Breaking News

သစ်ကောင်းအိမ် - အိမ်ပြန်ခြင်းများ

သစ်ကောင်းအိမ် - အိမ်ပြန်ခြင်းများ
(မိုးမခ) ဇွန် ၂၂၊ ၂၀၂၂


အဲဒီတခေါက် ငါအိမ်ကိုပြန်ရောက်တော့
ပြေငြိမ်းစျာပနရုပ်ရှင်ကြည့်ပြီး
လမ်းထိပ်ဗွီဒီယိုရုံထဲက
မိန်းမတွေငိုယိုပြီးထွက်လာတဲ့နှစ်ပေါ့
မြို့လယ်ခေါင်နာရီစင်ကြီးက
ဆေးအသစ်တွေသုတ်လက်စ
ငယ်ချစ်ဟောင်းတွေကလည်း
ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီးနဲ့အတူအားယူပြီး
တဖြည်းဖြည်းဖွံ့ဖြိုးတိုးတက်လာကာစ
သမဝါယမဆိုင်မှာဆန်တန်းစီတဲ့ခေတ်ကနေ
အရပ်ထဲကဆယ်အိမ်ခေါင်းတွေအိမ်မှာ ဧည့်စာရင်းတိုင်တဲ့ခေတ်ကိုလည်း
ရောက်ပြီ
အဲဒီနှစ်တနှစ် ငါအိမ်ပြန်ရောက်တော့
ကန်သုံးဆင့်ရေပြင်ဘေးမှာ
ဗိုလ်ချုပ်ကြေးရုပ်အသစ်ကြီးရောက်နေပြီ
အမိမြန်မာပြည်နတ်သမီးရုပ်တုဟာ
အလုပ်သမား ကျောင်းသား စစ်သား
တိုင်းရင်းသားဆွေမျိုးပေါင်းစုံခြံရံပြီး
ပုသိမ်ကောလိပ်တာလမ်းကြီးထိပ်ကိုရောက်နေပြီ
တမြို့လုံးအနှံ့မှာ
စစ်ချီတေးတကြော်ကြော်နဲ့
တို့တာဝန်အရေးသုံးပါးဆိုင်းဘုတ်ကြီးတွေလည်းရောက်နေပေါ့
အဲဒီတခေါက် ငါအိမ်ပြန်ရောက်
ပြန်တယ်
ငါ့သူငယ်ချင်းအိမ်ရှေ့သွားရပ်တော့
လှစ်ခနဲမြင်လိုက်ရတဲ့
ငါ့သူငယ်ချင်းမျက်နှာဟာ
နောက်ဖေးကလက်ခါပြနေတဲ့
သူ့အမေရဲ့နောက်ကျောကနေ
ပြန်ပေါ်မလာတော့ဘူး
အဲဒီနှစ်တွေက
ကျောင်းပိတ်ရက်တွေမှာ
ဆယ်တန်းအောင်ကျောင်းသားတွေဟာ
အပျင်းပြေ ဗိုလ်သင်တန်းသွားဖြေနေကြပြီ
ငါတို့ကျောင်းက ရဲရဲတောက်သူငယ်ချင်းမတွေလည်း
ဗိုလ်ကတော်ဖြစ်ကုန်ပြီ
ငါတို့အိမ်ရှေ့လမ်းဆုံလမ်းခွက
သတိဆွဲအသင့်ပြင်အနေအထားနဲ့
လုံခြုံရေးကင်းတဲကြီးလည်းပြန်ရုတ်သွားပြီ
ဒီလိုနဲ့  အိမ်ဆီအခေါက်ခေါက်
ငါပြန်ရောက်ခဲ့တယ်
တိုးမပေါက်နိုင်တဲ့
ကိုင်းတောကြီးထဲဒရွတ်ဆွဲပြီး
သွေးစက်လက်နဲ့ဒဏ်ရာရသားကောင်လို
အိမ်ပြန်ရောက်ခဲ့တယ်
ဘုံဆိုင်တကာမှာ ဘုံဝါဒကိုထူထောင်
မထူးဇာတ်အခန်းဆက်တွေနဲ့
လမ်းတကာမှာလွင့်ပြီး
အိမ်ပြန်ရောက်ခဲ့တယ်
ကိုယ့်ချစ်သူဝမ်းနဲ့လွယ်ထားတဲ့သားကြီးကို မီးဖွားဖို့ အိမ်ပြန်ရောက်ခဲ့တယ်
အဖေ့မျက်နှာကို နောက်ဆုံးအကြီမ်
သက်ရှိထင်ရှားကြည့်ပြီးနှုတ်ဆက်ဖို့
အိမ်ပြန်ရောက်ခဲ့တယ်
ငါ့အိမ်ပြန်ရောက်လေ့ရှိတဲ့
ကံ့ကော်ပင်တွေမှာဖဲကြိုးဝါတွေလွင့်နေတဲ့
နွေဦးပေါက်ရာသီတွေ
ငါအိမ်ကထွက်ခွာသွားလေ့ရှိတဲ့
မိုးဦးကျလေဦးကျစောသောနှစ်တွေနဲ့
ခြားထားတဲ့သမုဒ္ဒရာအထပ်ထပ်ရဲ့ကမ်းစပ်မှာ
ငါအိမ်မပြန်ဖြစ်တဲ့သောင်မတင်ရေမကျသက္ကရာဇ်များ
အိမ်ဆီအခေါက်ခေါက်
ငါပြန်ရောက်ခဲ့တယ်
အိမ်ဆီအခါခါ
ငါပြန်လာခဲ့တယ်
အိမ်ဆီတခေါက်ပြန်ရောက်တိုင်း
တကြိမ်အသည်းကွဲရလိမ့်မယ်လို့တော့
ဘယ်ကြိုသိနိုင်ပါ့မလဲ
ငါအိမ်ပြန်လာခဲ့တယ်
အိမ်ကို တခေါက်ပြန်ရောက်တိုင်း
မင်းတခါအသည်းကွဲလိမ့်မယ်
ငါတို့နေထိုင်ကြီးပြင်းခဲ့တဲ့ခေတ်ကာလကြီးတလျှောက်
အိမ်တံစက်မြိတ်အောက်က
တကြိမ်ထွက်ခွာသွားပြီးသူတိုင်းဟာ
အိမ်ကို ဘယ်နှခေါက်ပဲ ပြန်ရောက်ရောက်
ဘယ်သူမှ 
အိမ်ပြန်မရောက်ကြတော့ပါဘူး။

 ၂၀ ဇွန်လ ၂၀၂၂ ၊
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar