Breaking News

ခိုင်အေး - သက်တော်စောင့်

သက်တော်စောင့်
ခိုင်အေး
(မိုးမခ) ဇွန် ၁၈၊ ၂၀၂၂

သင်္ကြန်မတိုင်မီလေကြီးမိုးကြီးကျသဖြင့် အိမ်အရှေ့မြောက်ထောင့်တွင်အဖေစိုက်ထားခဲ့သော မဟော်ဂနီပင်ကြီးလဲကျသွားခဲ့သည်။ သက်တမ်းလေးဆယ်လောက်ရှိသောအပင်ကြီးဖြစ်သလို မရှိတော့သောအဖေ၏လက် ကျန်အငွေ့အသက်လေးဖြစ်သောကြောင့် စိတ်ထဲမကောင်းလှ။

နွေဦးရွက်ကြွေချိန်ဆိုလျှင်တောင်လေတကြောမှာ ရွက်ကြွေသံတွေကတဖြောဖြောနှင့် တစ္ဆေတွေပြေးလွှားနေသလိုပင်။ မဟော်ဂနီပင်ကို ကိုင်းခက်အရိုးပြိုင်းပြိုင်းနှင့် မြင်တွေ့ရဖို့ခက်လှသည်။ ကြွေရွက်တွေနောက်မှာပုရစ်ဖူးလေးတွေက အမြဲအဆင်သင့်ရှိနေသည်။ ရွက်ဝါတွေတပင်လုံးမြေခသွားလျှင် ပုရစ်ဖူးရဲရဲလေးတွေကရိုးတံအစုံမှာနေရာဝင်ယူပြီး ဖြစ်သည်။ အဟောင်းတို့ကြွေကျရာဝယ် အသစ်တို့တာဝန်ဝင်ယူခြင်းမှာ လစ်ဟာခြင်းဘယ်သောကာလမျှမရှိခဲ့။

အပင်ကြီးလဲသွားတော့ကျနော့်စိတ်ထဲဝမ်းနည်းရခြင်းမှာ သစ်တပင်ဆုံးရှုံးရခြင်းထက်ပိုခဲ့ရသည်။ ရွက်ကြွေချိန်ပုရစ်ဖူးလေးတွေဝေစတွင် မဟော်ဂနီပင်ကြီး၏ ကိုယ်လုံးတီးအလှကို တွေ့လိုက်ရသည်။ ဝစ်လစ်စလစ်မဟော် ဂနီပင်ကြီး၏ကိုင်းတွေကြားမှာ ချိုးသိုက်(ဂျိုးသိုက်)ကလေးကိုတွေ့ရသည်။ အပင်ကြီးလဲသွားတော့ ချိုးသိုက်ကလေးပျက်ပြီပေါ့။ ချိုးကလေးတွေအန္တရာယ်မှကင်းကြရဲ့လားမသိ။ နေရာသစ်မှာ အဆင်တပြေမှရှိကြရဲ့လားမသိ။ ခေတ်သစ်ကျေးညီနောင်တွေများ ဖြစ်ကုန်ပြီလားမသိ။ ပျက်စီးသွားသော သူတို့အသိုက်အမြုံကိုသူတို့ဘယ လိုဘယ်ပုံ ပြန်တည်ဆောက်ကြမည်မသိ။ ဒီခေတ်ဒီကာလမှာ အသိုက်အမြုံတခုပျက်စီးသွားပြီဆိုလျှင်လူတွေအတွက်တော့ နဂိုနေပြန်လည်တည်ဆောက်ဖို့ အင်မတန်ခက်ခဲလှသည်။ ငှက်ကလေးတွေလည်း အတူ တူပဲလားမသိ။
ဒုက္ခသည်ချိုးလေးတွေအကြောင်းစဥ်းစားတွေးတောရင်း အဖေကျနော်နှင့်ချိုးလေးတွေဆက်စပ်ခဲ့ပုံတမနက်ခင်းကိုပြန်သတိရမိသည်။ 

ကြာတော့ကြာခဲ့ပါပြီ။ လွန်ခဲ့သောနှစ် ၃၀ ကျော်ကဖြစ်သည်။ အဖေနှင့်ပတ်သက်ပြီးမနေ့နိုင်ခဲ့သောအဖြစ်တခုမို့ကျနော့်မွေးနေ့မမေ့သလို စွဲမြဲထင်ကျန်နေသောဖြစ်ရပ်လည်း ဖြစ်သည်။ စိတ်ထဲမှာမမေ့သော်လည်း အဖြစ်ကထူးဆန်းထွေပြားမနေပါ။အင်မတန်ရိုးစင်းလှ၏။ ကျနော်တို့အိမ်ဝင်းသည် သစ်ရိပ်ဝါးရိပ်များရှိသောကြောင့်ကျေးငှက်တော်တော်များ အခြေချနေထိုင်ကြသည်။ နေထိုင်ကြသောငှက်မျိုးစိတ်အတော်များများထဲတွင် ချိုးလေးတွေလည်း ပါသည်ပေါ့။

ချိုးကူသံလေးများမှာ ကျနော်တို့မိသားစုအတွက် နံနက်ချိန်ခါတေးသံသာများဖြစ်သည်။ ချိုးလေးတွေကမနက်လင်းလျှင်မန်ကျည်းပင်ပေါ်တွင်နားခိုလျက် ကူသူကကူနေကြသည်။ ချိုးငှက်ငယ်၏ငြိမ်းချမ်းရေးတေးလေးတွေဟုဆိုရမည်ထင်သည်။ တချို့ချိုးလေးတွေကမြေပေါ်တွင်အစာကောက်သူက ကောက်ကြသည်။ ဒါသူတို့တတွေ ၏နေ့တဓူဝအလုပ်ဖြစ်သလို ကျနော်တို့တတွေအတွက် မရိုးနိုင်သောမြင်ကွင်းလည်း ဖြစ်သည်။

မြေပြင်ပေါ်အစာကောက်ရခြင်းမှာလည်း အန္တရာယ်မနည်းလှ။ ဘယ်ကနေရောက်လာမှန်းမသိသော ခွေးလေခွေးလွင့်သုံးလေးကောင်က အစာကောက်သောချိုးလေးတွေကို လိုက်စွဲတတ်သည်။ ခွေးတွေလာတာမြင်လျှင် ချိုးလေးတွေခမျာ နီးစပ်ရာအပင်ပေါ်ပျံပြေးရသည်။ ခွေးတွေပြန်ထွက်သွားမှ အောက်ပြန်ဆင်း အစာကောက်ရရှာသည်။အခုခေတ်လိုဆိုလျှင်တော့ IDP ချိုးလေးများဟုဆိုရမည်လားမသိ။

အဖေ့ရဲ့မနက်အိပ်ရာထပုံက ထိုခေတ်ကာလအဖေတို့ခေတ်ပြိုင်များကို ကိုယ်စားပြုသည်ဟုပြောရမည်။ အဖေအိပ်ရာထလာလျှင် မျက်နှာအရင်မသစ်။ လက်ထဲတွင်သွားတိုက်တံ မျက်နှာသုတ်ပုဝါကိုင်မလာ။ ရေဒီယိုလေးဖွင့်ပြီး ရေအိမ်အရင်ဝင်သည်။ ပြီးမှ မျက်နှာသစ်ရာဘေးမှာရေဒီယိုလေးချပြီး နားထောင်ရင်း မျက်နှာသစ် သည်။ သတင်းများကို အလစ်အဟာမရှိရအောင် သတင်းဌာနအစုံ နားထောင်သည်။ 

တမနက်ခင်းတွင်ဖြစ်သည်။ အဖေအိပ်ရာထအလာတွင်ကျနော်လေးခွကိုင်ပြီး လောက်စာလုံးနှိုက်နေသည်ကိုမြင်သွား၏။ အဖေပျာယာခတ်လှမ်းအော်တော့သည်။ " သား ... ခွေးတွေပစ်မလို့မဟုတ်လား ချိုးလေးတွေမထိစေနဲ့နော်" အဖေကကျနော့်လေးခွအစွမ်းကို တော်တော်ယုံပုံရသည်။ ခွေးတွေကလည်း ဟဲ့ခွေးအော်ရုံနှင့်ဘယ် တော့မှမရ။ လေးခွနှင့်ပစ်မှ ခွေးကပြေးသည်။

ဟိုတုန်းကာလကတည်းက ခေတ်အဆက်ဆက်ချိုးလေးတွေကို အန္တရာယ်ပေးရန်ပြုခဲ့သောခွေးများသည် ယခုလည်း ချိုးလေးများကိုလိုက်စွဲနေဆဲပင်။ ယခုခွေးများသည် ဟိုတုန်းကခွေးများမဟုတ်တော့။ ဟိုတုန်းကခွေးများကတော့ သေလွန်ကုန်ပြီ။ ဒါပေမဲ့ ယခုခွေးများသည်လည်း ဟိုတုန်းကခွေးများ၏အမူအကျင့်အတိုင်းထပ်တူ ရှိဆဲပင်။ ထို့ကြောင့် ကျနော်မှာလည်း ယနေ့တိုင် ချိုးလေးများလွတ်လပ်ငြိမ်းချမ်းစွာရှာဖွေစားသောက်နိုင်ရေးအတွက် အကာကွယ်ပေးဖို့ လေးခွကိုင်နေရတုန်းပင် ဖြစ်သည်။

ခွေးတွေမရှိသောကမ္ဘာမှာ ချိုးကူသံလေးနားထောင်ရင်း လွတ်လပ်ငြိမ်းအေးစွာနေထိုင်လိုလှပါသည်။     ။

ခိုင်အေး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar