စိုးနောင်(မုံရွာ) - ၅ /
စိုးနောင်(မုံရွာ)
(မိုးမခ) ဇွန် ၃၊ ၂၀၂၂
လမ်းတွေကို
သူရဲကောင်းနာမည်ပေးမယ်ဆိုရင်
လမ်းတွေသာကုန်မယ်
သူရဲကောင်းတွေမကုန်ဘူး
ဆိုတဲ့ဒေသ။
ကမ္ဘာ့အဆင့်သုံးဆယ့်ရှစ်
မြေခွေးအုပ်ကြီးကကြောက်ရတဲ့
ကမ္ဘာ့အမာဆုံးကျောက်ခဲတွေ
ရှိရာမြစ်ဝှမ်း။
ဒီအရပ်မှာ
တမာတွေကပိုခါး
စိန်ပန်းတွေကပိုနီ
သနပ်ခါးတွေကပိုမွှေးလို့။
ဒါဟာ
မိုင်းကွဲသံမဟုတ်ဘူး
၅/ တွေထွက်ဆဲသံ
ဒါဟာ
မိုင်းထိလို့သေတာမဟုတ်ဘူး
၅/ တွေရဲ့တံထွေးမှာမျောတာ။
ရန်သူမျိုးငါးပါးက
တစ်ပါးတည်းဖြစ်လာတဲ့အခါ
၅/ တွေဟာ
ဒီမြေကိုကာကွယ်မယ့်ကန္တာရပင်တွေဖြစ်လာကြ။
သေချာတယ်
ရွာလေးတွေလောင်တဲ့မီးနဲ့
မှောင်နေတဲ့နိုင်ငံတော်ဟာ
လင်းလာတော့မှာ ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar