Breaking News

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၂၄)

ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၂၄)
(မိုးမခ) ဇွန် ၃၀၊ ၂၀၂၂

တော်လှန်ရေးတစ်ခု အောင်မြင်ဖို့ဆိုတာ ခိုင်မာတဲ့ယုံကြည်ချက်၊ ဇွဲသတ္တိနဲ့ ဘယ်လောက် လုံ့လပြု အားထုတ်တယ်ဆိုတဲ့အပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဖိနှိပ်ရက်စက်မှုတွေ ဘယ်လိုကြုံရပါစေ အဆုံးထိလျှောက်ကြမယ်ဆိုတဲ့သူတွေ ဘယ်လောက်များသလဲဆိုတာကလည်း အရေးကြီးပါတယ်။ 

အာဏာရှင်ဆိုတာ နဂိုကတည်းက အခြေခိုင်ခဲ့၊ အခြေခိုင်အောင် လုပ်နေတဲ့အစုအဖွဲ့ဆိုတော့ နေ့ချင်းပြီး တော်လှန်လို့မရနိုင်ဘူးဆိုတာ တော်လှန်ရေးကို ဦးဆောင်နေသူတိုင်း သိထားပြီး ဖြစ်ပါတယ်။ အထူးသဖြင့် ဆယ်စုနှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တဲ့ အာဏာရှင်ယန္တရားကို တော်လှန်ဖြိုချဖို့က တော်ရုံဇွဲ၊ တော်ရုံအင်အားနဲ့ မရပါဘူး။ ဒါကို မမေ့မှ စိတ်ပျက်အားငယ်မှုတွေကို ကျော်လွှားနိုင်မှာပါ။ 

မြန်မာပြည်က အာဏာရှင်စနစ်ကို လွတ်လပ်ရေးတိုက်ပွဲဝင်တချို့က စတင်ထူထောင်ခဲ့ပေမယ့် နောက်ပိုင်းအာဏာရှင်များက "အချောင်သမား အာဏာရှင်" လို့ဆိုရမယ့်သူတွေပါ။ တိုင်းပြည်နဲ့လူထုအပေါ် ဘာကျေးဇူးမှ မရှိသူတွေနဲ့ သူတို့မျိုးဆက်တွေ၊ သူတို့အပေါင်းပါတွေက တိုင်းပြည်ကို ကိုယ်ပိုင်ပစ္စည်းလို သုံးစွဲ အပိုင်စီးနေခြင်းသာဖြစ်ပါတယ်။ ဒီကနေ့တော်လှန်ရေးက အဲဒီလို စနစ်ဆိုး၊ လူဆိုးတွေလက်ထဲက တိုင်းပြည်ကို ကယ်တင်နိုင်တဲ့အထိ သွားရမယ့် တော်လှန်ရေးပါ။ 

တောင်အာဖရိက အသားအရောင်ခွဲခြားမှု တော်လှန်ရေးအတွင်း နယ်လ်ဆင်မန်ဒဲလား အပါအဝင် တော်လှန်ရေးခေါင်းဆောင်တွေ အဖမ်းခံရ၊ ANC လိုအဖွဲ့အစည်းတွေကို မတရားသင်း ကြေညာခံရ၊ ခုခံစစ် ဆင်နွှဲတဲ့ လက်နက်ကိုင်အင်အားစုတွေကို ချေမှုန်းခံရတဲ့ အခိုက်အတန့်ဟာ တော်လှန်ရေးအဆုံးသတ်သွားပြီ၊ လူမည်းတွေ နာလန်မထူအောင် နင်းပြားဖြစ်ပြီလို့ တွေးလောက်စရာ အခြေအနေပါ။ 

အဲဒီလိုအချိန်မှာ လူဖြူ အာဏာရှင်အစိုးရကလည်း သူတို့ အာဏာတည်မြဲပြီ သူတို့နိုင်ပြီလို့ တွက်ကောင်း တွက်ပါလိမ့်မယ်။ ဒါပေမယ့် ထောင်ကျနေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေက အရှုံးမပေးခဲ့သလို တိုင်းပြည်ပြင်ပကို ထွက်ခွာခဲ့ရသူများကလည်း တော်လှန်ရေး အရှိန်မရပ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါကြောင့် တောင်အာဖရိကနိုင်ငံရဲ့ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ နှစ်ပေါင်းများစွာ ဆက်လက်ရှင်သန်ခဲ့ပါတယ်။ 

လူဖြူအစိုးရရဲ့ ဖိနှိပ်ချေမှုန်းတာကို ခံရပေမယ့် MK လို လက်နက်ကိုင်အင်အားစုတွေက လူဖြူအစိုးရရဲ့ ယန္တရား အဆောက်အအုံတွေကို အကြီးအကျယ်တိုက်ခိုက်ပြီး အာဏာရှင်အစိုးရကို အနှောင့်အယှက်ပေးနိုင်ခဲ့ပါတယ်။ ကြီးမားတဲ့ဆန္ဒပြပွဲတွေကလည်း သူတို့ရဲ့ လိုလားတောင့်တမှုတွေကို ကမ္ဘာသိအောင် ထုတ်ဖော်နိုင်ခဲ့ကြပါတယ်။ 

တိုင်းပြည်တစ်ခုရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုနဲ့ အခွင့်အရေးဆုံးရှုံးနေရတဲ့ ပြည်သူတွေကို ကမ္ဘာကြီးက ဥပေက္ခာပြုမထားဘူးဆိုတာ တောင်အာဖရိကရဲ့ တန်းတူအခွင့်အရေး လှုပ်ရှားမှုသမိုင်းတွေမှာ အထင်အရှား တွေ့မြင်ရမှာ ဖြစ်ပါတယ်။ နယ်လ်ဆင်မန်ဒဲလား လွတ်မြောက်ရေး၊ တောင်အာဖရိက အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ ကမ္ဘာပေါ်က နိုင်ငံအများအပြားမှာ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ခဲ့ပါတယ်။ 

ကမ္ဘာပေါ်က ပြည်သူတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့၊ အသားအရောင်ခွဲခြားပြီး ဖိနှိပ်နေတဲ့ လူဖြူအစိုးရကို နည်းမျိုးစုံနဲ့ အရေးယူခဲ့ကြပါတယ်။ အထူးသဖြင့် လူဖြူအစိုးရရဲ့ ဝင်ငွေပိတ်ဆို့နိုင်ဖို့ တောင်အာဖရိကမှ တင်ပို့တဲ့ပစ္စည်းတွေ၊ အသီးအနှံတွေကို မဝယ်ဖို့ သပိတ်မှောက်ခဲ့ကြပါတယ်။ 

အာဏာရှင်တွေကို အကျိုးပြုစေမယ့် အစားအသောက်တွေ၊ အသုံးအဆောင်တွေကို မစားသောက်လိုက်ရလို့၊ မသုံးစွဲလိုက်ရလို့ ကိုယ့်အတွက် နစ်နာမှုဖြစ်မသွားပါဘူး။ ဒါပေမယ့် သပိတ်မှောက်သူတွေ များပြားလာတာနဲ့အမျှ အာဏာရှင်တွေရဲ့ အကျိုးစီးပွား ယုတ်လျော့ချည့်နဲ့လာမှာ ဖြစ်ပါတယ်။ အာဏာရှင်ကို ပံ့ပိုးရာ ကူညီအားပေးရာမရောက်အောင် ထိန်းချုပ်ခြင်းကလည်း အသံတိတ် တော်လှန်ခြင်းပါပဲ။ 

အဲဒီလို ပြည်တွင်းက လှုပ်ရှားမှုနဲ့ ပြည်ပက အားကောင်းတဲ့ ပံ့ပိုးမှုတွေ ပေါင်းစပ်လိုက်တော့ နောက်ဆုံးမှာ တောင်အာဖရိကတိုင်းပြည်ဟာ ပြောင်းလဲမှုလမ်းပေါ် တက်ခဲ့ရပါတယ်။ ဒီကနေ့ ကျနော်တို့တိုင်းပြည်က လွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာ တောင်အာဖရိက တော်လှန်ရေးထက် အားကောင်းတဲ့အနေအထားတွေ အများကြီးရှိနေပါတယ်။ ဒီအရှိန်အတိုင်း ဆက်လက်ချီတက်ကြရင် မဝေးတဲ့ကာလမှာ တိုင်းပြည်ရဲ့အနာဂတ် အခင်းအကျင်းသစ်တစ်ခုကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

ကိုယ့်ဥယျာဥ်မှာ ပန်းပွင့်ဖို့ ကိုယ်တိုင်ပျိုးရပါမယ်။ နေရိပ်လိုချင်ရင် နေပူကို ဖြတ်ရပါမယ်။ ပြိုင်တူတွန်းမှ ရွေ့မယ့်အချိန်မှာ ကိုယ့်အင်ကိုယ့်အားကို ထည့်ဝင်ကြပါမှ ပိုမိုခရီးပေါက် ခရီးရောက်မှာဖြစ်ပါတယ်။ ရှေ့ဆက်မယ့်ခရီးဟာ ဝေးတယ်လို့ စိတ်ထဲမှာ ခံစားမိခဲ့ရင် ကိုယ်တွေ ဘယ်လောက်ထိ ခရီးပေါက်အောင် လျှောက်ခဲ့ပြီလဲဆိုတာ ပြန်ပြီး ငဲ့ကြည့်လိုက်ပါ။ ဒီကနေ့ တော်လှန်ရေးဟာ လူနည်းစုတွေ ရုန်းကန်နေရတဲ့တော်လှန်ရေး မဟုတ်ဘူးဆိုတာ သတိပြုမိရင်ပဲ ရှေ့ဆက်ဖို့ ခွန်အားတွေ ပြည့်လာပါလိမ့်မယ်။ 

ငါတို့မှာ ငါတို့ ရှိပါတယ်။ 

ထိန်လင်း
၂၈၊ ၆၊ ၂၀၂၂

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar