Breaking News

မြန်မာ့နွေဦးခရော်နီကယ် - ဇွန်လ ၁၆ မြင်ကွင်း

မြန်မာ့နွေဦးခရော်နီကယ် - ဇွန်လ ၁၆ မြင်ကွင်း

မိုးမခ ဇွန် ၁၇ ၂၀၂၂


မြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ အကူအညီ 

မြန်မာ့နိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ၊ နေရပ်စွန့်ခွာတိမ်းရှောင်ရတဲ့ သူ သန်းချီရှိလာနေတာတွေ၊ နယ်နိမိတ်ကို ကျော်လွန်ပြီး သက်ရောက်လာတဲ့ ဒုက္ခသည်တွေရဲ့အရေးနဲ့ မူးယစ်ဆေးဝါး သယံဇာတ ခိုးထုတ်မှုတွေက ဒေသတွင်းနိုင်ငံတွေအတွက်လည်း ထိခိုက်မှုနဲ့ အချို့က အမြတ်ထုတ်မှုတွေ ရှိလာနိုင်တဲ့ အခြေအနေတွေ ဖြစ်တာကို အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေက သတိပြုမိကြပါလိမ့်မယ်။  

ထိုင်းနိုင်ငံဆိုရင် မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ခေတ္တအားဖြင့် လက်ခံထားရတဲ့ နိုင်ငံလို ဖြစ်နေပြီး အခု တကြိမ်စစ်အာဏာသိမ်းမှု မဖြစ်ခင် ၁၉၈၈ နောက်ပိုင်း ထိုးစစ်တွေ တိုင်းရင်းသားလက်နက်ကိုင်နဲ့ တိုက်ပွဲတွေကတည်းက နယ်စပ်မျဥ်းတလျှောက် ဒုက္ခသည်စခန်း ၇၊ ၈ ခုရှိပြီး လူပေါင်း သိန်းနဲ့ချီတဲ့ အရေအတွက်ကို ဆယ်စုနှစ်ချီ လက်ခံထားခဲ့ရတဲ့နိုင်ငံ ဖြစ်ပါတယ်။  

အခုတဖန် စစ်အာဏာသိမ်းမှုအပြီးမှာ နယ်စပ်တလျှောက် တိုက်ပွဲတွေ ပြန်အရှိန်မြင့်လာပြီး ထွက်ပြေးတိမ်းရှောင်လာသူတွေ ထောင်သောင်းချီ ရှိလာပြန်တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အာဏာရ စစ်ဗိုလ်ချုပ်တွေအနေနဲ့ စစ်ကောင်စီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာက တပိုင်းတဖက်မှာလည်း မဟာဗျူဟာမြောက် မဟာမိတ်နိုင်ငံဖြစ်တဲ့ အမေရိကန်လိုနိုင်ငံရဲ့ တိုက်တွန်းမှုတွေကြောင့် လူသားချင်းစာနာမှုအကူအညီ၊ အတိုက်အခံတွေ ထိုင်းနယ်မြေထဲ နေထိုင်နေကြတာကို မသိကျိုးကျွံပြုရတဲ့ မူဝါဒမျိုး ကျင့်သုံးနေရတဲ့ နိုင်ငံဖြစ်ပါတယ်။  

မြန်မာနိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခတွေဖြစ်လာတာကြောင့် တဘက်မှာ မတည်မငြိမ်ဖြစ်တာ မူးယစ်ဆေးတွေ ပိုထုတ်လုပ်ပြီး ထိုင်းနိုင်ငံကိုဖြတ်ကာ ကမ္ဘာအရပ်ရပ်ကို တင်ပို့တာတွေ၊ နေ့စဥ်လိုလို ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာနေတဲ့ ပြဿနာ၊ ထိုင်းကိုဖြတ်ကာ မလေးရှားကို ဦးတည်သွားရောက်ကြတဲ့ အလုပ်သမားနဲ့ ရိုဟင်ဂျာတွေရဲ့ ကြားစခန်းဖြစ်လာတာ၊ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် အဖွဲ့တွေကို ရောင်းချဖို့ ထိုင်းလက်နက်မှောင်ခိုဂိုဏ်းတွေ ပိုပြီး လှုပ်ရှားလာကြတာတွေက ထိုင်းနိုင်ငံအဖို့ ခေါင်းခဲစရာ စောင့်ကြည့်စရာ ကိစ္စရပ်တွေ ဖြစ်ပါတယ်။  ထိုင်းနိုင်ငံအဖို့ အကျိုးအမြတ်ရော ပြဿနာပါ နှစ်မျိုးလုံးတွဲလျက်ရှိတဲ့ ကိစ္စရပ်လို့ ဆိုရင် မမှားပါဘူး။  

တရုတ်နိုင်ငံအနေနဲ့တော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့အပေါ်မှာ သြဇာရှိပြီး တရုတ်နိုင်ငံရဲ့ စွမ်းအင် သယ်ယူရာလမ်းကြောင်း၊ ယူနန်ပြည်နယ်လိုရဲ့ ပင်လယ်ကုန်သွယ်ရေးထွက်ပေါက်၊ အိန္ဒိယနဲ့ နယ်နိမိတ်ဖြစ်တဲ့ မြန်မာနိုင်ငံ စတဲ့အချက်အလက်တွေအရရော ကမ္ဘာကိုပတ်ပြီးကုန်သွယ်ရေး လမ်းဖောက်ဖို့ ရည်ရွယ်တဲ့ OBOR စီမံကိန်းတို့လိုမှာ မြန်မာရဲ့ ပါဝင်နိုင်မှု စတာတွေက မဟာဗျူဟာမြောက် ထည့်သွင်းစဥ်းစားရမယ့် ရှုထောင့်တွေဖြစ်ပြီး တဖက်မှာလည်း မြန်မာနိုင်ငံတွင်း မတည်မငြိမ်ဖြစ်ပွားနေတာ မြန်မာအတွက်သာမက တရုတ်နိုင်ငံအတွက်လည်း မကောင်းတဲ့ အကျိုးဆက်ကျရောက်မှာမို့ ဘယ်သူဘယ်ဝါ အာဏာရတ​ယ်ဆိုတာထက် တည်ငြိမ်မှု ရှိမယ့် အုပ်ချုပ်သူမျိုးကို ဆက်ဆံလိုတာ အားပေးလိုတာ တရုတ်ရဲ့ အခြေခံမူဝါဒဖြစ်နိုင်ပါတယ်။  

နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နောက် နိုင်ငံတနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံကတော့ စစ်အာဏာသိမ်းပြီးနောက် မြန်မာ့အရေးမှာ သိပ်ပြီး ပါဝင်ပတ်သက်ခြင်းမရှိဘဲ လက်ရှိ အာဏာရှိနေတဲ့သူကို ထိတွေ့ဆက်ဆံတာတွေတော့ ရှိနေတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက ကမ္ဘာမှာ အဖြူ အမည်းခွဲထောက်ခံကြတဲ့ ရုရှား၊ ယူကရိန်းလိုအရေးမျိုးမှာတောင် ကြားနေတဲ့ ရပ်တည်ချက်နဲ့ ရပ်တည်နေတာ ဖြစ်ပြီး မြန်မာ့အရေးမှာလည်း အတိုက်အခံ အန်ယူဂျီလို အစိုးရကို ထိတွေ့ဆက်ဆံမှုမရှိသလို ခပ်ဝေးဝေးနေတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ 

အိန္ဒိယနိုင်ငံရဲ့ လက်ရှိဝန်ကြီးချုပ်ဟာ အမျိုးသားရေးကို အလေးပေးတဲ့ အယူအဆရှိပြီး အရင့်အရင် အစဥ်အလာကြီးတဲ့ ခေါင်းဆောင် နေရူးရဲဲ့ မျိုးဆက်ဝန်ကြီးချုပ်တွေလို မြန်မာ့အတိုက်အခံတွေနဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှု တွေဆက်ဆံရေးတွေ မရှိတာကြောင့် မြန်မာ့အရေးမှာတော့ ထူးထူးခြားခြား ဝင်မပါတာတွေ့ရမှာ ဖြစ်ပါတယ်။

ကျန်တဲ့ နယ်နိမိတ်ချင်းထိစပ်နေတာ မဟုတ်တဲ့ အာဆီယံနိုင်ငံတွေအထဲမှာတော့ ဒီမိုကရေစီ စနစ်ကို ပိုပြီးကျင့်သုံးတယ်ဆိုတဲ့ ဖိလစ်ပိုင်လို အင်ဒိုနီးရှားလို နိုင်ငံတွေက စစ်ကောင်စီကို မထောက်ခံသော်လည်း အတိုက်အခံ အဖွဲ့အစည်းတွေနဲ့ သိပ်ပြီး နီးနီးစပ်စပ် ထိတွေ့မှု ထောက်ခံမှု မတွေ့ရပါဘူး။  

ယခင် ရိုဟင်ဂျာအရေးတွေ ဖြစ်ပွားစဥ်က မြန်မာစစ်တပ်နဲ့ အာဏာရ အစိုးရကို ဖိအားပေးခဲ့တဲ့ မလေးရှားနိုင်ငံကတော့ အခုစစ်အာဏာသိမ်းအပြီး စစ်ကောင်စီကို ပိုပြီးဖိအားပေးဖို့ အာဆီယံနိုင်ငံတွေအကြား တိုက်တွန်းနှိုးဆော်တဲ့ နိုင်ငံဖြစ်နေပါတယ်။ ရိုဟင်ဂျာအရေးက မလေးရှားရဲ့ အဓိကအာဂျင်ဒါကြောင့်လား သို့မဟုတ် ဒေသတွင်း မှာ ဖြစ်ပွားလာနိုင်တဲ့ မတည်ငြိမ်မှုတွေကို မလိုလားလို့ စစ်အာဏာရှင်တွေကို ဖိအားပေးဖို့ ရည်ရွယ်တာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိနိုင်ပါဘူး။  

စစ်ကောင်စီကို သံတမန်ရေးအရ ဖိအားပေးဖို့ အာဆီယံနိုင်ငံအတော်များများက သဘောတူကြမှာ ဖြစ်ပေမယ့် စီးပွားရေးအရ ပိတ်ဆို့တာ ၊ ကန့်သတ်တာမျိုးတွေအထိတော့ မလိုလားကြပါဘူး။ စင်ကာပူ လို ထိုင်းလို နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး အရ ရင်းနှီးမြှုပ်နှံမှု အများအပြားရှိကြတာကြောင့် အနောက်နိုင်ငံတွေ လှုံ့ဆော်သလို စီးပွားရေး သပိတ်မှောက်တာ ပိတ်ဆို့တာတွေကို အားမပေးကြပါဘူး။  

ဒီအခြေအနေတွေက မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေရဲ့ မဟာဗျူဟာ၊ သံတမန် ဆက်ဆံရေး အခြေအနေတွေ ဖြစ်ပါတယ်။ အတိုက်အခံ ဘက်က NUG ၊ NUCC၊ CRPH တို့အနေနဲ့ သံတမန် မျက်နှာစာမှာ ကြိုးပမ်းမှုတွေ ကုလသမဂ္ဂမှာ အသိအမှတ်ပြုမှု ပိုမိုတိုးမြင့်လာဖို့တွေကြိုးပမ်းနေကြတာလည်း တွေ့ရပါတယ်။  

တဘက်မှာလည်း သံတမန်ရေးရ ကြိုးပမ်းမှုတွေက အောင်ပွဲရဲ့ အဆုံးအဖြတ်ကို ဘယ်လောက်ရာနှုန်း ချိန်ခွင်လျှာ ပြောင်းလဲစေနိုင်သလဲဆိုတာလည်း အကဲဖြတ် တွက်ချက်ထားဖို့လိုအပ်မယ် လို့ထင်ပါတယ်။  

တိုက်ပွဲရဲ့ အဓိက မျက်နှာစာက ဘယ်ဘက်မှာလဲဆိုတာကို ပထမဆုံး ရှင်းရှင်းလင်းလင်း နားလည် ဆုံးဖြတ်ပြီးနောက်မှာ အဓိက မျက်နှာစာကို အားကောင်းဖို့ တခြားမျက်နှာစာရဲ့ အကူအညီကို ယူဖို့ အဓိက မျက်နှာစာထက် အခြားမျက်နှာစာတွေကို အင်အားပိုစိုက်မထုတ်ဖို့ စတာတွေက အရေးကြီးတဲ့ အချက်အလက်တွေ ဖြစ်မယ်လို့ ထင်မြင်မိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar