Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၁ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၁ မြင်ကွင်း

(မိုးမခ) ဇွန် ၂၂၊ ၂၀၂၂


စစ်ကိုင်းတိုင်းက လမ်းမကြီးတွေကို စိုးမိုးထားနိုင်ပေမယ့်လည်း ကျေးရွာတွေ မီးရှို့ခံနေရဆဲ  

လတ်တလော စစ်ကောင်စီနဲ့ PDF တွေ တိုက်ခိုက်မှု၊ ချောင်းမြောင်း ပစ်ခတ်မှု ကြားဖြတ်တိုက်ခိုက်မှုတွေ စစ်ကောင်စီတပ်တွေကို မိုင်းခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားမှုအများဆုံးဒေသလို့ဆိုရင်  စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပါလိမ့်မယ်။  

နေ့စဥ်သတင်းတွေထဲ စစ်ကောင်စီ တပ်တွေ သွားလာလှုပ်ရှားမှုတွေကို ကြားဖြတ် တိုက်ခိုက်တာ မိုင်းခွဲတာ ဗုံးထောင်တာတွေကို PDF တွေက လုပ်ဆောင်နေကြပြီး မြို့နယ် အများအပြားကို ဆက်စပ်ဖြတ်သန်းတဲ့ ကချင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ကားလမ်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကားလမ်း၊ မကွေးတိုင်းနဲ့ ဆက်စပ်နေတဲ့ကားလမ်းတွေမှာ ဒေသအလိုက် PDF တွေက စိုးမိုးထားနိုင်တာ စစ်ကောင်စီ ရဲ့ ထောက်ပို့လမ်းကြောင်းတွေကို အနှောင့်အယှက်ပေးနိုင်တဲ့အခြေအနေ ရောက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးက အာရ်အက်ဖ်အေ နဲ့ အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။  

စစ်ကောင်စီဘက်က လည်း အဲဒီဒေသတွေမှာ မြို့နယ်အများအပြားက ကျေးရွာတွေမှာ PDF တွေကို လိုက်လံရှင်းလင်းတယ်ဆိုတဲ့ မြေလှန်ဖျက်ဆီးတဲ့ စစ်ဆင်ရေးတွေ လုပ်နေတာ ဖြစ်ပါတယ်။ တန့်ဆည်၊ ယင်းမာပင်၊ ကန့်ဘလူ၊ ကနီ၊ ပုလဲ၊ ချောင်းဦး၊ မြင်းမူ၊ အရာတော်၊ ရွှေဘို၊ ဝက်လက်၊ ဘုတလင် စတဲ့ မြို့နယ်အများအပြားက ကျေးရွာတွေက နေအိမ်တွေ နေ့စဥ်လိုလို မီးရှို့ဖျက်ဆီးခံနေရတာ ဖြစ်ပါတယ်။ နေအိမ်ဖျက်ဆီးခံရတာနဲ့အတူ ကျေးရွာက ပီဒီအက်ဖ် တပ်ဖွဲ့ဝင် သို့မဟုတ် ကူညီသူ နဲ့ တိုက်ရိုက် မသက်ဆိုင်သူအရပ်သားတွေပါ သတ်ဖြတ်ခံနေရတာလည်း ဖြစ်ပါတယ်။  

ဒီနေရာမှာ စစ်ကောင်စီဘက်က ဗျူဟာက ဘယ်လို ရှိသလဲ၊ PDF တွေရဲ့ ပင်မအရင်းအမြစ်ကို အရင်ဖျက်ဆီးချေမှုန်းတဲ့ ဗျူဟာလားဆိုတာလည်း စဥ်းစားစရာ ရှိပါတယ်။ တနည်းအားဖြင့် အရပ်သားစကားနဲ့ပြောရရင် အသိုက်ကို ဖျက်ဆီးတဲ့ နည်းလမ်းကို သုံးပြီး အသိုက်ပျက်စီးသွားရင် ပြန်ထူထောင်ဖို့ ထောက်ပံ့ဖို့ မလွယ်ကူတော့ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာလားဆိုတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။  

တဖက်မှာတော့  PDF တွေအနေနဲ့ လက်ဝယ်ရှိတဲ့ လက်နက်၊ ပါဝင်လာတဲ့ ဒေသခံ တပ်ဖွဲ့ဝင်လူအင်အား နဲ့ လမ်းတွေကို စိုးမိုးတာ စစ်ကောင်စီတပ်တွေကို လိုက်လံနှောင့်ယှက် တိုက်ခိုက်ကာ အမှည့်ခြွေခြွေ တဲ့ နည်းဗျူဟာမျိုးလားလို့ တွေးစရာရှိပါတယ်။ အဲလို နည်းဗျူဟာ ရှိတယ်ဆိုခဲ့ရင်လည်း PDF တွေရဲ့ ပင်မအရင်းအမြစ် ဖြစ်တဲ့ ဒေသခံ လူထုရဲ့ ကျေးရွာတွေကို ကာကွယ်ပေးဖို့ နည်းလမ်းကိုလည်း အရေးတကြီး စဥ်းစားဖို့ လိုအပ်မယ်ထင်ပါတယ်။  

မဟုတ်ခဲ့ရင် အချိန်ကာလအတိုင်းအတာတခုမှာ လူထုအနေနဲ့ ပြန်နာလံမထူနိုင်တဲ့ အနေအထား အားလုံးနီးပါး ဒုက္ခသည်ဖြစ်ကုန်မယ့် အနေအထားမျိုး ကျရောက်နိုင်ပြီး လက်နက်ကိုင် လှုပ်ရှားမှုကို ငွေကြေးအားဖြင့်ရော ရိက္ခာအားဖြင့်ပါ မထောက်ပံ့နိုင်တော့ပဲ လူအင်အားသာ ကူနိုင်မယ့် အနေအထားမျိုးလည်းကျရောက်နိုင်တာ ဖြစ်ပါတယ်။  

PDF တွေဘက်က မဟာဗျူဟာနဲ့ နည်းဗျူဟာ အရ ချမှတ်တာ ဖေါ်ဆောင်တာ တဖွဲ့နဲ့ တဖွဲ့အကြား စစ်ရေးအရ အပြည့်အဝ ပူးပေါင်းမှုတွေ စုပေါင်းကာ ဗျူဟာချမှတ်လုပ်ဆောင်မှုတွေ ရှိဖို့လည်း အရေးတကြီးလိုအပ်ပါလိမ့်မယ်။ ရန်သူက ဗဟိုချုပ်ကိုင်မှုနဲ့ အမိန့်တခုထဲအောက် လုပ်ဆောင်နေချိန်မှာ မိမိတို့ဘက်က အကွဲကွဲအပြားပြား စိတ်ကူး အမျိုးမျိုး ရည်ရွယ်ချက်အမျိုးမျိုးနဲ့ တဖွဲ့တမျိုးဆီ တိုက်ခိုက်လုပ်ဆောင်နေကြတာမျိုးဆိုရင် အချိန်ကာလတခုမှာ ရေချိန်တွေ ပြောင်းလဲလာနိုင်ချေ ရှိတာကြောင့်လည်း ဖြစ်ပါတယ်။  

ချုံ့ပြောရရင် စစ်ရေး လုပ်ဆောင်မှုတွေမှာ သတ်သတ်မှတ်မှတ် မဟာဗျူဟာ နည်းဗျူဟာ ချမှတ်မှုရှိဖို့ ပြီးတဲ့နောက် စုပေါင်းဖေါ်ဆောင်မှု ရှိဖို့ ကွပ်ကဲမှု အမိန့်တခုထဲအောက်မှာ လှုပ်ရှားနိုင်ဖို့က စစ်ရေးမှာ အောင်မြင်မှုအတွက် အဓိကသော့ချက် တခုလို့ထင်မြင်မိပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar