Breaking News

ခင်မောင်စိုး - အကောင်းဆုံး နောက်လိုက်များ

ခင်မောင်စိုး - အကောင်းဆုံး နောက်လိုက်များ
(မိုးမခ) ဇွန် ၂၂၊ ၂၀၂၂

မြန်မာပြည်သူတွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး နောက်လိုက်တွေဖြစ်တယ်၊ လူထုက အမြဲတာဝန်ကျေတယ်၊ သိပ်ချစ်စရာကောင်းတယ်၊ ဘယ်တုန်းကမှ လက်မနှေးခဲ့ဘူးလို့ ကျနော်လေးစားခင်မင်တဲ့ ပုဂ္ဂိုလ်အားလုံးလိုလိုက အင်တာဗျူးတွေမှာ ကျနော့်ကို ပြောဖူးတယ်။ ပြောကြတယ်။ 

(ဒေါ်အောင်ဆန်းစုကြည်၊ ဆရာ ဦးအောင်မြင့်ထွန်း၊ ဆရာ ဦးဝင်းတင်၊ ဆရာ လူထုစိန်ဝင်း၊ ဒေါက်တာ လှကျော်ဇော၊ ဆရာ မောင်ဝံသ၊ ဆရာ မောင်စွမ်းရည်၊ ဆရာ တင်မိုး၊ ဆရာ ဦးကိုနီ၊ ဆရာ ညီပုလေး၊ ဆရာ ချစ်ဦးညို၊ ဆရာ ကိုလေး (အင်းဝဂုဏ်ရည်)၊ ဦးသန်းစိုးနိုင်၊ ဦးအောင်သိန်း၊ ဦးကြီးမြင့်၊ ဆရာမ နုနုရည် (အင်းဝ)၊ ကိုမျိုးမြင့်ညိမ်း၊ ကိုဌေးအောင်(၇၄-၇၅-၇၆)၊ ကိုအောင်ထိုက်(စိတ်တိုင်းကျ)၊ ကိုသိန်းသန်းဦး၊ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ စသဖြင့်။ ဆရာတော်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တချို့လည်းပါတယ်။ တခြားမေ့နေသူတွေလည်း ခွင့်လွှတ်ပါ။)

သူတို့အားလုံးက မြန်မာပြည်မှာ မွေးဖွား သို့ ကြီးပြင်းသူအားလုံး လူမျိုးဘာသာအားလုံးကို ဆိုလိုတာပါ။ နိုင်ငံခြားရောက်နေသူတွေ အပါအဝင်ပေါ့။ 

တကယ်လည်း မှန်တယ်။ ၇၄၊၇၅၊၇၆ ကိုကြည့်မလား၊ ၈၈ ကိုပြောမလား၊ အခု နွေဦးတော်လှန်ရေးနဲ့ပဲ တိုင်းတာမလား။ 

ဟုတ်ကဲ့ လူထုက တကယ်တာဝန်ကျေပါတယ်။ လိုလေသေး မရှိတဲ့ နောက်လိုက်ကောင်းတွေပါ။ ဒါဆို ဘာလိုသေးလဲ။ 

ဟုတ်ကဲ့ ခေါင်းဆောင်တွေကောင်းဖို့ လိုပါတယ်။ ခေါင်းဆောင်တွေ ဉာဏ်အမျှော်အမြင်ကြီးမားဖို့၊ စိတ်ထား မြင့်မြတ်ဖို့၊ ရပ်တည်ချက် ခိုင်မာဖို့၊ သဘောထားရင့်ကျက်ဖို့၊ နှလုံးသား ဖြူစင်ဖို့၊ ဘဝင်မမြင့်ဖို့၊ အပြန်အလှန် လေးစားဖို့။ 

ဒါတွေကို လူတိုင်းသိတာပေါ့။ ဒါပေမယ့် မညှာမတာ ဝေဖန်ရရင် လိုက်နာကျင့်သုံးနိုင်မှု လိုအပ်နေဆဲပဲ။ 

တိုင်းပြည်တခုလုံး သူတို့လုပ်ပေးလို့ ထမင်းစားနေရသလို၊ သူက တခြားသူတွေထက် ပိုပြီး ပင်ပန်းခံနေရသလို၊ ကိုယ့်ဖက်က ဘာလိုက်လျှောရမလဲ မတွေးပဲ တဖက်က တင်းမာနေတယ်ဆိုပြီး မာနတံခွန်ထူနေသူ။ ငါတို့ခံရတုန်းက နင်တို့ ဘာလုပ်ပေးခဲ့ဖူးလို့လဲဆိုတဲ့ နာကျည်းစိတ် ရှေ့တန်းတင်သူ၊ ငါတို့အုပ်စုက အဓိကပဲဆိုတဲ့ နိုင်ငံရေး သူငယ်နာ မစင်သူ။ လူတယောက်က စေတနာနဲ့ပြောတာကို နားလည်လက်ခံဖို့ မကြိုးစားပဲ ဒါ ငါတို့ကို ချတာပဲလို့ ယူဆသူ၊ တဖက်သားက ရိုးရိုးသားသား ကမ်းလှမ်းတာကို သူ ငါ့ကို ဘာအမြတ်ထုတ်မှာလဲလို့ အောက်တန်းကျစွာ တွေးတတ်သူတွေကို နေရာတကာ မကြာခဏ မြင်တွေ့နေရဆဲပါပဲ။ အဲဒီလို မြင်တာလည်း ကျနော် တယောက်တည်း မဟုတ်ဘူး ထင်ပါတယ်။

ကျနော်ထောင်ထဲရောက်မှ ကြားဖူးပြီး အမြန်ဆုံး သဘောကျသွားတဲ့ စကားတခွန်းရှိတယ်။ ဝေဖန်ရေးနဲ့ မိမိကိုယ် ဝေဖန်ရေးတဲ့။ သူများဝေဖန်ရတာ လွယ်တယ်ဗျ။ ကိုယ့်ကိုကိုယ် ဝေဖန်ရတာ သိပ်ခက်တာပဲ။ မှန်ထဲကြည့်ရင် ငါ သိပ်ဟုတ်ပါလားလို့ မတွေးတောင် ငါ သိပ်မဆိုးပါဘူးလို့ တွေးတဲ့သူချည်းပါပဲ။

လက်ရှိအခြေအနေမှာ ဟိုတိုင်းပြည် ဟိုအဖွဲ့အစည်းက ဟိုဟာမဖြစ်ဘူးဆိုပြီး ပြောနေကြတယ်။ ဝေဖန်တာလည်း ဝေဖန်ပေါ့။ မိမိကိုယ်ရော မိမိ အသေအချာ ဝေဖန်ဆန်းစစ်ပြီးပြီလား ဆရာ ဆရာမတို့။ (ကျနော်က လူတိုင်းကို ဆရာ ဆရာမလို့ ခေါ်တတ်တယ်။ ဘဝင်မြင့်မနေနဲ့။) 
 
အထူးသဖြင့် မြေပြန့်ကလူတွေနဲ့ တောင်တန်းကလူတွေအကြား မြန်မာနဲ့တခြားတိုင်းရင်းသားတွေအကြား အရင်ကနဲ့မတူ ကိုယ်ချင်းစာ နားလည်မှု အမြင့်မားဆုံး ရောက်နေချိန်မှာ ဆင်းရဲဒုက္ခများလှပြီဖြစ်တဲ့ လူထုကို မျက်နှာမူကြပါ။ အပြန်အလှန်လေးစားမှုနဲ့ ယုံကြည်မှုကို ပါးစပ်ဖျားက ပြောနေယုံနဲ့ မလုံလောက်ပါဘူး။ မှီခိုနေရသူတွေကလည်း အိမ်ရှင်အကျိုးကို ကြည့်ကြပါ။ မှီခိုခံရသူတွေကလည်း ရောင်းကောင်းတုန်း စျေးသိပ်မတင်ကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။ 

မြန်မာပြည် ကောင်းစားရေးအတွက် အဓိကလိုအပ်ချက်က ဟိုတိုင်းပြည် ဟိုအဖွဲ့တွေ မဟုတ်ပါဘူး။ မိမိ အင်အားပါ။ လူထုကို နမူနာယူပါ။ တချို့က အခုထိ လူထုနောက်မီးဆွဲ ဖြစ်နေတယ်။ ယောင်နနနဲ့။ ငါ အသက်ကြီးပြီလို့ ပြောနေကြတဲ့အသံတွေလည်း ကြားရတယ်။ နို့ အဲဒီအသက်က ရွေးကောက်ပွဲဝင်တုန်းက မကြီးသေးပဲနဲ့ စစ်တပ်အာဏာသိမ်းတော့မှ ချက်ခြင်းကြီးသွားတာလား။ 

၁၉၈၈ စစ်တပ်အာဏာသိမ်းပြီးနောက်တရက် စက်တင်ဘာ ၁၉ ရက်နေ့က အဖြစ်အပျက်တခု ပြောပါရစေ။ 

တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်။ ခြံထောင့်က ဓနိမိုး ထရံကာ ဧရာမတဲကြီးဟာ ဒီမိုသမားတွေစုဝေးရာပေါ့။ နေ့လည်ပိုင်းမှာ တပြည်လုံးက သပိတ်ခေါင်းဆောင်တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်လို့ အပြေးအလွှား ရောက်လာကြတယ်။ လူ ၃၀ လောက်ထင်တယ်။ မိုးတွေစိုရွဲပြီး စိုးရိမ်မှုတွေ ဒေါသတွေအပြည့်နဲ့။ စစ်တပ်က အနှံ့အပြားမှာ ပစ်နေပြီလေ။ 

သူတို့က လူထုခေါင်းဆောင်နဲ့တွေ့ချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့အိမ်မှာ နောင်တချိန် ပါတီ ဗဟိုကော်မတီဝင်ဖြစ်လာမယ့် လူကြီးတွေနဲ့ အစည်းအဝေးလုပ်နေတယ်။ ဒေါ်စု အိမ်ကို သူတို့ တိုက်ရိုက်သွားမရလို့ ကျနော်တို့ရှိတဲ့ တဲကြီးထဲကနေ လာစောင့်ကြတယ်။ ညနေ စောင်းကာနီးကျမှ ဒေါ်စုနဲ့ အစည်းအဝေးပြီးလို့ ထွက်လာတဲ့ လူကြီးတွေ ရောက်လာတယ်။ သခင်တင်မြ၊ ဆရာ ဦးဝင်းတင်၊ ဒေါ်မြင့်မြင့်ခင်၊ ဦးမိုးသူ၊ ဦးအောင်လွင်၊ ဦးကိုယုတို့ပါတယ်။ ကျန်သူတွေ ကျနော်မေ့နေပြီ။

သပိတ်ခေါင်းဆောင်တွေက သူတို့ ဘာဆက်လုပ်ရမလဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်လိုချင်တယ်လို့ ပြောတယ်။ လူကြီးတွေက ဒေါ်အောင်ဆန်းစုကြည် မအားဖူး၊ သူတို့ကိုပြောပါလို့ ဆိုတယ်။ အဲဒီမှာ သပိတ်ခေါင်းဆောင်တွေက စတင်ဒေါသထွက်ပြီး တယောက်တမျိုး ထအော်ကြရော။ ခဏလေးတွေ့ခွင့်ပေးလို့ ပြောသူရှိတယ်။ တယောက်က ဒါဆို ကျနော်တို့ ဘာဆက်လုပ်ရမလဲ သိချင်တယ်၊ ခင်ဗျားတို့ပြောတဲ့။ 

ဒေါ်မြင့်မြင့်ခင် ကဖြောင်းဖျဖို့ ကြိုးစားတဲ့ အနေနဲ့ ...
“ရဲဘော်တို့ အားလုံးကို ကျမတို့ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ရှင်တို့ ဘာလုပ်ပါလို့ ကျမတို့ မပြောနိုင်ပါဘူး။ ဒီအရေးအခင်းမှာ ရှင်တို့အားလုံး စကတည်းက ပါဝင်လာတာကလည်း မိမိတို့ ဆုံးဖြတ်ချက်နဲ့ မိမိတို့ အသိစိတ်နဲ့ ပါဝင်လာခဲ့ကြတာပါ။ ကျမတို့ စည်းရုံးလို့ မဟုတ်ပါဘူး။ အခုလည်း သင့်တော်သလို ဆုံးဖြတ်ကြပါ။ ကျမပြောနိုင်တာကတော့ ရဲဘော်တို့နဲ့ ကျမတို့ တသွေးတသားတည်းရှိတယ်၊ ရဲဘော်တို့ရဲ့ လှုပ်ရှားမှုတွေကို ကျမတို့ အပြည့်အဝထောက်ခံတယ်ဆိုတာပါပဲ။”

အဲဒီမှာ ပွဲက ပိုဆူပါလေရော။ သံလျှင်ဖက်ကလို့ထင်တယ်။ ကတုံးဆံတောက်နဲ့ ဆန္ဒပြခေါင်းဆောင်တယောက် လက်သီးလက်မောင်းတန်းပြီး အသံကျယ်ကျယ်နဲ့ ...
“ဟ ခင်ဗျား ဒီလိုပြောတာတော့ တာဝန်မဲ့တာပေါ့ဗျ။ ကျုပ်တို့က မိုးထဲလေထဲမှာ ပစ်ခတ်နေတဲ့ကြားက ခင်ဗျားတို့ဆီ ပြေးလာရတာ။ အခု သံလျင်က ကျနော်တို့လက်ထဲမှာရှိတယ်။ ဆန္ဒပြဆို ဆက်ပြမယ်။ သေချင်သေပစေ၊ ရေနဲချက်စက်ရုံတွေကို မီးရှို့မယ်ဆိုလည်း ရှို့လို့ရတယ်။ ကျနော်တို့အခု လာတာက ခင်ဗျားတို့ကို လူထုခေါင်းဆောင်တွေအနေနဲ့ ဆန္ဒလာယူတာ။ ကျနော်တို့ကို ထောက်ခံတာကတော့ ခင်ဗျားတို့ချည်း မဟုတ်ဖူးဗျ။ တပြည်လုံးက ထောက်ခံနေတာပဲ။ အဲဒီစကားကြားရဖို့အတွက်နဲ့တော့ ကျုပ်တို့ ဒီနေရာကို ဒီနေ့ တကူးတက ရောက်လာကြတာ မဟုတ်ဖူးဗျ။ ဟုတ်တယ်မဟုတ်လား ရဲဘော်တို့” လို့ သူက ဘေးလူတွေကိုပါလှည့်ပြောလိုက်တော့ ဟုတ်တယ် ဟုတ်တယ် ဆိုတဲ့ အော်သံတွေ မိုးခြိမ်းသလို ထွက်လာပါလေရော။ အဲဒီလူဟာ တကယ်စည်းရုံးရေး ကောင်းသူဗျ။

ကျနော်တို့ အမကြီး ဒေါ်မြင့်မြင့်ခင်ကလည်း ကျမပြောချင်တာက ဒီလိုပါ။ ဒါပေမယ့် လူတွေက သွေးဆူနေပြီ။ တယောက်တပေါက် ဝိုင်းအော်ကြတယ်။ 

အမျိုးသမီး ခေါင်းဆောင်တယောက်ကလည်း ...
“ကျမတို့က ရှင်တို့ကို အားကိုးပြီး ဒီနေရာကို ခက်ခက်ခဲခဲ မနည်းရောက်အောင်လာရတာရှင့်၊ လူထုက ဘာဆက်လုပ်မှာလဲလို့ ကျမတို့ကို မေးနေပြီ၊ (သူကလည်း ခေသူမဟုတ်၊ ပြောရင်းက သူ့အနားမှာရပ်နေသူတယောက်ကို လက်ညိုးထိုးပြီး) သူဆိုရင် လှိုင်မြစ်ဟိုဖက်ကမ်းက သမ္ဗာန်နဲ့လာတာ၊ ဆင်မလိုက်ကမ်းရောက်ကာနီး စစ်တပ်က လှမ်းပစ်လို့ ရေထဲခုန်ချပြီး ကူးလာရတာ။ ကံကောင်းလို့။ ကျမတို့ မနက်စာလည်းခုထိ ဘယ်နားနေမှန်း မသိသေးဘူး။ အဲတော့ ရှင်တို့ ကျမတို့ကို ဘာဆက်လုပ်သင့်သလဲ မပြောနိုင်ရင် ပြောနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ကျမတို့ကို တွေ့ခွင့်ပေး။”

လူတွေက ဟုတ်တယ် တွေ့ခွင့်ပေးတွေ အော်ပြန်ရော။ 
အဲဒီမှာ ဆရာ ဦးဝင်းတင်ရဲ့ အရည်အချင်းကို ပထမဆုံးအကြိမ် ကျနော်မြင်ခဲ့ရတယ်။ ဆရာက ခေါင့်ငြိမ့်ရင်း လက်ဝါးတဖက်ကိုထောင်လိုက်တယ်။ 

“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့။ ခင်ဗျားတို့ပြောတာ အားလုံးမှန်ပါတယ်။ ကျနော်တကယ်လည်း တန်ဖိုးထားပါတယ်။ ခင်ဗျားတို့ရဲ့ ခံစားမှုတွေကိုလည်း အပြည့်အဝနားလည်ပါတယ်။ ဒီအချိန်ဟာ ကျနော်တို့အားလုံးအတွက် အရေးအကြီးဆုံးအချိန်ဖြစ်ပါတယ်ခင်ဗျ။ အခုဟာက ဒေါ်စုလည်း တနေ့လုံးကို တကယ်မအားတာပါ။ အခုလည်း တခြားသံတမန်တွေနဲ့ ချိန်းထားပြီး တွေ့နေလို့ပါ။ မလွဲသာလို့ပါ။ ကျနော်ကပဲတောင်းပန်ပါတယ်။ ကဲ ဒီလိုလုပ်မယ်။ ခင်ဗျားတို့ အခက်အခဲတွေကို ကျနော်တို့ မနက်ဖန်မနက် ဒေါ်စုကို တင်ပြပါမယ်။ သူအချိန်ရရင် ခင်ဗျားတို့နဲ့ တွေ့ဖို့လည်း ကျနော်တို့ သူ့ကိုပြောပြပါမယ်။ ဟုတ်ပြီလား။”

အန်ကယ် သခင်တင်မြနဲ့ တခြားလူကြီးတွေကလည်း ဝင်ရောက်ဖြောင်းဖျကြပါတယ်။ အဲဒါနဲ့ လူတွေတစုံတရာ ကြေနပ်ပြီး ပြန်သွားကြပါရော။ 

ဆရာ လူထုစိန်ဝင်းက ၈၈ အရေးတော်ပုံမှာ ဗိုလ်ချုပ်တွေ ဘာလုပ်ရမှန်းမသိပဲ လနဲ့ချီပြီး လေဖြတ်သလို ဖြစ်နေခဲ့တယ်။ ခေါင်းဆောင်တွေ ညံ့ဖျင်းလို့ ကျနော်တို့ပြည်သူတွေ ဒီမိုကရေစီနဲ့ ဝေးခဲ့ရတာပဲလို့ ရင်ထုမနာ ပြောတဲ့စကားကို ကျနော်လွှင့်ခဲ့ဖူးပါတယ်။ 

ပြီးခဲ့တဲ့ အာဏာသိမ်းစမှာလည်း လွှတ်တော်ကိုယ်စားလှယ်တယောက်က စစ်တပ်တကယ်အာဏာသိမ်းရင် ကျနော်တို့ ဘာမှလုပ်လို့မရဘူး။ စစ်တပ်ခေါင်းဆောင်ပိုင်းထဲက လူတချို့ ကျနော်တို့ဖက်ကရပ်ဖို့ အခု ကမ်းလှမ်းနေတာတွေ ရှိတယ်။ ထိပ်တန်းလှျို့ဝှက်ချက်နော်။ အခြေအနေကောင်းတယ်လို့ ပြောဖူးတယ်။ 

တခါ သူ့နယ်ပြန်သွားပြီး ရက်ပိုင်းမှာပဲ လွှတ်တော်ကိုယ်စားလှယ်ဝတ်စုံနဲ့ ဗီဒီယိုတခု ကျနော့်ကို မက်ဆင်ဂျာကပို့တယ်။ ဒေါ်အောင်ဆန်းစုကြည် မကြာခင်လွတ်လာမှာဖြစ်လို့ ပြည်သူတွေ အရမ်းအပင်ပန်းမခံကြပါနဲ့လို့ သူကပြောထားတယ်။ အဲဒါ လွှင့်ပေးပါတဲ့။ ကျနော်က ဟ ငါ့လူရဲ့ ဒေါ်စုကို ဒီလိုအလွယ်တကူလွှတ်ပေးမယ်လို့ မင်းက ဘယ်လိုသိတာလဲ၊ မဖြစ်နိုင်ဖူးဆိုတော့ ဒါ ကျနော် ဆိုက်ဝါးလုပ်တာလေဆရာတဲ့။ ဟ အဲဒီဆိုက်ဝါးမျိုးကို လူထုအုံကြွမှာ မလိုလားသူတွေက ဂျင်းထည့်နေချိန်မှာ မင်းကပြောချင်လို့လား။ ငါတော့ ဘာမှမတတ်နိုင်ဘူးလို့ ပြောလိုက်တယ်။ ခဏနေတော့ အဲဒီ ဗီဒီယိုကို သူပြန်ဖြုတ်သွားရော။ 

ကဲ ကဲ ဆရာ ဆရာမ အပေါင်းတို့ ပြည်သူတရပ်လုံး ဘဝအမော သောကအထွေထွေက အမြန်ဆုံးလွတ်ကင်းနိုင်ရေးအတွက် မြန်မာပြည်ကို တကယ်ချစ်တယ်ဆိုရင် ဗိုလ်ချုပ်ပြောခဲ့ဖူးတဲ့စကားအတိုင်း ခင်ဗျားတို့ ကျနော်တို့အားလုံး ခေတ်အဆက်ဆက်အမွေရခဲ့တဲ့ အကျင့်တွေကို ပြင်ကြစို့။ လူတွေရဲ့ဘဝမှာ အောင်မြင်တိုးတက်ဖို့ အခွင့်အရေးဆိုတာကတော့ ကိုယ့်အမျိုးတွေဆီက ခဏခဏရတတ်တဲ့ မုန့်ဖိုး မဟုတ်ဘူး ခင်ဗျ။ ကျနော်တို့ လူထုကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးနောက်လိုက်တွေဆိုတာ မမေ့ကြပါနဲ့။ 

(ဒီစာမှာပါဝင်တဲ့အချက်အားလုံး ကျနော့်အမြင်ပါ။ RFA ရဲ့ မူဝါဒသဘောထားမဟုတ်ကြောင်း ရှင်းလင်းစွာအသိပေးပါတယ်။ )

ခင်မင်စွာ
ခင်မောင်စိုး
ဇွန်လ ၁၉ ရက် ၂၀၂၁။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar