Breaking News

အိုက်နီ(ဖြူး) - ပြည်သူလူထုရဲ့မျှော်မှန်းချက် နဲ့ တော်လှန်ရေးရဲ့အလားအလာ


ပြည်သူလူထုရဲ့မျှော်မှန်းချက် နဲ့ တော်လှန်ရေးရဲ့အလားအလာ
အိုက်နီ(ဖြူး)
(မိုးမခ) ဇွန် ၁၇၊ ၂၀၂၂

ပြည်သူလူထုရဲ့မျှော်မှန်းချက်နဲ့ တော်လှန်ရေးအလားအလာဆိုတဲ့နေရာမှာ ပြည်သူလူထုရဲ့မျှော်မှန်းချက်ဆိုရင်ပြည်သူလူထုဆိုတာကိုဖွင့်ဆိုဖို့လိုအပ်ပါတယ်။ ပြည်သူလူထုဆိုတာကို ယျေဘုယျဆန်ဆန်အဓိပ္ပာယ်ဖွင့်ဆိုနေရုံနဲ့မလုံလောက်ဘူးလို့ ကျနော်ယူဆပါတယ်။ ပြည်သူလူထုဆိုတာ ဘာလဲ ဘယ်သူတွေကို ပြောတာလဲ။

ပြည်သူလူထုအကြောင်းပြောမယ်ဆိုရင် လူသားတို့ရဲ့အစကိုထည့်သွင်းဆွေးနွေးရမှာဖြစ်ပါတယ်။ လူသားရဲ့မူလအစမှာ လူသားနဲ့ သားရဲတိရစ္ဆာန် ကုန်းမြေ ရေပြင် ကောင်းကင်ဆိုတာပဲရှိနေပြီး အုပ်စိုးသူလည်းမရှိသလိုအုပ်ချုပ်ခံလည်းရှိမနေပါဘူး။ ကုန်ကုန်ပြောရရင် ကိုးကွယ်ယုံကြည်မှုဘာသာတရားတွေလည်း ရှိမနေသေးပါဘူး။ လူသားတွေရဲ့ဘဝအစက စီးပွားရေးတိုက်ပွဲပဲရှိပါတယ်။ နိုင်ငံရေးတိုက်ပွဲဆိုတာရှိမနေသေးပါဘူး။

စီးပွားရေးတိုက်ပွဲဆိုတာ အသက်ရှင်သန်ရေးအတွက် အစာရေဆာရှာဖွေရတာပဲဖြစ်ပါတယ်။ ဒါကြောင့်နိုင်ငံ ရေးအဘိဓမ္မာပညာရှင်တွေက လူသားတွေကတိုက်ပွဲသုံးခုကို ဖြတ်သန်းရမှာလို့ ပြောကြားခဲ့ကြတာပါ။ အဲ့တိုက်ပွဲ ၃ ခုက ကုန်ထုတ်လုပ်မှုတိုက်ပွဲ၊ သိပ္ပံပညာစမ်းသပ်မှုတိုက်ပွဲ၊ လူတန်းစားတိုက်ပွဲဖြစ်ပါတယ်။

ကုန်ထုတ်လုပ်မှုတိုက်ပွဲဆိုတာက အသက်ရှင်သန်ရေးအတွက်အစားအစာရှာဖွေရတယ်။ သစ်ဥသစ်ဖု၊သားစိမ်း ငါးစိမ်းတွေရှာဖွေစားသောက်ရတယ်။ ပိုယဥ်ကျေးလာတဲ့အခါ ချက်ပြုတ်စားသောက်ရတယ်။ အဝတ်အစားဝတ်ဆင်ဖို့ တောရိုင်းတိရစ္ဆာန်တွေရဲ့အရေခွံတွေ ခြုံဝတ်လာရတယ်။ အိုးခွက်တွေတီထွင်လာတယ်။ စိုက်ပျိုး ရေးအတတ်ပညာတွေ၊ အဝတ်အစားယက်လုပ်တီထွင်လာရတာပဲ ဖြစ်ပါတယ်။ ကုန်ကုန်ပြောရရင် အဆောက်အဦတွေဆောက်လုပ်တတ်လာတဲ့အထိပါ။ ကျောက်လက်နက် ကြေးပုဆိန် ရက်ကန်း ဗိသုကာ စတာတွေ တီ ထွင်လာတဲ့အထိပါ။ လူသားတွေကအသက်ရှင်သန်ရေးအတွက် တီထွင်ဆန်းသစ်လာခဲ့ကြရတယ်။ နောက်လည်း တီထွင်ဆန်းသစ်နေဦးမှာပဲဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှုမရှိဘဲ လူသားမျိုးနွယ်ကြီးမရှင်သန်နိုင်ပါဘူး။ ဒါပေမယ့် လွယ်လင့်တကူရရှိခဲ့တာတော့ မဟုတ်ပါဘူး။ ကုန်ထုတ်လုပ်မှုတိုက်ပွဲအတွင်းမှာ အစာရေစာသားငါးရှာရင်း ဘယ်လောက်တောင်အသက်စွန့်လိုက်ရသလဲ၊ တောရိုင်းတိရစ္ဆာန်တွေရဲ့ရန်မူမှုကြောင့် ဘယ်လောက်တောင်အသက်ပေးလိုက်ရသလဲ မရေမတွက်နိုင်ပါဘူး။ လူသားရဲ့သမိုင်းအစကို တိုက်ပွဲကိုဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ အဲ့တိုက်ပွဲထဲကနေပဲ မြို့ပြနိုင်ငံတွေအဆင့်အစိုးရမင်းတွေအဆင့်ထိ ဖြစ်ပေါ်တိုးပွားလာတာဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှုတိုက်ပွဲကတဆင့် ယဥ်ကျေးလာတဲ့လူ့အဖွဲ့အစည်းမှာ အတတ်ပညာတွေ စမ်းသပ်တီ ထွင်လာရတာပဲဖြစ်ပါတယ်။ ကြေးပုဆိန်နေရာမှာ မြေတူးစက်တွေ၊ ဓားတွေနေရာမှာ ယမ်းမှုန့်သုံးပြီးပစ်ခတ်ရတဲ့သေနတ်တွေ၊ တောမီးနေရာမှာ လျှပ်စစ်တွေ အစားထိုးတဲ့အထိပါပဲ။ အနုမြူ သဘာဝဓာတ်ငွေ့ အစရှိသည်ကို စမ်းသပ်ခဲ့ကြတာဟာ သိပ္ပံပညာစမ်းသပ်မှုတိုက်ပွဲပဲ ဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှုတိုက်ပွဲလိုပဲ လွယ်လွယ်ရခဲ့တာမဟုတ်ပဲ အသက်ပေါင်းများစွာပေးဆပ်ပြီးမှ တိုက်ပွဲဆင်ပြီးမှ ရရှိလာတာဖြစ်ပါတယ်။ ဥပမာပြောရရင်အနုမြူစမ်းသပ်ရင်း အနုမြူအိုးပေါက်ကွဲလို့ ဘယ်လောက်ထိအသက်ပေးလိုက်ရသလဲ၊ ဓာတုဗေဒစမ်းသပ်မှုကြောင့် ဓာတ်ခွဲခန်းပေါက်ကွဲပြီး အသက်တွေပေးခဲ့ရတာမရေမတွက်နိုင်အောင်ပါပဲ။ ကုန်ထုတ်လုပ်မှုတိုက်ပွဲရောနည်းပညာစမ်းသပ်မှုတိုက်ပွဲတွေက လူသားတွေရဲ့သမိုင်း၊ ပြည်သူလူထုရဲ့သမိုင်း ဖြစ်ပါတယ်။ ဒါပေမယ့်အုပ်စိုးသူလူတန်းစားက ကုန်ထုတ်လုပ်မှုတိုက်ပွဲနဲ့ နည်းပညာစမ်းသပ်မှုတိုက်ပွဲတို့ရဲ့ အောင်သီးအောင်ပွင့်ကိုလက်ဝါးကြီးအုပ်လိုမှုကြောင့် အုပ်စိုးသူနဲ့အုပ်စိုးခံကြားက တိုက်ပွဲဖြစ်ပေါ်လာရတာပါ။ ဆိုလိုတာကပြည်သူ လူထုရဲ့ဘဝတွေ အသက်သွေးချွေးပေးဆပ်မှုကြောင့်ရရှိလာတဲ့အကျိုးရလာဒ်တွေကို လက်တဆုပ်စာအုပ်စိုးသူလူတန်းစားကချယ်လှယ်မှုကြောင့် အများတကာ့ အများစုပြည်သူလူထုနဲ့တိုက်ပွဲဖြစ်ပေါ်လာရတာပါ။ ဒါကိုလူ တန်းစားတိုက်ပွဲလို့ ကျနော်တို့သတ်မှတ်ရမှာပါ။ 

ဒီကနေ့ကျနော်တို့နိုင်ငံမှ ာပြည်သူလူထုရဲ့အသက်စည်းစိမ်သယံဇာတတွေကို လက်ဝါးကြီးအုပ်စီးလိုမှုကနေ စစ်အာဏာသိမ်းမှုပေါ်လာရတာဖြစ်တယ်။ ပြည်သူလူထုကလည်း ရရာလက်နက်စွဲကိုင်ပြီး တော်လှန်တိုက်ပွဲဝင်နေရတာဖြစ်ပါတယ်။ လူတန်းစားတိုက်ပွဲဆိုတာ မတရားဖိနှိပ်အုပ်စိုးနေတဲ့ အာဏာရှင်အစိုးရတွေခုခံတွန်း လှန်နေတဲ့ပြည်သူလူထုကြားထဲက တိုက်ပွဲပဲဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုလို့အဓိပ္ပာယ်ဖွင့်ဆိုမယ်ဆိုရင် လူဖြစ်တာနဲ့ ပြည်သူပါလို့ ကျနော်တို့သတ်မှတ်လို့မရပါဘူး။ ပြည်သူလူထုတွေကို သွေးစုပ်ခြယ်လှယ်နေတဲ့ စစ်မိစ္ဆာတွေ၊ စစ်ကောင်စီကိုအထောက်အပံ့ပေးနေတဲ့ခရိုနီစီးပွားရေးသမားတွေကို ကျနော်တို့ကပြည်သူပါလို့မသတ်မှတ်နိုင်ပါဘူး။ ကုန်ကုန်ပြောရရင် စစ်ကောင်စီကိုအလုပ်အကျွေးပြုနေတဲ့လူမှန်သမျှကို ကျနော်တို့ပြည်သူလို့ သတ်မှတ်လို့မရပါဘူး။ အဖိနှိပ်ခံနေရတဲ့ သွေးစုပ်ခြယ်လှယ်ခံနေရတဲ့ပြည်သူတွေကို ကျနော်တို့ရဲ့ပြည်သူအစစ်အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်အဖိနှိပ်သွေးစုပ်ခံနေရတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကသာပြည်သူလူထုအားလုံးကို ကိုယ်စားပြုနေမှာပါ။ ပြည်သူတွေရဲ့မျှော်လင့်ချက်ကတန်းတူမှု၊ လွတ်လပ်မှု၊သာတူ ညီမျှမှုတွေပဲဖြစ်ပါတယ်။ အာဏာရှင်စနစ်ဆိုးကို ဘယ်တုန်းကမှပြည်သူလူထုက လက်သင့်မခံခဲ့ပါဘူး။ပြည် သူလူထုရဲ့သမိုင်းမှ ာစစ်အာဏာရှင်စနစ်ကိုမျိုးဆက်နဲ့ရှိပြီး ဆန့်ကျင်ခဲ့တဲ့သမိုင်းပါ။ ဒါဟာ လူမျိုးပေါင်းစုံပြည် သူလူထုရဲ့ သမိုင်းလည်းဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ မျှော်လင့်ချက် ငြိမ်းချမ်းမှုကိုမြတ်နိုးတယ်၊ တန်းတူမှု၊လွတ်လပ်မှု၊ သာတူညီမျှမှုကို ခေတ်တိုင်းစနစ်တိုင်းမှာ လိုလားတောင့်တခဲ့တာ ဖြစ်ပါတယ်။ ဆိုလိုတာကအစားအစာသေကြေရမှာ ဆေးမကုနိုင်နိုင်လို့အသက်ပေးလိုက်ရမှာ ၊မိမိတို့မျိုးဆက်သစ်တွေကိုပညာသင်ကြားခွင့်ရဖို့ စိုးရိမ်ကြောင့်ကြနေရမှာတွေကို ပြည်သူလူထုကမလိုချင်ပါဘူး။ စစ်အာဏာရှင်လက်အောက်မှာ ဒါတွေကတကယ်ဖြစ်လာမှာဖြစ်တာကြောင့် ပြည်သူလူထုက စစ်အာဏာရှင်ဆန့်ကျင်ရေးမှာမျိုးဆက်နဲ့ရှိပြီးဆန့်ကျင်ခဲ့တာဖြစ်ပါတယ်။ ပြည်သူလူထုရဲ့မျှော်လင့်ချက်ဘာလဲဆိုတာကို တလုံးထဲပြောပါဆိုရင် စစ်အာဏာ ရှင်စနစ် အကုန်အစင်ဖျက်သိမ်းနိုင်ရေးနဲ့ စစ်မှန်ပြီးတန်းတူတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေးပဲဖြစ်ပါတယ်။

ဒုတိယအပိုင်းဖြစ်တဲ့တော်လှန်ရေးအလားအလာအကြောင်းကို ကျနော်ဆက်လက်ပြီး ဆွေးနွေးမှာဖြစ်ပါတယ်။ဒီကနေ့တော်လှန်ရေးမှာအင်အားစုကြီး ၃ စုရှိနေပါတယ်။ ပြည်သူလူထုကိုဖိနှိပ်အုပ်စိုးနေတဲ့ ရန်သူစစ်အုပ်စု၊အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဒီမိုကရေစီအင်အား၊ ပြီးတော့ တိုင်းရင်းသားတော်လှန်ရေးအင်အားစု။
ဒီ ၃ အုပ်စုထဲမှာ စစ်အုပ်စုက ဘုံရန်သူ လူတန်းစားဖြစ်ပါတယ်။ ဘဝအရ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတို့က မလွှဲမသေ ပူးပေါင်းကြရမှာဖြစ်တယ်။ ဒါမှရန်သူလူတန်းစားစစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းနိုင်မှာဖြစ်တယ်။ ဒါပေမယ့် ဘယ်လိုပူးပေါင်းကြမလဲ။ ဒီမေးခွန်းက အင်မတန်အရေးပါပါတယ်။ တော်ရိရော်ရိ ပူးပေါင်းလို့တော့ မဖြစ်တန်ရာဘူး။ တန်းတူရေးအခြေခံကနေပဲ ပူးပေါင်းရမှာဖြစ်တယ်။ နိုင်ငံရေးသဘောတူညီချက်တွေကို အခိုင်အမာချုပ်ဆိုပြီး ပင်လုံစာချုပ်ကဲ့သို့နိုင်ငံရေးသဘောတူညီမှုကနေပဲ ပူးပေါင်းလို့ရမှာပါ။ ဒီသဘောတူညီချက်ကို နိုင်ငံကြီးသားပီသစွာ အမျိုးသားညီညွတ်ရေးအစိုးရကနေ ကတိတည်ဖို့လိုသလို တိုင်းရင်းသားတော်လှန်ရေးအင်အားစုကလည်း လိုက်ပါဖို့လိုပါတယ်။ နိုင်ငံရေးသဘောတူညီချက်မရှိဘဲ ခိုင်မာတဲ့ပူးပေါင်းမှုမျိုးရရှိလာမှာမဟုတ်ပါဘူး။ ဒီနေရာ်မှာ မပြောမပြီးတဲ့ကိစ္စရပ်က လူမျိုးကြီးဝါဒဘာသာကြီးဝါဒနဲ့ ကျဥ်းမြောင်းတဲ့အမျိုးသားရေးအမြင်ကိစ္စပါ။ ကျဥ်းမြောင်းတဲ့အမျိုးသားရေးဝါဒကို လူမျိုးကြီးဝါဒကမွေးထုတ်ပေးတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်က ဗမာလူမျိုးကြီးဝါဒကို ကျင့်သုံးတာဖြစ်လို့ လူမျိုးကြီးဝါဒကနေ စစ်အာဏာရှင်စနစ်ကို မွေးထုတ်ပေးတာပါ။ စစ်အာဏာ ရှင်စနစ် ဖခင်မိခင်ရင်းဖြစ်တဲ့ ဖက်ဆစ်စနစ်ကျင့်သုံးခဲ့တဲ့ အတိတ်ကဂျာမဏီပဲကြည့်ကြည့် အီတလီပဲကြည့်ကြည့် ဂျပန်ကြည့်ကြည့် လူမျိုးကြီးဝါဒကပေါ်ထွက်လာတာဖြစ်ပါတယ်။ ဒါကြောင့် လူမျိုးကြီးဝါဒအခြေခံကနေပေါင်းစည်းဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျနော်တို့အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရက သတိ ချပ်စေချင်ပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ ကျဥ်းမြောင်းတဲ့အမျိုးသားရေးအမြင်ကိုပယ်ဖျောက်ပစ်ရပါမယ်။ ပြည်နယ်လွတ်မြောက်ရေးက အဖြေမဟုတ်ပါဘူး။ ပြည်ထောင်စုတတိုင်းပြည်လုံးမလွတ်မြောက်ဘဲပြည်နယ်တွေ မလွတ်မြောက်နိုင်ပါဘူး ။ ယာယီလွတ်မြောက်တာမျိုးဖြစ်နိုင်ပေမယ့်  ရန်သူစစ်အုပ်စုအင်အားကြီးထွားလာတဲ့အခါ ချေမှုန်းခံရမှာပဲ ဖြစ်ပါတယ်။ လူမျိုးပေါင်းစုံဘာသာပေါင်းစုံချစ်ကြည်ရေးကပဲ စစ်အာ ဏာရှင်စနစ် ဖျက်သိမ်းနိုင်မှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ပူးပေါင်းမှုကို ရန်သူစစ်အုပ်စုက မဖြစ်ဖြစ်တဲ့နည်းနဲ့နှောင့်ယှက်သွေးခွဲမှာဖြစ်သလို ကျနော်တို့ကလည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ရမှာပါ။ ဒါမှသာ လက်တွေ့မှာစစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ပြီး နိုင်ငံသစ်ထူထောင်နိုင်မှာဖြစ်ပါတယ်။ ကျနော်တို့သတိချပ်ရမှာက နိုင်ငံရေးအချောင်သမားကြားပွဲစားတွေကိုပါ။ ရွှေပြည်အေးတရားဟောပြီးအဖျက်အမှောင့်လုပ်ငန်းတွေကိုလုပ်နိုင်တာဖြစ်လို့ ရန်သူလူတန်းစားနဲ့တတန်းစားထဲ ထည့်သွင်းထားသင့်ပါတယ်။ တော်လှန်ရေးကိုချိနဲ့အောင် ရန်သူလူတန်းစားမလုပ်နိုင်ပေမယ့် ကြားပွဲစားနိုင်ငံရေးအချောင်းသမားတွေက လုပ်နိုင်ပါတယ်။ တိုင်းရင်းသားအင်အားစုနဲ့ NUG ကြားသွေးထိုးမှုတွေကိုလုပ်နိုင်တာကို ကျနော်တို့သတိကြီး ကြီးထားရမှာပါ။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့နိုင်ငံရေးသဘောတူညီမှုကို အမြန်ဆုံးအကောင် အထည်ဖော်ပြီး တော်လှန်ရေးဒီရေမြင့်သစ်ကို တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ ချီတက်ဖို့တိုက် တွန်း လိုပါတယ်။ အမျိုးသားတပ်ပေါင်းစုဖွဲ့စည်းရေးကနေ တော်လှန်ရေးအဆင့်တနေရာကို မြှင့်တင်နိုင်မှာပါ။ဆိုလိုတာက ဖဆပလကဲ့သို့ တပ်ပေါင်းစုမျိုးပါ။ နိုင်ငံရေးအရတန်းတူမှုရှိပြီး အာမခံချက်ရှိတဲ့တပ်ပေါင်းစုတည်ဆောက်ဖို့လည်း အထူးမေတ္တာရပ်ခံလိုပါတယ်။ အဲ့လိုမှသာကျနော်တို့မဆောင်ရွက်နိုင်ရှေ့လာမယ့်အလားအလာက အင်မတန်မှရင်လေးစရာကောင်းပါတယ်။ ဒီတော်လှန်ရေးဘယ်တော့ပြီးမလဲဆိုတဲ့မေးခွန်းပြည်သူလူထုကြား အမြဲမေးခွန်းထုတ်ခံနေရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အခြေခံဒေသလွတ်မြောက်နယ်မြေမထူထောင်နိုင်ရင် အနိုင်ရဖို့ပြောရခက်ပါလိမ့်မယ်။ကျနော်တို့ရေရှည်ချီတက်ရမှာပါ။ စစ်အာဏာရှင်စနစ်မပြုတ်မချင်း တော်လှန်ရမှာပါ။ ဇွနဘဲရှိကြဖို့လည်း လိုပါတယ်။ ရန်သူလူတန်းစားလည်း သူအကြပ်အတည်းနဲ့သူ ကျနော်တို့လည်း ကိုယ့်အကြပ်အတည်းနဲ့ကိုယ်ပါ။ လက်တွေ့အလားအလာပြောပါဆိုရင်တလုံးထဲပြောရရင် ကျနော်တို့က ကျနော်ကြားကအကြပ်အတည်းကိုဖြေရှင်းနိုင်ရင် ကျနော်တို့အောင်ပွဲခံမယ်။ မဖြေရှင်းနိုင်ပဲ ရန်သူလူတန်းစားကသူအကြပ်အတည်းကိုသူဖြေရှင်းနိုင်ရင် ရန်သူလူတန်းစားကအသာစီးရသွားမှာပဲ ဖြစ်ပါတယ်။ ကျနော်မှတ်သားဖူးတဲ့စကားနဲ့ပဲ အနှစ်ချုပ်ချင်ပါတယ်။ အမေရိကန်ရဲ့အချိန်တိကျမှု၊ဆိုဗီယက်ရဲ့ ဇွဲနဘဲကြီးမှု၊ တရုတ်တပ်နီတော်ရဲ့အောက်ခြေသိမ်းနိုင်မှုတွေကို လက်တွေ့ဘဝမှာပေါင်းစပ်ပြီး အမျိုးသားတပ်ပေါင်းစုနဲ့အောင်ပွဲခံကြမှာ မလွဲဧကန်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

အိုက်နီ(ဖြူး)
၂၀၂၂ခုနစ်မေလ၉ရက်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar