Breaking News

ညိုထွန်းလူ - မိုးသက်မုန်တိုင်းထဲမှာ

ညိုထွန်းလူ - မိုးသက်မုန်တိုင်းထဲမှာ
(မိုးမခ) ဇွန် ၁၇၊ ၂၀၂၂

သူ့မျက်လုံးတွေ တဖြေးဖြေးစင်းကျလာခဲ့သည်။ သူအိပ်ပျော်သွားခဲ့ပြီလား မဖြစ်နိုင်ပါ။ လေယာဉ်စက်သံကိုကြားနေရဆဲ။ လေယာဉ်ပေါ်မှာသူရှိနေဆဲ။ လေယာဉ်သည် တစ်ချက်တုန်ခါပြီးနောက် ခပ်နိမ့်နိမ်ပျံသန်းလျက်ရှိသည်။ အောက်ကိုငုံ့ကြည့်လိုက်သောအခါ ကွေ့ကောက်နေသည့်ချောင်းတစ်ခုကို တွေ့လိုက်ရသည်။ မိုးအခါမှာရေစီးသန်ပြီး ယခုအချိန်မှာတော့ ချောင်းတစ်ခုလုံး သဲတွေဖုံးလွှမ်းနေလျက်။ ချောင်းအကွေ့တစ်နေရာတွင် ကျောက်တုံကျောက်ခဲတွေပြည့်သိပ်နေပြီး နံရံကြီးထောင်ထားသလိုဖြစ်နေသည့် ချောက်ကမ်းပါးကြီးကိုတွေ့လိုက်ရသည်။ လူတစ်ကိုယ်စာလှဲ၍နေနိုင်လောက်အောင် ကျယ်ပြန့်သည့် ကျောက်ချပ်လွှာကြီးတွေက တစ်ခုအပေါ်ကိုတစ်ခုကထပ်ရင်း ကမ်းပါးအပြင်ဘက်သို့စွန်းထွက်နေလျက်ရှိသည်။သည်ကျောက်ချပ်လွှာကြီးတွေက အသားညှပ်ပေါင်မုန့်ကို မညီမညာထပ်ထားသလိုမျိုး။

တစ်ချို့က အတွင်းဘက်သို့နစ်ဝင်နေပြီး အဖျားအနားပေါ်ရုံမျှသာ။ တစ်ချို့ကတော့ ချောက်ကမ်းပါးအပြင်ဘက်သို့ သိသိသာသာပြူထွက်နေပြီး ချောင်းထဲသို့ပြုတ်ကျသွားတော့မည့်အလား။ မြင်တွေ့ရတာတွေက သူနှင့်ရင်းရင်းနှီးနှီးဖြစ်နေသောကြောင့် အံ့သြသွားရသည်။ စဉ်းစား၍ မရတော့။ အောက်ကိုငုံ့ကြည့်ရင်း အသက်ရှူရမှာကိုပဲ မေ့လျော့နေမိသည်။ လေယာဉ်သည် ကွေ့ကောက်နေသည့်ချောင်းရိုးအတိုင်း ပျံသန်းနေပါသည်။ ချောင်းထဲကသဲပြင်ပေါ်မှာ လှည်းလမ်းကြောင်းတစ်ခုကို အထင်အရှားတွေ့ရသည်။ တစ်ချို့နေရာမှာတော့ ကိုက်နှစ်ရာခန့်ကျယ်ဝန်းသည့် ချောင်းပြင်ကျယ်။ မိုးအခါချောင်းရေတွေ ဝါးလုံးထိုးကျလာပြီးနောက် ဧရာဝတီမြစ်ထဲသို့စီးဝင်သွားသည်ဟု လူကြီးတွေကပြောပြသည်။

မတ်စောက်သည့်ချောက်ကမ်းပါးထဲမှဖြတ်သန်းသွားသည့်လှည်းလမ်းကြောင်းအတိုင်း ငေးကြည့်နေမိသည်။ မျက်စိတစ်ဆုံးတွင် ကုန်းအမြင့်ပေါ်ကရွာကလေးကို ဘွားကနဲတွေ့လိုက်ရသည်။ အရိပ်ရသည့်သစ်ပင်ကြီးတွေမရှိသလောက်ဖြစ်နေသည့်ရွာကလေး၏မြင်ကွင်းသည် ညည်းငွေ့စရာကောင်းသည်။ နေ့လည်ခင်းတွင်တစ်ရွာလုံးအပ်ကျသံမကြားရလောက်အောင်တိတ်ဆိတ်နေလေ့ရှိသည်။ ကန္တာရဆူးပင်တွေကိုသာ များများစားစားတွေ့ရပြီးအိမ်တွေကလည်း ထန်းရွက်မိုးအိမ်တွေချည်း။ 

ရွာ၏ပတ်ပတ်လည်မှာ မြေဆီသြဇာနည်းပါးသော ယာခင်းတွေရှိသည်။ တစ်နှစ်ပတ်လုံးမိုး ရေချိန် နှစ်ဆယ်လက်မအောက်ရွာသည့်မိုးကိုပဲအားကိုးကြရသည်။ နေပူဖုန်ထူပြီး နွေရာသီရောက်တိုင်း သောက်သုံးရေအတွက် ပူပန်ကြောင့်ကျရစမြဲ။ ဆင်းရဲမွဲတေခြင်းသည် ရွာက လေး၏ ဖွားဖက်တော်ဖြစ်ဟန်တူပါသည်။ သို့ရာတွင် ရွာကလေး၏အမည်ကတော့ ခန့်ညားလွန်းလှ၏။ ချမ်းသာရွာပါတဲ့။ ချမ်းသာရွာမှာသူ့ကိုမွေးဖွားခဲ့သည်။ ချမ်းသာရွာသည် သူ့ရွာ သူ့ဇာတိမွေးရပ်မြေ။

ရွာကလေးကိုငေးကြည့်နေစဉ် တဲအိမ်ကလေးထဲက အသက်လေးငါးနှစ်အရွယ်ကောင်လေးတစ်ယောက်ပြေးထွက်လာသည်ကို တွေ့မြင်ရသည်။ အဲသည်ကောင်လေးက တစ်ခြားသူမဟုတ်ပါ။ သူပါပဲ။ သူသည် ဝင်းပေါက်ဝဆီသို့ အမြန်ပြေးထွက်သွားပြီး အရပ်ခပ်မြင့်မြင့်လူကြီးတစ်ယောက်ကို ဝမ်းသာအားရဖြင့်ဖက်လိုက်သည်။ လူကြီးက သူ့ကိုချီမပြီး တရှုပ်ရှုပ်နမ်းလိုက်သည်။ သူက ရုန်းကန်ရင်း တခစ်ခစ် ရယ် မောနေလျက်။

ထိုစဉ်နူးညံ့သိမ်မွေ့သည့်မျက်လုံးအစုံကို တွေ့လိုက်ရသည်။ ဖေဖေဟုအော်ခေါ်လိုက်သည့် အသံလှိုင်းသည် ရင်ထဲမှာပဲ့တင်ထပ်သွားသည်။ဖေဖေ၏မျက်လုံးတွေမှာ မေတ္တာငွေ့တွေဖြင့် အေးချမ်းကြည်လင်နေသည်။ သည်အချိန်မှာပဲ သားကလေးရေဟု အော်ခေါ်သံကိုကြားလိုက်ရပြန်သည်။ အသံကြားရာဆီသို့လှည့်ကြည့်လိုက်သောအခါ မေမေ့ကိုတွေ့လိုက်ရသည်။

မေမေကပြုံးရယ်ရင်း သူတို့အနားဆီသို့ရောက်လာခဲ့သည်။ ဖေဖေ့ထက် အရပ်အနည်းငယ်ပုပြီး ပိန်ပိန်ပါးပါး မျက်နှာသွယ်သွယ်။ မေမေ၏ အပြုံးသည် ကမ္ဘာပေါ်မှာအလှဆုံးဖြစ်သည်။ မေမေက သူ့ပါးပြင်ကလေးကို မြတ်မြတ်နိုးနိုးနမ်းရှုပ်လိုက်သည်။ မေမေရေဟု ခေါ်လိုက်တော့ ရှင် ... ရှင့်ဟု ထူးလိုက်ရင်း ရယ်မောနေပါသည်။ ထို့အတူ ဖေဖေဟုခေါ်လိုက်သောအခါ ဖေဖေက ခင်ဗျာ ... ကျွန်တော့်နာမည် မောင်လင်းထွဋ်ပါ ခင်ဗျာဟု ပြောလိုက်ရင်း ... တဟားဟားရယ်နေလျက်။ ဟောဒီကမ္ဘာမြေပေါ်မှာ ဖေဖေရယ် မေမေရယ်ရှိနေပြီမို့  သူ့အတွက် တစ်ခြားဘာများလိုအပ်တော့မည်နည်း။

ဖေဖေနှင့် မေမေ့ရင်ခွင်ထဲမှာပဲ အမြဲနေချင်ပါသည်။ ထိုအခိုက် မမြင်နိုင်သည့်အင်အားတစ်ခုက သူ့မိဘနှစ်ပါးကို အဝေးဆီသို့ဆွဲခေါ်သွား၍ ထိတ်လန့်တကြားအော်ဟစ်လိုက်မိသည်။ စိုးရိမ်ကြောက်ရွံ့ခြင်းနှင့်အတူ ကြေကွဲဝမ်းနည်းစိတ်တွေက ရင်ထဲသို့ တမဟုတ်ချင်းရောက်လာခဲ့သည်။ ဖေဖေနှင့်မေမေသည် သူနှင့် ဝေး၍ .... ဝေးသည်ထက် ဝေး၍ ...။

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆင်းသက်တော့မည်ဖြစ်ကြောင်း လေယာဉ်မယ်၏အသံကိုကြားလိုက်ရ၍ လွင့်မျောနေသည့်စိတ်အာရုံသည် ဖျတ်ကနဲလွင့်ပျောက်သွားခဲ့သည်။ မျက်ရည်တွေကိုသုတ်ရင်း အနားဝန်းကျင်ဆီသို့စောင်းငဲ့ကြည့်လိုက်သည်။ ခရီးသည်တွေကသူ့ကိုသတိပြုမိဟန်မတူ။ လေယာဉ်သည်အောက်သို့နိမ့်ဆင်းရင် းတောင်ပံကိုတစ်ဖက်သို့အနည်းငယ်စောင်းလိုက်သည်။ ခပ်လှမ်းလှမ်းဆီမှာကွေ့ဝိုက်စီးဆင်းနေသည့်ဧရာဝတီမြစ်နှင့် စစ်ကိုင်းတောင်ရိုး။ ပြီးတော့ သစ်ပင်တွေ ဘုရားစေတီတွေ သွပ်မိုးအိမ်တွေဝင်းလက်နေသည့်တံတားဦးမြို့ကလေး။

လေယာဉ်ဘီးချလိုက်သည့်အသံကိုကြားလိုက်ရသည်။ စိမ်းစိုနေသည့်စိုက်ခင်းများနှင့် ကန္တာရပင်တွေက လေယာဉ်အောက်မှာ တဖြေးဖြေးနီးကပ်လာခဲ့သည်။ ခဏအကြာ ကွန်ကရစ်ပြင်နှင့် လေယာဉ်ဘီးပွတ်တိုက်သံတွေထွက်ပေါ်လာခဲ့သည်။ ထို့နောက် လေယာဉ်သည် ပြေးလမ်းပေါ်မှာ တဖြေးဖြေးအရှိန်လျော့ချ ရပ်နားလိုက်တော့သည်။ မန္တလေးသို့ရောက်ခဲ့ပြီ။ အနောက်ဖက်မိုးကောင်းကင်ဆီမှာ ဖျာဆင်းနေသည့်နေရောင်သည် ရွှေရောင်တွေဖြင့် ဝင်းတောက်နေလျက်။

(ရေးသားပြီးစီးသွားတဲ့ လုံးချင်းဝတ္ထုထဲက အခန်းတစ်ခုပါ။ စာမျက်နှာသုံးရာနီးပါးရှိပါတယ်။ နောက်လေးငါးလလောက်အကြာ ထုတ်ဝေဖြစ်မလားမပြောတတ်။ အခုတော့ပေါ့ပေါ့ပါးပါး E-book ကလေးတစ်အုပ်စီစဉ်နေပါတယ်ခင်ဗျာ။)

ညိုထွန်းလူ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar