Breaking News

ဖေကြီး (လေရှီး) - ထိုင် ထ ပုံပြင်

Image- Crd
ထိုင် ထ ပုံပြင်
ဖေကြီး (လေရှီး)
(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂

     ကြားခဲ့ဖူးတဲ့ ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်များစွာထဲက ရယ်ရွှင်ဖွယ်ရာဖြစ်ရပ်ကလေးပါ။ ရယ်မောစရာဆိုပေမယ့် "ထိုင်" တာ "ထ" တာနဲ့ပတ်သက်ပြီး စဉ်းစားတွေးခေါ်ဖို့အတွက် အတွေးဒဿနကိုလဲပေးလေတဲ့အဖြစ် အပျက်ကလေးတခုပေါ့။

     တခါကပေါ့ဗျာ . . . နယ်မြို့လေးတခုရဲ့ လမ်းဆုံ လမ်းမကြီးတခုပေါ်မှာ လူအမြဲပြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ကြီးတဆိုင် ရှိပါတယ်။ အဲသည်မြို့ကလူတွေဟာ မနက် နေ့လယ် ည ဆိုသလို အဲသည်ဆိုင်မှာပဲအချိန်း အချက်လုပ်ပြီး ထိုင်ကြပါတယ်။ ဒီတော့ ဆိုင်မှာရှိတဲ့စားပွဲတွေအားလုံးမှာ အချိန်တိုင်း လူပြည့်နေတော့တာပေါ့။

    တနေ့ လမ်းအသွားအလာအများဆုံး လူအစည်ကားဆုံး မနက် ၉ နာရီလောက်အချိန်၊ ဆိုင် ထဲမှာလည်း လူတွေပြည့်လျှံနေတာပေါ့။ 
အဲသည် အချိန်မှာပဲ အငွေ့တထောင်းထောင်းထနေတဲ့ တောင်းကြီးတလုံးခေါင်းပေါ်ရွက်ပြီး လျှောက်လာတဲ့အမျိုးသမီးတဦး ဆိုင်ရှေ့ကို ရောက်ရှိလာပါတယ်။ သူ့နာမည်က "မိအောင်လှိုင်" တဲ့။

     ညာဘက်လက်က ခေါင်းပေါ်က တောင်းကို ထိန်းကိုင်ထားပြီး ဘယ်ဘက်လက်ထဲမှာ
တော့ ရေပုံးကလေးတပုံးကို ဆွဲထားပါသဗျ။

    " မုန့်ဖက်ထုပ် . . . ပူပူလေး "

     " လာပါအုံး ဗျို့ . . . "

  ဆိုင်ထဲကနေ လှမ်းခေါ်လိုက်သံကိုကြားတော့မိ အောင်လှိုင်လည်း ဆိုင်ဖက်ကိုဝင်ဖို့ ခြေဦးကိုလှည့်လိုက်တာပေါ့။ အဲသည်မှာ ဘယ်လိုကဘယ်လိုဖြစ်တယ်ရယ်မပြောတတ်ဘူး၊ သူ့ရဲ့ခါးဝတ်တော် အရှက်လုံခြုံရေး ထဘီဟာ သူ့ခြေထောက်နဲ့တုတ်ကာ ရုတ်တရက်ပြေပြီး မြေကြီးပေါ်ကွင်းလုံးကျွတ်ကို ပုံကျသွားပါတော့တယ်။

   " ဝါး ဟား ဟား ဟား ဟား ဟား ဟား "

   " ဟား ဟား ဟား ဟား ဟား ဟား ဟား "

   " ဟား ဟား ဟား ဟား ဝါး ဟား ဟား "

   ဈေးသည်မ မိအောင်လှိုင်လည်း ရုတ်တရက်ကြီးလည်းဖြစ် ဘယ် ညာ လက်နှစ်ဖက်လုံးကလည်းမအားဆိုတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းလည်းမသိ။ ဆိုင်ထဲကလူတွေအားလုံးရဲ့မျက် လုံးတွေကလည်း သူ့ဆီမှာ။ ပထမတော့ ကြောင်နေကြတာပေါ့။ အဲသည်အချိန်မှာ ဆိုင်ထဲကနေ အသံအကျယ်ကြီးတခု ထွက်လာတယ်။

 " ဟဲ့ . . မိအောင်လှိုင် . . ထိုင်ချ . . . ထိုင်ချ "

     အဲသည်လိုလည်းကြားရော မိအောင်လှိုင်ဟာ ရုတ်တရက်ပဲ ဇတ်ဆို ထိုင်ချလိုက်တာပေါ့။ 
သူထိုင်ချအပြီး စက္ကန့်ပိုင်းမှာပဲ ဆိုင်ထဲကနေပြီး နောက်ထပ် အသံကျယ်ကြီးတခု ထပ်ထွက်လာပြန်ပါတယ်။

 " ဟဲ့ ဟဲ့ . . ပိုဆိုးနေပြီဟဲ့ . . ပြန်ထ ပြန်ထ "

   အဲဒါနဲ့ ဈေးသည်မ မိအောင်လှိုင်လည်း ကမန်းကတန်း ပြန်ပြီး ထရပြန်ပါတယ်။

     မိတ်ဆွေတို့ရေ . . လောကကြီးမှာ သည်လိုမျိုးအဖြစ်အပျက်တွေဟာ ပုံစံမျိုးစုံနဲ့ ပေါ်ပေါက်လာတတ်တာ မကြာမကြာပါပဲ။

     အချို့အချို့သောလူစားမျိုးတွေဟာ လူရှေ့သူရှေ့တလုံးရှေ့တရပ်လုံးရှေ့မှာ အခုလိုမျိုးအရှက်တွေကွဲ အကျိုးတွေနည်းဖြစ်ပြီဆို ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ယောင်ရမ်းပြီး ထိုင်ချလိုက်တတ်ကြပါတယ်။

  အဲသည်အခါ "အထိုင်မတတ်တော့ ' ဖြဲပြ' "ဆိုသလို နဂိုအနေအထားထက်ကို ပိုဆိုးသွားတတ်ကြောင်း ပြောပြရင်း "ထိုင်ထ ပုံပြင်" ကလေးကို နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။    ။

ဖေကြီး (လေရှီး)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar