တာရို - ၂၀၂၂ ဇွန်လ မြန်မာပြည်သူပြည်သားများအတွက် တားရော့အဟော
တာရို - ၂၀၂၂ ဇွန်လ မြန်မာပြည်သူပြည်သားများအတွက် တားရော့အဟော
(မိုးမခ) ဇွန် ၃၊ ၂၀၂၂
၂၀၂၂ ဇွန်လ မြန်မာပြည်တွင်း နေထိုင်သော မြန်မာပြည်သူပြည်သားများအတွက်ကိုသာ ရည်ရွယ်ပြီး တားရော့ကတ်တွေ ချကြည့်ပါတယ်။ General Reading ဖြစ်လို့ သိပ်ကြီးလည်း Serious ယူစရာမလိုပါ။ ဒါ့အပြင် ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်သော မြန်မာပြည်သူများရဲ့ ယုံကြည်မှုကြောင့် မကောင်းသော ကံများကလည်း ကောင်းသော ကံများအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ အပြန်အလှန်လည်း ဖြစ်နိုင်တာကြောင့် ဘုရား တရား မမေ့ကြပါနဲ့။
ဇွန်လအတွက် ကတ်များ ချကြည့်ရာမှာ မြန်မာပြည်သူပြည်သားများ ကံတရားဟာ အတွေ့အကြုံ များနေခြင်း၊ အခက်အခဲများစွာ ကျော်ဖြတ်ခဲ့ရခြင်း၊ ကောင်းမှု မကောင်းမှု များစွာ ကြုံခဲ့ပြီး ကိုယ်ကိုယ်တိုင်လည်း ကောင်းကံ မကောင်းကံများကြောင့် စိတ်ညစ် စိတ်ဒုက္ခတွေ ရင်ဆိုင်ခဲ့ရခြင်းဆိုတဲ့ သဘောတရားများပါသော ကတ်တွေတွေ့ရပါတယ်။ တိုတိုပဲပြောရရင် အလုပ်အကိုင် ဆုံးရှုံးခြင်း၊ စီးပွားရေးမတည်မြဲခြင်း၊ ငွေရေးကြေးရေး ဆုံးရှုံးခြင်း စတဲ့ တိုင်းပြည်ရဲ့ အခက်အခဲတွေ ရင်ဆိုင် ကျော်ဖြတ်နေရတယ်။ တချို့သောသူတွေဟာ အမှန်နဲ့ အမှားကို ခွဲခြားမသိနိုင်ခြင်း။ လွတ်လပ်မှုကိုသာ လိုချင်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာအလိုတွေကြောင့် စိတ်ဆင်းရဲနေကြတယ်။ အတိတ်က စိုးရိမ်သောကတွေ များခဲ့လို့ အခုလမှာ တည်ငြိမ်အေးချမ်းလာတဲ့ အတိတ်နိမိတ်မျိုး ရလာရင်တောင် အပြင်ထွက်ရမှာ ကြောက်နေကြသေးတယ်။ ကောင်းရောင်းကောင်း၀ယ်လုပ်သူတွေ ကောင်းမွန်သန့်ရှင်းတဲ့ စီးပွားရေးကိစ္စ၊ ငွေကြေးကိစ္စတွေ ကြိုးစား စုဆောင်း လုပ်ကိုင်နေသူတွေ အတွက် ၆ ဂဏန်းကို ကံကောင်းတယ်လို့မှတ် ယူပါ။
၈ျွန်လအစမှာကိုယ်ပျိူးခဲ့သမျှ ရိတ်သိမ်းရတော့မယ့် အတိတ်နိမိတ်တွေ ရလာနိုင်ပါတယ်။ လရဲ့ အလယ်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာမှာ၊ သည်းမခံနိုင်တော့တာမျိုးတွေ ဖြစ်လာတာကို ကျော်ဖြတ်ရလိမ့်မယ်။ ဒါပေမဲ့ ကောင်းတဲ့အပိုင်းကတော့ ကိုယ်ဟာ တလျှောက်လုံး ကောင်းကောင်း လုပ်ကိုင်ခဲ့တာတွေ ရှိခဲ့ရင် မြန်မြန်ဆန်ဆန်ပဲ အကျိုးပေးလာလိမ့်မယ်။ ထီပေါက်သလိုပဲ ငွေကြေးကံကောင်းတာ၊ မိသားစု ဆုံစည်းရတာ၊ ဘ၀အသစ် စရသလို ပျော်စရာလေးတွေ တွေ့လာရတတ်တယ်။ အလုပ်အကိုင်အသစ် ရတာမျိုးတွေတောင် ကြုံရတတ်တာကြောင့် ကိုယ့်ရဲ့ ကောင်းသောစိတ်များကို ဆက်လက်မွေးမြူထားဖို့ လိုပါတယ်။ ဇွန်လနောက်ဆုံး အပိုင်းမှာတော့ ကိုယ့်လုပ်ရပ်တွေကို အကောင်း အဆိုး ဆုံးဖြတ်ပေးတာမျိုးတွေ ကြုံလာရနိုင်ပါတယ်။ ငွေကြေး ကိစ္စတွေ ကမ်းလှမ်းခံရတာမျိုးတွေ။ ကြုံလာရတတ်ပြီး ဆုံးဖြတ်ချက်ချဖို့ ဖြစ်လာတတ်ပါတယ်။ ဇွန်လတလုံးမှာ ငွေကြေးကိစ္စဖြစ်ဖြစ်၊ လူမှုရေးကိစ္စဖြစ်ဖြစ်၊ စီးပွားရေးကိစ္စဖြစ်ဖြစ်၊ ပညာရေးကိစ္စဖြစ်ဖြစ် ပေါ်လာတတ်ပြီး တစ်ခုခု ဆုံးဖြတ်ချက်ချရဖို့ အမြဲတမ်း ကြုံနေရတတ်ပါတယ်။ ဒါကြောင့် ကိုယ်အရင်က လုပ်ထားတဲ့ပုံစံအတိုင်း ကောင်းရင်ကောင်းတဲ့အတိုင်း မကောင်းရင် မကောင်းသလို ဖြစ်လာနိုင်တာကြောင့် ကိုယ့်ကိုယ်ကိုယ် သတိထားပြီး ဆုံးဖြတ်ချက်ချပါ။ စကတည်းက မကောင်းတာတွေ လုပ်ခဲ့သူတွေရှိနေရင် သူတို့ရဲ့ ကံကြမ္မာဟာ ကောင်းသလို ဖြစ်မလာနိုင်ပါဘူး။ သို့သော် မိမိစိတ်ကို အမြန်ပြုပြင်ပြီး နေထိုင်သွားရင် ကံတရားဟာ ကိုယ့်ဆီ ပြန်လာနိုင်ပါတယ်။
အုပ်ချုပ်သူပိုင်းဆိုင်ရာမှာ သူတို့အတွက် ထိပ်ဆုံးနေရာကနေတော့ မဆင်းရသေးဘူး ဆိုတယ်။ သို့သော် ဇွန်လအစမှာ ဘာလုပ်လုပ် အဆင်မပြေတော့တာမျိုးတွေ။ အငြင်းပယ်ခံရတာမျိုးတွေ ကြုံလာရတတ်ပါတယ်။ လုပ်သမျှ မတိုးတက်တာ အဆင်မပြေတာမျိုးတွေအပြင် မတော်တဆ ထိခိုက်မှုတွေ ကြုံလာရတာမျိုး ဖြစ်လာတတ်ပါတယ်။ လောဘ သိပ်ကြီးတာကြောင့် တောင်းသမျှဆု မပြည့်နိုင် ဖြစ်နေရတယ်။ သူတို့ နေရာမြဲဖို့ ဆုံးဖြတ်ချက်တစ်ခုကို ချပေးရတော့မယ်လို့ ဆိုတယ်။ လလယ်ပိုင်းလောက်မှာ ငွေရေးကြေးရေး ပြေလည်လာတာမျိုးတွေ ရှိနေသော်လည်း လူတကာအပေါ် မယုံကြည်တာမျိုးတွေ ဖြစ်လာတတ်တယ်။ ဘယ်မှ မသွားမလာရဘဲ ပိတ်မိနေတာမျိုးတွေ ရှိလာတတ်တယ်။ တဘက်ကလည်း နေရပ်စွန့်ခွာပြီး အဝေးကို ပြေးရတတ်တယ်။ ဘေးက ပေးတဲ့ အကြံတွေကို သတိထားပြီး လက်ခံတာမျိုး လုပ်သင့်တယ်။ အကြံမကောင်းရင် ဒုက္ခရောက်တတ်တယ်။ လအကုန်ပိုင်း လရဲ့ နောက်ဆုံးပတ်တွေမှာတော့ သူတို့ရဲ့ လုပ်ရပ်တွေ တကိုယ်ကောင်းဆန်တာ အကျင့်စာရိတ္တဆိုင်ရာ မကောင်းမှုတွေ ကျူးလွန်ခဲ့တာ တွေနဲ့ပတ်သက်ပြီး သူတို့သွားလေရာ အရိုသေမခံရတာမျိုးတွေ ဖြစ်လာတတ်တယ်။ သူတို့သိပ်ကို ယုံကြည်ရသူ အနီးကပ်သစ္စာဖောက်မှုကို ကြုံရတတ်တယ်။ မကောင်းတာကို ကောင်းတယ်ထင်ပြီး လုပ်ခဲ့တာတွေ၊ သစ္စာဖောက်တဲ့ လုပ်ရပ်တွေ၊ တဘက်နဲ့တဘက် ရန်တိုက်ပေးခဲ့တာတွေ စတဲ့ လုပ်ရပ်တွေဟာ ရုတ်တရက် အမှန် ပေါ်လာတတ်ပြီး လူတွေ အထင်လွဲ အမြင်လွဲ ဖြစ်တာတွေ ရှင်းလင်းစွာ ပေါ်ပေါက်လာတတ်ပါတယ်၊ သူတို့ကို စိုးမိုးနေတဲ့ ကဒတ်တွေအရ သတ္တိရှိတာ ကျန်နေသေးတယ်။ လုပ်ရဲ ကိုင်ရဲနေသေးတာ အဆိုးကို မကြောက်တတ်တာ ပြောရဲဆိုရဲတာ တွေ ကျန်နေသေးတယ်။ ဒါတွေဟာ တဖြည်းဖြည်း လွင့်သွားလိမ့်မယ်။ သူတို့ဘက်မှာ မရှိတော့တာက အမှန်တရားဖြစ်နေလို့ ဖြစ်ပါတယ်။ သူတို့ ကံကောင်းပြီး အခွင့်အရးတစ်ခု ရလာတတ်တယ်။ တစ်ခုခုကိုတော့ လွှတ်ချရဖို့ ဖြစ်လာတတ်ပါတယ်။
၅၀၅ နဲ့ အကျဉ်းချခံနေကြရသူတွေရဲ့ ကံတရားဟာ ကောင်းလိုက် မကောင်းလိုက် တွေ့နေရပါတယ်။ သူတို့ကို အရေးတယူ ပြောဆိုလာမှုတွေ ရှိလာနိုင်တယ်။ သူတို့အတွက် ကူညီပေးတာတွေ လုပ်ကိုင်ပေးတာတွေ တိုးတက်လာပြီး ကံကောင်းရင် မိသားစုနဲ့ ပြန်ဆုံစည်းလာရနိုင်တယ်။ လွတ်လည်း လွတ်လာနိုင်တဲ့ ကတ်လေးတွေလည်း ရခဲ့ပါတယ်။ အခုလို ခံနေကြရတာဟာ သူတို့ကို မနာလိုတဲ့သူတွေ သူတို့ကို မကျေမနပ် ဖြစ်နေတာတွေ သစ္စာဖောက်ခံခဲ့ရတာတွေ မကောင်းမြင်စိတ်ရှိတဲ့ လူတန်းစားတွေကြောင့်လို့ အဖြေထွက်လာတကြောင့် ပြန်လွတ်မြောက်လာဖို့ လွတ်မြောက်လာသင့်ရဲ့သားနဲ့ နှောင့်နှေးနေတာလို့ ဆိုတယ်။ ဒီလို အမြင်တွေ ပြောင်းလာဖို့ ဇွန်လဟာ အဖြေတစ်ခု ထုတ်ပေးလာပါလိမ့်မယ်။ အခုလဟာ လွတ်မြောက်လာရဖို့ ချက်ချင်းမဖြစ်လာတောင် အချိန်အတိုင်းအတာတစ်ခု အခွင့်အရေးမျိုး ရလာဖို့ မျှော်လင့်ရပါတယ်။
၁၂ လရာသီခွင်အတွက် တပတ်စာ ကံတရားဖြစ်ပါတယ်။ တပတ်စာလို့ ပြောတာက တားရော့ကဒ်တွေရဲ့ သဘောအရ သိပ်အရှည်ကြီး ပြောလို့မရပါ။ ဒီတခါ ကတ် တကတ်စီပဲ ချပေးထားလို့ ဖြစ်ပါတယ်။ ကတ် အများကြီး ချမပေးထားလို့ တလစာလို့ မပြောနိုင်ပါ၊ ကိုယ် လုပ်တဲ့ အကုသိုလ် ကုသိုလ်တရားကြောင့် ပြောင်းလဲသွားနိုင်ပါတယ်။ ရှေ့က တိုင်းရေးပြည်ရေး အရှည်ဟောတာတွေက ကတ်တွေ အထိုက်အလျောက်ချပြီး ရှေ့ ဖြစ်တွေကို ခန့်မှန်းကြည့်ရုံသာ ဖြစ်ပါတယ်။
Aries (၂၁ မတ် - ၁၉ ဧပြီ)
စိတ်ဓာတ်ကျတာ စိတ်ညစ်စရာတွေ များနေတတ်တယ်။ တစ်ခုခုကို တွယ်နေတမျိုး ဖြစ်နေတယ်။ လက်မလွှတ်ချင်တာ လွှတ်ချလိုက်ဖို့ ချီတုံချတုံဖြစ်နတာမျိုး ကြုံရတတ်တယ်။ ရင်ဆိုင်ရတာတွေ များလို့ စိတ်ပိုင်းဆိုင်ရာမှာ ပင်ပန်းနေပြီ ဆိုသလို ဖြစ်နေတတ်တယ်။ တစ်ခု သိထားဖို့က သင် ထင်ထားသလို အဆိုးကြီး မဟုတ်တာ ဖြစ်တယ်။ အဆုံးကျရင် သင် ထင်တဲ့ အဆိုးဆုံးဆိုတာ မဖြစ်ပါဘူး။ နောက်ဆုံးကျ ပေါ့ပါးတဲ့စိတ်တွေနဲ့ သင် ပျော်ရွှင်ရပါလိမ့်မယ်။
Taurus (၂၀ ဧပြီ - ၂၀ မေ)
သင်ဟာ ထွက်ပေါက်ပိတ်နေသလို ဖြစ်နေတယ်။ ဘာလုပ်ရမှန်းမသိတာမျိုး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာမျိုး ဖြစ်နေတတ်တယ်၊ ဒါကြောင့် ခဏတဖြုတ် အနားပေးပြီး အားမွေးလိုက်ပါ၊ ကိုယ့်အစီအစဉ်အတိုင်း ဖြစ်လာနိုင်တာကြောင့် သေချာစီမံပါလို့ ပြောပါရစေ။
Gemini (၂၁ မေ - ၂၀ ဇွန်)
နံရံရဲ့ တခြားတဘက်မှာ ဘာရှိမလဲဆိုပြီး သိချင်စိတ်တွေ ဖြစ်နေတယ်။ ရန်သူလား၊ မိတ်ဆွေလားဆိုတာ သိချင်မယ်။ ဒီအတွက် သင်ဟာ စွန့်စားရတော့မယ်တဲ့။ ဘာလုပ်သင့်သလဲဆိုတော့ ရုတ်တရက် အရဲစွန့် ၀င်တာမျိုး မလုပ်ဘဲ အသိနဲ့ သတိနဲ့ ဆင်ခြင်ပြီး ဆုံးဖြတ်လုပ်ကိုင်ပါ။
Cancer (၂၁ ဇွန် - ၂၂ ဂျူလိုင်)
ကိုယ်ဟာ အတော်ကြာ အချိန်တွေပေးပြီး လုပ်ခဲ့တာ တွေရှိတယ်ဆိုရင် ခံစားရမယ့်အချိန် ရောက်လာပြီ။ တဘက်နဲ့ တဘက် အတော်ကြာ ကွဲကွာနေတဲ့ အဖြစ်မျိုးရှိနေရင် တံတားခင်းပေးလိုက်သလို အဆက်အသွယ်တွေရပြီး လမ်းပွင့်လာလိမ့်မယ်။ ဒါကြောင့် ကောင်းတာတွေ ဆက်ဖြစ်အောင် ကောင်းတဲ့စိတ်မွေးပြီး တဘက်သားကို ကူညီတတ်တဲ့စိတ်မျိုးနဲ့ ရှေ့ဆက်ပါ။
Leo (၂၃ ဇူလိုင် - ၂၂ ဩဂုတ်)
စိတ်တော့ ညစ်နေတယ်တဲ့။. အခု သင် စိတ်ညစ်နေရတယ်ဆိုရင် စိတ်မပူနဲ့တော့ မကြာခင် နေမင်းကြီးထွက်လာတော့မယ်လို့ မှတ်ပါ။ သင် အခု စိတ်ပျော်ရွှင်နေရတယ် ဆိုရင်လည်း မစိုးရိမ်ပါနဲ့၊ စိတ်ညစ်စရာ ခဏလောက် ကြုံလာပြီး ပျောက်ပျက်သွားမှာပါ။
Virgo (၂၃ ဩဂုတ် - ၂၂ စက်တင်ဘာ)
စိတ်ဆုံးဖြတ်ချက် ခိုင်မာတာ စိတ်မပြောင်းလဲတာတွေ ပိုင်ဆိုင်ထားတယ်။ ကိုယ့်စိတ်အတိုင်း လုပ်နိုင်ကိုင်နိုင်တာမျိုးတွေ ဖြစ်တယ်။ ဒါကြောင့် အလုပ်တခု စလုပ်တာ ဆုံးဖြတ်ချက်အတိုင်း စတင်ဆောင်ရွက်တာလုပ်ဖို့ အချိန်ကောင်း ဖြစ်တယ်။ ကြိုးစားမှုတွေနဲ့ စရတာဖြစ်လို့ စိတ်ဓာတ်ကျစရာမလိုဘူးလို့ ဆိုတယ်။
Libra (၂၃ စက်တင်ဘာ - ၂၂ အောက်တိုဘာ)
အရာရာဟာ အဆင်ပြေပြီး တည်ငြိမ်နေမယ်။ စိတ်ချလုံခြုံမှု အပြည့်အ၀ရထားတယ်။ ကိုယ် လုပ်ခဲ့တာတွေ ကိုယ် ခံစားနေရမယ်။ သတိထားစရာကတော့ စိုးရိမ်စိတ်များတာ လျှော့ပါ။ မလိုအပ်ဘဲ အားသုံးတာမျိုး ဆင်ခြင်ပါ။ သို့သော် ယုံကြည်မှု လွန်ကဲပြီး သတိထားသင့်တာ မထားတာမျိုးတော့ မလုပ်ပါနဲ့။
Scorpio (၂၃ အောက်တိုဘာ-၂၁ နို၀င်ဘာ)
သင်ဟာ သင့်နောက်က ရောက်နေတဲ့သူတွေကို ပိုသတိထားရမယ်တဲ့။ သူတို့က သင့်ထက်ပို အင်အားကြီးနေတတ်တယ် အထင်မသေးနဲ့လို့ ဆိုတယ်။ သင်ဟာ မကောင်းတဲ့ အကျင့်စရိုက်တွေတို့၊ မယုံသင်္ကာဖြစ်တတ်တာတို့၊ ကြောက်စိတ်လွန်ကဲတာတို့ ဖြစ်ပြီး အင်အားအဆမတန် သုံးဖို့ ပြင်ဆင်တာမျိုးလည်း လျော့ပါတဲ့။ အဲသည်လိုဖြစ်ရပ်တွေအတွက် အကောင်းဆုံးနည်းလမ်းက ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်တာ ဖြစ်ပါတယ်။
Sagittarius (၂၂ နို၀င်ဘာ - ၂၁ ဒီဇင်ဘာ)
ရည်မှန်းချက် အလွန်ကြီးတာကြောင့် လိုရာရောက်ဖို့ခရီးဟာ လိုတာထက် ပိုရောက်သွားတာမျိုး ဖြစ်တတ်ပါတယ်။ အသစ်သော စွန့်စားမှုတွေက သင့်အတွက် လှပပြီး စိတ်ပျော်စရာဖြစ်လာတတ်ပါတယ်။ ဒါပေမဲ့ သင်က သိပ်ကို စိတ်မရှည်တတ်တာ၊ လွန်ကဲတဲ့ စိတ်တွေကြောင့် ဒုက္ခတွေ့တတ်တယ်။
Capricorn (၂၂ ဒီဇင်ဘာ-၁၉ ဇန်န၀ါရီ)
သင့်အတွက် သိပ်ကိုကောင်းတဲ့ နေမင်းကြီး တောက်ပနေပါတယ်။ ကံကောင်းစွာနဲ့ သင် လိုချင်တဲ့ အဆုံးအဖြတ်မျိုး ချရတော့မယ်၊ ရက်စ်လား နိုးလား ဆိုတာ သင်ပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဆက်သွားမလား၊ နေမလား ဆိုတာလည်း သင့်လက်ထဲမှာပါ။ ဒါကြောင့် ဂရုတစိုက်နဲ့ ဆုံးဖြတ်လုပ်ကိုင်ပါ။ ကံတရားက သင့်လက်ထဲမှာပါ။
Aquarius (၂၀ ဇန်န၀ါရီ - ၁၈ ဖေဖော်၀ါရီ)
သင်က တစ်ခုခုကိုစိုးရိမ်နေသလား။ အကြောက်လွန်ပြီး ပုန်းခိုနေတာလားတဲ့။ သင့်ကိုယ်သင် ကြောက်တတ်သူလို မနေပါနဲ့တော့လို့ ဆိုတယ်။ ကိုယ့်ဝေဒနာတွေ ကိုယ့်ခံစားချက်တွေကို အများနဲ့ ဝေမျှပါ။ ကိုယ် သိတာတွေ ပြောဆိုလုပ်ကိုင်ပါ။ ကမ္ဘာကြီးက သင့်ရဲ့ အရည်အချင်းတွေကို လိုအပ်နေပါတယ်လို့ ဆိုထားပါတယ်။
Pisces (၁၉ ဖေဖော်၀ါရီ - ၂၀ မတ်)
သင့်ကို ချီနှောင်ထားတဲ့အရာတွေကို လွှတ်ချလိုက်ရတာ သင့်အတွက် သိပ်ကိုကောင်းတဲ့ လွတ်မြောက်ခြင်းပါပဲတဲ့။ အဲသည် ချီနှောင်ထားတာတွေဟာ အလကားဟာတွေလို့ တွေးလိုက်စမ်းပါ။ ဒါဆို သင့်အတွက် အခွင့်အရေးတွေ ရလာမယ်။ ပိုပြီး လွတ်လပ်ပျော်ရွှင်လာပါလိမ့်မယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar