Breaking News

နဒီမင်း - မာရ်နတ်အလိုကျ


နဒီမင်း - မာရ်နတ်အလိုကျ
(မိုးမခ) ဇွန် ၃၀၊ ၂၀၂၂

ခုတလောကြားရတဲ့သတင်းတွေက နားဝမှာ မချမ်းသာစရာတွေ၊ မြင်ရတွေ့ရပြန်တော့လည်း စိတ်မချမ်းမြေ့စရာတွေ၊ ခက်တာက ဗုဒ္ဓ ဘာသာတိုင်းပြည်လို့ စာရေးသူတို့ကြွေးကြော်နေကြတာပဲဖြစ်ပါတယ်။ ကြွေးကြော်သလိုမျိုး တကယ်ရော ဗုဒ္ဓအလိုကျ တိုင်းပြည်တကယ်ဖြစ်ရဲ့လား။

ဗုဒ္ဓဟာ သာသနာမှာ အရေးပါဆုံးနေရာတွေကို ဘယ်သူတွေကိုပေးအပ်ခဲ့သလဲ။ ယောက်ဖတော်ဖြစ်တဲ့ အရှင်ဒေဝဒတ်ရှိနေခဲ့ပါလျက် ဘာကြောင့် လက်ဝဲတော်ရံ လက်ရာတော်ရံနေရာတွေကို အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလန်တို့ကို ပေးအပ်ခဲ့ရတာလဲ။ အဲ့ဒီအတွက် အရှင်ဒေဝဒတ်ဟာ ဗုဒ္ဓကို ပုံစံမျိုးစုံနဲ့ အနှောင့်အယှက်ပေးခဲ့တာ အားလုံးသိပြီးသားဖြစ်ပါတယ်။

တကယ်တော့ သာသနာမှာ နေရာ ရာထူးဆိုတာမရှိပါဘူး။ အဓိကရှိတာ အကျင့်သီလ တနည်းပြောရရင် သီလ သမာဓိ ပညာပဲဖြစ်ပါတယ် ။ ဗုဒ္ဓဟာ ဆွေမျိုး မိတ်ဆွေ သင်္ဂဟထက် အကျင့် သီလ သမာဓိ ပညာအပေါ်မှာအခြေခံပြီး သာသနာကို တည်ဆောက်ခဲ့တယ်ဆိုတာ ထင်ထင်ရှားရှား တွေ့ရပါတယ်။


စာရေးသူနဲ့အလွန်ရင်းနှီးတဲ့ဆရာတော်ကြီးတစ်ပါးက မိန့်ဖူးပါတယ်။ “တို့ဘုန်းကြီးတွေအတွက် ဥစ္စာရာထူး မလိုပါဘူး။ ဗုဒ္ဓအလိုကျနေဖို့ပဲ လိုပါတယ်"။  

ဒါပေမဲ့  ယနေ့သာသနာမှာ နေရာ၊ ရာထူး၊ ဥစ္စာဆိုတာ အရေးပါလို့နေတာကို တွေ့နေရပါတယ်။ ဒါဆို ဗုဒ္ဓအလိုနဲ့ လွဲနေတာပေါ့။

တစ်ခါက အလွန်ထင်ရှားတဲ့ တောင်မြို့မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော်ကြီး သက်တော်ထင်ရှားရှိခဲ့စဉ်က ဗိုလ်ချုပ်ကြီးနေဝင်းက ဆရာတော်ထံသို့သွားရောက်ဖူးမျှော်ပြီး သာသနာရေးကိစ္စများလျှောက်ထားဆွေးနွေးပြီး ပြန်ခါနီးမှာ "အရှင်ဘုရား ဘာများအလိုရှိပါသလဲ ဘုရား" လို့ လျှောက်ထားမေးမြန်ခဲ့ပါသတဲ့။ ဆရာတော်ကြီးက "ရှိသမျှကလေးနှင့် ကျေနပ်တဲ့ဘုန်းကြီးဆိုတော့ ဘာမှမလိုပါဘူးလေ" ဟု ပြန်လည်မိန့်ကြားဖြေဆိုခဲ့ပါတယ်။

တောင်မြို့ဆရာတော်ကြီးရဲ့နောက်ထပ်အရေးကြီးဆုံး ဩဝါဒတစ်ခုရှိပါသေးတယ်။

"သာသနာမှာ ဂုဏ်ထူးတွေ လာဘ်တွေနဲ့ ဘာတွေမြင်နေကြလဲ မသိပါဘူး။ လူတွေက ဘုန်းကြီးတွေကို ခေါင်းပုံ ဖြတ်သမားတွေလို့ ပြောနေကြပြီ "

ဆရာတော်ကြီးရဲ့ စကားခုထိ မှန်နေတုန်းပါပဲ။ သာသနာရဲ့အလွဲတွေကိုပြောရင် အချို့ မိရိုးဖလာ ဗုဒ္ဓဘာသာတွေက မကြိုက်ကြပါဘူး။တကယ်တော့လွဲနေတာကိုပြင်ဖို့ မကြိုးစားကြဘဲ သာသနာကို သူပြော ငါပြော ပါးစပ်ပြောတွေမှာလမ်းဆုံးနေကြတာဖြစ်ပါတယ်။

အာဏာရှင်တွေဟာ သာသနာကို ခေတ်အဆက်ဆက်နည်းပေါင်းစုံနဲ့ အသုံးချခဲ့ကြပါတယ်။ သူတို့အသုံးချလို့မရတဲ့ဆရာတော်တွေဆိုရင်  အသွားအလာ အဆက်ဆံ လုံးဝမလုပ်ကြဘူး။ အထူးသဖြင့် ဘာသာသာသနာ ပျောက်မှာစိုးကြောက်တယ်ဆိုတဲ့စကားလုံးကို အာဂုံဆောင်ထားကြပြီး လူမျိုးရေး၊ ဘာသာရေးပြဿနာတွေကိုလည်း ဖန်တီးခဲ့ကြတယ်။ သူတို့မှ တိုင်းပြည်ကို မအုပ်ချုပ်ရင် ဘာသာပျောက် လူမျိုးပျောက်သွားနိုင်တယ်လို့ ဝါဒဖြန့်ကြပါတယ်။

အာဏာရှင်ဆိုတာ သူနဲ့နီးစပ်ရာသူတွေကိုသာ၊ သူ့ကိုထောက်ခံတဲ့သူတွေကိုသာ နေရာပေးမြှောက်စားလေ့ရှိပါတယ်။ အထူးသဖြင့် အာဏာရှင်တွေကိုင်ထားတဲ့ အညှာဟာ ဘာသာရေးမှိုင်းပဲဖြစ်ပါတယ်။

သူတို့ကောင်းကြောင်းလော်ဘီလုပ်တဲ့ ရဟန်းတွေကိုလည်း သာသနာအတွင်းမှာ နေရာကောင်းတွေကိုပေးပြီး ချီးမြှောက်လေ့ရှိကြတယ်။

ယခုလည်း အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ်ရဲ့ ပါချုပ်နေရာကို ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒကို ခန့်အပ်လိုက်ပါတယ်။ ဒီနေရာမှာပြောစရာရှိလာပါပြီ ။ ထေရဝါဒတက္ကသိုလ်ရဲ့ သမိုင်းအစနဲ့ ပါချုပ်နေရာမှာ စွမ်းခဲ့ကြတဲ့ ဆရာတော်တွေရဲ့အကြောင်းကိုပါ။ ထေရဝါဒတက္ကသိုလ်ကို ၁၉၉၈ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာပြုတဲ့နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရဲ့ အစည်းဝေးဆုံးဖြတ်ချက်နဲ့ စတင်အကောင်ထည်ဖော်ခဲ့တာဖြစ်ပြီး ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ထေရဝါဒတက္ကသိုလ် ရဲ့ ပထမဆုံးပါချုပ်ဆရာတော်ဟာ အမေရိကန် ထေရဝါဒ ဗုဒ္ဓဘာသာအသင်းကြီးရဲ့ဩ ဝါဒ စရိယဖြစ်တဲ့ ဆရာတော် အရှင်သီလာနန္ဒာဘိဝံသဖြစ်ပါတယ်။ စစ်ကိုင်းမြို့မှာရှိတဲ့ အတိသုဒ်ဓါရုံ ပါဠိတက္ကသိုလ်မှာ နည်းပြဆရာအဖြစ်၊ မန္တလေးရှိ အဘယာရာမ ရွှေကူတိုက်မှာ  ဗုဒ္ဓကျမ်းစာ၊ ပါဠိ၊ သက္ကတ၊ ပရားခရစ်(Prakit) ဘာသာစကားများကိုသင်ကြားပေးကာ မန္တလေးတက္ကသိုလ် (ယခင်:မန္တလေး ဝိဇ္ဇာသိပ္ပံတက္ကသိုလ်) အရှေ့တိုင်းဘာသာစကားဌာန၏ ပြင်ပစာစစ်သူအဖြစ်လည်း တာဝန်တွေကို ထမ်းဆောင်တော်မူခဲ့သူဖြစ်ပါတယ်။

များလှစွာသော သာသနာရေးဆိုင်ရာလုပ်ဆောင်ချက်တွေထဲ အချို့ကိုသာ စာရေးသူ ကောက်နှုတ်တင်ပြသွားမှာဖြစ်ပါတယ်။ ဆရာတော်ဟာ တိပိဋက ပါဠိ-မြန်မာ အဘိဓာန်ကျမ်းကို အဓိကပြုစုသူသူလည်းဖြစ်ပါတယ်။ ၁၉၅၄ မှ ၁၉၅၆ အတွင်း ရန်ကုန်မြို့၌ ကျင်းပခဲ့တဲ့ ဆဋ္ဌသင်္ဂါ ယနာတင်ပွဲမှာ ပါဠိကျမ်းစာနှင့် ဆက်စပ်ရှင်း လင်းချက် မှတ်ချက်များကို တည်းဖြတ်သူအဖွဲ့ဝင်တဦးအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ မဟာစည်ဆရာတော်ကြီးနှင့် မင်းကွန်းတိပိဋကဆရာတော်ကြီးတို့အတွက် အလုပ်တာဝန်များဆောင်ရွက်ပေးနိုင်ခဲ့သူတဦးလည်း ဖြစ်တယ်။

ဒါပထမဆုံး အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ်ရဲ့ ပါချုပ်ဆရာတော်ကြီးဖြစ်ပါတယ်။ ဆရာတော်ဟာ အမေရိက ထေရဝါဒ ဗုဒ္ဓ ဘာသာအသင်း(the Theravada Buddhist Society of America) ၌ ဩဝါဒစရိယဆရာတော် အဖြစ်ဆောင်ရွက်ခဲ့ပြီး ထိုအဖွဲ့ရဲ့အမေရိကန်ပြည်ထောင်စု၊ ဓမ္မနန္ဒဝိဟာရကျောင်းမှာ ကျောင်း ထိုင်ဆရာတော်အဖြစ် သာသနာဝန်ကို ထမ်းရွက်တော်မူခဲ့ပါတယ်။

သက်တော် ၇၆ နှစ်မှာ အမေရိကန်နိုင်ငံ ကယ်လီးဖိုးနီယားပြည်နယ်မှာ ပျံလွန်တော်မူခဲ့ပါတယ်။ ဆရာတော် အရှင်သီလနန္ဒာဘိဝံသ လွန်တော်မူပြီးနောက်ပိုင်း အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ်မှာ ပါချုပ်တာဝန်ကို ခန့်အပ်ခြင်းခံရတဲ့ ဆရာတော်ကတော့ အရှင်နန္ဒမာလာဘိဝံသဆရာတော်ကြီး ဖြစ်ပါတယ်။

ဆရာတော် အရှင်နန္ဒမာလာဘိဝံသဟာ ၁၉၉၄ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပြီးမဟာသုဗောဓာရုံ၌ တိုက်အုပ်ဆရာတော် ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံကိုပြန်မရောက်ခင် ၁၉၉၄ ခုနှစ်၊ ဩဂုတ်လမှာ အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ ဆေးလ်ဗားစပရင်းမြို့က မင်္ဂလာရာမကျောင်းမှာ အဘိဓမ္မာသင်ခန်းစာများပို့ချခဲ့ပါတယ်။

၁၉၉၅ ခုနှစ်မှာစစ်ကိုင်းတောင်ရိုးမှာ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တည်ထောင်ဖွင့်လှစ်တဲ့အခါ ပါမောက္ခချုပ်အဖြစ်ဘာသာစကားဌာနမှာအင်္ဂလိပ်စာဒီပလိုမာတန်းနှင့်ဘီအေတန်းများမှာ သက်ဆိုင်ရာဘာသာရပ်များကို အမေရိကန်ပြည်ထောင်စု၊ ကိုရီးယား၊ မက္ကဆီကို၊ ဂျာမနီ၊ ပြင်သစ်စတဲ့ နိုင်ငံတွေကကျောင်းသား၊ ကျောင်းသူတွေကို ပါဠိဘာသာနဲ့ အဘိဓမ္မာကိုသင်ကြားပို့ချခဲ့ပါတယ်။

၁၉၉၆ ခုနှစ်မှာ နိုင်ငံတော်ကဆက်ကပ်တဲ့ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ရရှိခဲ့သလို ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်တွင် စမ်းကလေးအယူဝါဒ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းကို စစ်ဆေးဆုံးဖြတ်ရန် နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့က နိုင်ငံတော်သီးခြားဝိနည်းဓိုရ် အမှတ် (၁၁) ကို ဖွဲ့စည်းပေးခဲ့ရာတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

ဆရာတော်အရှင်သီလာနန္ဒာဘိဝံသဆရာတော်ကြီး လွန်တော်မူပြီးနောက်ပိုင်း အပြည်ပြည်ဆိုင်ရာထေရဝါဒ တက္ကသိုလ်ကြီးမှာ ပါချုပ်တာဝန်ကိုယူခဲ့ပြီး ယခုလက်ရှိအချိန်မှာတော့ ပါချုပ်တာဝန်မှ အနားယူလိုက်ပြီဖြစ်ပါတယ် ။ 

ခုလက်ရှိမှာတော့ အပြည်ပြည်ဆိုင်ရာထေရဝါဒ တက္ကသိုလ်လစ်လပ်နေတဲ့ ပါချုပ်နေရာမှာ ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒကိုခန့်အပ်လိုက်ပါတယ် ။ အဲ့ဒီ အပေါ် ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။ ပါချုပ်အဆက် ဆက် ရှေ့နှစ်ဆက်မှာ ဘိဝံသဆရာတော်ကြီးတွေဖြစ်တဲ့အတွက် လက်ရှိ လစ်လပ်နေတဲ့ပါချုပ်နေရာမှာလဲ ဘိဝံသဘွဲ့ ရဆရာတော်တပါးပါးကို  ဖြစ်စေချင်တဲ့ဆန္ဒ ရှိကြပါတယ်။

ဒီဆောင်းပါးကို ဗုဒ္ဓရဲ့ အဆိုအမိန့်တခုနဲ့ အဆုံးသတ်ချင်ပါတယ်။

ဘိက္ခုတို့.....လာဘ သက္ကာရ သိလောကသည် ငါးမျှားချိတ်အဖျား၌ တပ်အပ်သော ငါးစားနှင့်တူ၏။
ငါးစားကိုမက်၍ ငါးမျှားချိတ်ကို မျိုချမိသော ငါးသည် တံငါအလိုရှိတိုင်း အပြုခံရတော့သကဲ့သို့ လာဘသက္ကာရ သိလောက၏ အလွှမ်းမိုးခံရသော ရဟန်းသည် မာရ်နတ်အလိုရှိတိုင်း အပြုခံရလေတော့၏။
ဗုဒ္ဓ 
*
(The Myanmar Peace Narrative မှရေးသားတင်ဆက်သည်။)
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar