က အသံအားဖြင့်သော်လည်းကောင်း အရုပ်အားဖြင့်သော်လည်းကောင်း မှတ်တမ်းတင်ဖို့ ခက်ခဲတဲ့ကာလ ဖြစ်သလို ဒီလို မှတ်တမ်းတင်ခဲ့ရင်တောင်မှ အများပြည်သူထံ ဖြန့်ဖို့ မလွယ်ကူတဲ့ကာလမျိုး ဖြစ်ပါတယ်။ 

လက်နက်ကိုင် ပြည်တွင်းစစ်ကာလတွေအတွင်း ရက်စက်မှုတွေကတော့ ဖြစ်ပွားခဲ့ကြတာ မှန်သော်လည်း အခုဆိုရှယ်မီဒီယာခေတ်လို မိုဘိုင်းဖုန်းတွေ လူတိုင်းလက်ဝယ်မှာ ရှိတဲ့ကာလလို မှတ်တမ်းတင်တာ ဖြန့်ဝေတာတွေ မရှိခဲ့တဲ့ သဘောဖြစ်ပါတယ်။ 

အခု ဆိုရှယ်မီဒီယာ ခေတ်မှာတော့ စစ်ပွဲရဲ့ ရက်စက်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေရဲ့ ရက်စက်မှုတွေကို မှတ်တမ်းတင်ထားကြပြီး ဆိုရှယ်မီဒီယာပေါ်မှာ ကန့်သတ်အစုအဖွဲ့အတွင်းဖြစ်စေ ရည်ရွယ်တဲ့ တဦးဦးဆီဖြစ်စေ၊ အများပရိသတ်ကို ဖြစ်စေ ဖြန့်ဝေကြတဲ့ အလေ့အထ ဖြစ်လာခဲ့ပါပြီ။ ရက်စက်တဲ့ သတ်ဖြတ်မှု လုပ်ကြံမှုတွေကို ကျူးလွန်သူတွေက ဒီလို မှတ်တမ်းတွေကို ဘာကြောင့်ဖြန့်ဝေရတာလဲလို့ ဆန်းစစ်ကြည့်ရင် နိုင်ငံရေးအရ ထောက်ခံမှုကို လှုံ့ဆော်ဖို့ ၊ မိမိတို့ ဘက်ကို ထောက်ခံသူတွေကို အားရစေချင်လို့၊ တဖက်ကို ထောက်ခံသူတွေကို ကြောက်လန့်စေဖို့၊ မိမိတို့ကို ကူညီထောက်ပံ့ဖို့ အစရှိတဲ့ ရည်ရွယ်ချက်တွေဖြစ်နိုင်ပါတယ်။ ဆိုရှယ်မီဒီယာမှာ အခုလို ဖြန့်ဝေတာကြောင့် အကျိုးဆက်အနေနဲ့ ကြည့်ရှုသူတွေ အတုယူလုပ်ဆောင်တာမျိုးလည်း အကျိုးဆက်တွေရှိနိုင်သလို အလားတူ ကျူးလွန်မှုတွေကို ပရိသတ်တွေက ထောက်ခံတဲ့ မှတ်ချက်တွေ ပေးကြတဲ့အခါမျိုးမှာ ဆက်လက်ကျူးလွန်ဖို့ ထပ်မံကျူးလွန်ဖို့ အားပေးအားမြှောက်ပေးသလိုလည်း ဖြစ်စေနိုင်တာ ဖြစ်ပါတယ်။ 

ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေအနေနဲ့ community standard လိုမျိုး ပေါ်လစီတွေ ထားကြပေမယ့်လည်း နေ့စဥ် လူကြည့်များနေတဲ့ ပို့စ်တွေရဲ့  ရုပ်ပုံတွေ၊ အသံတွေ စကားလုံးတွေ ကို သေသေချာချာ မော်နီတာ လုပ်နိုင်တာမဟုတ်သလို တချို့သော ကိစ္စရပ်တွေမှာတော့ ပလက်ဖောင်းပိုင်ရှင် ကုမ္ပဏီတွေက စံချိန်စံနှုန်း ၂ မျိုး ၂စားထားတာမျိုးလည်း ရှိပါတယ်။ 

ဒီအချက်တွေကို ပြန်သုံးသပ်ကြည့်ရင် ရက်စက်မှုတွေက လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတဲ့ ခေတ်အသီးသီးမှာ ရှိခဲ့ကြတာ အမှန်ပဲဖြစ်ပါတယ်။ သို့ပေမဲ့ ဆိုရှယ်မီဒီယာခေတ်မှာတော့ အဲဒီလို ရက်စက်မှုတွေကို မှတ်တမ်းတင်တာ၊ ထောက်ခံအားရကြတာ၊ ထပ်မံကျူးလွန်ဖို့ လှုံ့ဆော်သလို ဖြစ်စေတာတွေက ဆိုရှယ်မီဒီယာခေတ်ရဲ့  ဘေးထွက်ဆိုးကျိုးတွေလို့ ဆိုရမယ် ထင်ပါတယ်။ 

ဒီဗွီဒီယိုထဲက အဖြစ်အပျက်မျိုး မြန်မာနိုင်ငံမှာ အပတ်စဥ်လိုလို သို့မဟုတ် လစဥ်လိုလို တနေရာမဟုတ် တနေရာမှာ ဖြစ်ပျက်နေတယ်ဆိုတာ သတိမူမိဖို့လည်း အရေးကြီးပါတယ်။ ဒီလို သတ်ဖြတ်မှုတွေ ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ရပ်တန့်စေဖို့ တာဝန်ခံမှု ရှိဖို့ ကို ကျနော်တို့ လူမှုအသိုက်အဝိုင်းက လူတိုင်းမှာ ဝတ္တရားရှိနေတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar