Breaking News

နေသွင်နိုင်း - ရေလိုပန်းလို လတ်ဆတ်ဖို့ မီးပွက်ကို ခပ်ချိုးနေရတဲ့ မီးတောက်မြုံ

နေသွင်နိုင်း - ရေလို ပန်းလိုလတ်ဆတ်ဖို့ မီးပွက်ကို ခပ်ချိုးနေရတဲ့ မီးတောက်မြုံ
(မိုးမခ) ဇွန် ၃၀၊ ၂၀၂၂

ဟိုမှာ နဂါး ဟိုမှာ ကျား
ဟိုမှာတိမ်ကြား ငါးတွေ 
မီးတောင်ထိပ်ဝမှာပွင့်မယ့်ပန်းတွေလို
ကူးခတ်ပျံသန်းလို့
တိမ်တွေကြည့်ပြီး တစ်နေ့
အမည်နာမများအကြောင်း ငါရေးနေမိတယ်
ငါ့ကောင်တို့။

စောစောထတဲ့အခါ
မနက်ခင်းကို အပိုရတယ်
စောစောပြန်တဲ့အခါ
မိသားစုကို အပိုရတယ် ငါ့ကောင်
ဘယ်ဆီကို ပျံသန်းရမလဲ
တွေဝေသူမှာ  နာကျင်ချိန်များခဲ့ရပါတယ်။

ငါ့ကောင်က ပြောတယ်
စောစောထတဲ့ ပိုးတုံးလုံးဟာ
စောစောထတဲ့ငှက်​တွေရဲ့အစား ခံလိုက်ရသတဲ့။
အိမ်ပြန်နောက်ကျတဲ့အခါ
ညရဲ့အိပ်ရာ အပိုရသတဲ့။

ဆင်ခြေများသူရဲ့လက်မှာ
ဆင်ရဲ့ခြေရာလို
ပျော်ရွှင်မှုဟာ သင်းကွပ်ခံခဲ့ရမယ် ငါ့ကောင်။

အအိပ်ကြီးတဲ့အခါ
မင်းရဲ့ဒိန်ခဲကို နေရောင်က ကိုက်ခဲသွားပြီ 
မင်းရဲ့ဒိန်ခဲကို မင်းကိုယ်တိုင် 
နေရာရွှေ့ထားခဲ့လိုက်ပြီ ငါ့ကောင်
အိမ်ပြန်နောက်ကျတဲ့အခါ
ထမင်းခဲက အေးစက်သွားခဲ့ပြီ ။

အသက်ကို ဘယ်လိုမွေးမြူကြမလဲ
အသက်မဲ့သူက သင်ကြားပြသခဲ့ပါပြီ။

အမည်နာမများ ရေးထွင်းတဲ့အခါ
လိပ်ပြာလို့ အဓိပ္ပါယ်ပွင့်တယ် ငါ့ကောင်တို့
ရှက်ကြောပြတ်နေတဲ့ အဓမ္မဟာ
အအိပ်ကြီးသူရဲ့လက်မှာ မြွေလိုခွေလို့
စောစောထသူများရဲ့လက်မှာ
 တရားဓမ္မဓားဟာ မြစ်အဖြစ် စီးဆင်းကခုန်
ပန်းလိုမွှေးပျံ့ ထုံခဲ့ပါပြီ။

ခက်တယ် ငါ့ကောင် ခက်တယ်
အအိပ်ကြီးသူများက သားဖတ်ဖို့ သမီးဖတ်ဖို့
အတ္တတက်ကျမ်းပုံပြင်တွေ ရေးရင်း
ပြာပုံထဲက နိုင်ငံတော်ကြီးကပဲ 
သူ့အလိုလို အသက်ဝင်လာတော့မလိုလို
ဂျုံမရှိရင် ပေါင်မုန့်စားဖို့ တယောထိုး
သူတို့ရှေ့မှာ ကလေးငယ်ဟာ စစ်ဖိနပ်အောက်
မီးထတောက်နေတယ်ဆိုလည်းပေါ့။

စောစောထသူတွေဟာ
ငါးမရတဲ့အခါ ရန်သူ့ဦးခေါင်း ထမ်းပြီး 
ပြန်လာခဲ့ကြတယ် ငါ့ကောင်။

ငါ့ကောင်
အမည်နာမများကို ဘယ်လို​ ခြယ်သကြမလဲ။

နွေဦးဂီတရဲ့ ခရုသင်းသံအဆုံးမှာ
ဗို့အား​ပြင်းပြင်း ပေါက်ဓားတချောင်းဟာ 
မြားတစင်းလို ပျံသန်းလာခဲ့ပြီ ငါ့ကောင်တို့။ 

မြစ်ရဲ့ထုထည် ပင်လယ်ရဲ့ထယ်သွားမှာ
ငါးတွေဟာ ငါးရဲ့ထုထည်နဲ့ ဆန်ကြ
သေမင်းတောင်ကုန်းမှတဆင့်
လွတ်မြောက်ရာလမ်းဆီ ကူးခတ်ကြ
ချစ်သူတို့ လာကြ
အအိပ်ကြီးသူတို့ လာကြ
အိမ်​ပြန်လမ်းဟာ ကျိန်စာတခုဆိုလည်း
အရိုင်းပင်လယ်မှာ ကျောက်စရစ်သားကိုတူးဆွ
ငါတို့မျိုးစေ့ချကြမယ်။

ရေလိုပန်းလိုလတ်ဆတ်ဖို့ 
မီးပွက်ကို ခပ်ချိုးနေရတဲ့ မီးတောက်မြုံဟာ
ငါတို့ပဲ ငါ့ကောင်
ငါတို့ပဲ။ 

လာ....
ဆယ်လ်မွန်တေးသွားကို သံပြိုင်သီဆိုရင်း
သမိုင်းကို သွေးနဲ့ရေးခြစ်​ခဲ့ကြမယ်။ ။

နေသွင်နိုင်း
၂၉၊ ၀၆၊ ၂၀၂၂


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar