Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၉ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၉ မြင်ကွင်း

(မိုးမခ) ဇွန် ၃၀၊ ၂၀၂၂


ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒုတိယခရီးစဥ်၊ လုပ်ကြံသတ်ဖြတ်မယ့် စာရင်းရှိတယ်ဆိုတဲ့ သတင်းတွေ 

တနှစ်ကျော် ကြာလာပြီဖြစ်တဲ့ အာဆီယံရဲ့ သဘောတူညီမှု အချက် ၅ ချက် ကို အကောင်အထည် မဖော်နိုင်သေးတဲ့အချိန်မှာ မြန်မာ့အရေးအာဆီယံ အထူးကိုယ်စားလှယ် ရဲ့ ဒုတိယမြောက် ခရီးစဥ် အဖြစ် မြန်မာနိုင်ငံကို ဒီနေ့ စတင်ရောက်ရှိလာပါတယ်။ 

မြန်မာ့အရေးကို အာဆီယံက အဓိကကြားဝင် ဆောင်ရွက်ဖို့ နိုင်ငံတကာက ထောက်ခံအသိအမှတ်ပြုထားကြပြီး ကျန်တဲ့ အင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ အမေရိကန် တို့ကလည်း အာဆီယံက ကြားဝင်ဆောင်ရွက်မှုကို သဘောတူထောက်ခံထားကြတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ တရုတ်နိုင်ငံကိုလည်း အရင့်အရင် စစ်အစိုးရလောက် နီးစပ်တဲ့ ဆက်ဆံရေးမရှိသလို တရုတ်နိုင်ငံကလည်း မြန်မာစစ်တပ်ကို လက်နက်အဓိက ထောက်ပံ့သူ မဟုတ်တဲ့အနေအထားကြောင့်ရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ အပေါ် တရုတ်နိုင်ငံက သြဇာရှိတဲ့အဖြစ်ကို စစ်ကောင်စီခေါင်းဆောင်တွေက မကြေလည်မှုတွေ အာဏာမသိမ်းမီကတည်းက ရှိခဲ့တာတွေ အကြောင်းခံပြီး တရုတ်နဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဆက်ဆံရေးက ဒီလောက် မနီးစပ်တာတွေ့ရပါတယ်။ 

အမေရိကန်နဲ့ အနောက် ဥရောပနိုင်ငံအနေနဲ့လည်း ဖိအားပေးတာမျိုးပဲ တတ်နိုင်ပြီး ဒီထက်ပိုတဲ့ သြဇာမရှိတာတွေ့ရပါတယ်။ မြန်မာ့နိုင်ငံရေးအကြပ်အတည်းဟာ အမေရိကန်အဖို့ တိုက်ရိုက်အကျိုးစီးပွားကြီးကြီးမားမား မရှိတာကြောင့်ရော တရုတ်နိုင်ငံက ဘယ်အင်အားကြီးနိုင်ငံမှ မြန်မာ့အရေးကြားဝင်စွက်ဖက်တာမလုပ်ဖို့ စစ်အာဏာသိမ်းပြီးခါစမှာ ပြောဆိုထားချက်ရှိတာကြောင့်ပါ မြန်မာ့အရေးမှာ အသံအားဖြင့် ဖိအားပေးမှုတွေပဲ များပြီး လက်တွေ့ဝင်ပါမှာ မဟုတ်ဘူးလို့ ကောက်ချက်ချနိုင်တာ ဖြစ်ပါတယ်။ 

အဆိုပါ အချက်တွေကြောင့် အာဆီယံကသာ မြန်မာ့အရေးမှာ ကြားဝင်ဖြေရှင်းနိုင်တဲ့ တခုတည်းသော အဖွဲ့ဖြစ်လာတဲ့ အနေအထားလည်းဖြစ်ပြီး စစ်ကောင်စီအနေနဲ့လည်း ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအဖွဲ့ရဲ့ အလှည့်ကျ တာဝန်ယူတဲ့ကာလမှာ မြန်မာနိင်ငံရေး အကြပ်အတည်းကို အဖြေရှာဖို့ အတွက် ခန့်အပ်ထားတဲ့ ကိုယ်စားလှယ်ကို လာရောက်ဖို့ လက်ခံခဲ့တာ ဖြစ်ပါတယ်၊ ကမ္ဘောဒီးယား နိုင်ငံမတိုင်ခင် အလှည့်ကျတဲ့ ကိုယ်စားလှယ် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ခရီးစဥ် မလာရောက်နိုင်ခဲ့ပါဘူး။ 

အခုတကြိမ် အာဆီယံကိုယ်စားလှယ် မလာခင်မှာပဲ အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ အကျဥ်းထောင်ကို ပြောင်းရွှေ့လိုက်တဲ့ အဖြစ်အပျက်မှာ အာဆီယံကိုယ်စားလှယ်က နေအိမ်အကျယ်ချုပ် နဲ့သာ ထားရှိဖို့ တိုက်တွန်းချက် ပေးပို့ခဲ့ပါသေးတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်ကတော့ မလိုက်လျောနိုင်တဲ့သဘော တုံ့ပြန်ခဲ့တာလည်း တွေ့ရပါတယ်။ အခုခရီးစဥ်မှာ အာဆီယံကိုယ်စားလှယ် အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နဲ့ တွေ့ဆုံဖို့ အစီအစဥ်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ အရင်တခေါက်လိုပဲ တွေ့ခွင့်ရမယ့် အလားအလာမရှိဘူးလို့ ခန့်မှန်းရပါတယ်။ ၅ ရက်ကြာခရီးစဥ်မှာ ဘာတွေ ဆောင်ရွက်နိုင်မလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမယ့် သဘောလည်းဖြစ်ပါတယ်။ 

ဒီနေ့ အဖို့အခြားသတင်းထွက်ပေါ်နေတဲ့ အကြောင်းအရာတခုကတော့ အမျိုးသားညီညွတ်ရေး အစိုးရဘက်က ၄င်းတို့ကို ဆန့်ကျင်သူ ဝေဖန်ပြောဆိုနေတဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီဝင်တွေနဲ့ တသီးပုဂ္ဂလ ပုဂ္ဂိုလ်အချို့ကို လုပ်ကြံသတ်ဖြတ်မယ့်စာရင်း ရှိတယ်ဆိုပြီး ဒုတိယအကြိမ် ကောလဟလ သတင်းထွက်ရှိလာတဲ့ အကြောင်းကိစ္စဖြစ်ပါတယ်။ 

ပစ်မှတ်ထားခံရသူတွေက အထူးသဖြင့် ပြည်သူ့ပါတီ ခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် ပြည်နယ်နဲ့တိုင်း ပြည်သူ့တီခေါင်းဆောင်အချို့ ၊ ရန်ကုန်က နိုင်ငံရေးဝေဖန်သူ တချို့ ပါတယ်ဆိုတဲ့ အကြောင်းကို ဆိုရှယ်မီဒီယာမှာ တယောက်က တင်ခဲ့ပြီး သတင်းထွက်ပေါ်နေတာ ဖြစ်ပါတယ်။ NUG အနေနဲ့ အခုလို ကိစ္စနဲ့စွပ်စွဲခံရတာ အခုအကြိမ်ဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပထမအကြိမ်မှာ ငြိမ်းချမ်းရေးစင်တာလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးရာမှာ ကျွမ်းကျင်သူအဖြစ် ပါဝင်ခဲ့ကြတဲ့ သူအချို့ကို ပစ်မှတ်ထား စာရင်းတို့ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်အပြီး NUG အနေနဲ့  မီဒီယာကို တရားဝင် ရှင်းလင်းခဲ့ရတာ ရှိပါတယ်။ 

ဘာကြောင့် NUGကို အခုလိုကိစ္စတွေကို လုပ်ဆောင်ဖို့ အစီအစဥ်ရှိတယ်လို့ စွပ်စွဲကြတာလဲ ဆိုတဲ့မေးခွန်းပေါ်လာပါတယ်။ NUG  နဲ့ အမြင်မတူတဲ့ လမ်းစဥ်မတူတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အရပ်ဖက်အဖွဲ့အစည်း၊ သတင်းမီဒီယာနယ်ပယ်က သူတွေ ကို လုပ်ကြံသတ်ဖြတ်ဖို့ NUG မှာ အစီအစဥ်ရှိတယ်ဆိုတာဟာ ဝါဒဖြန့်မှုသက်သက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး NUG မှာ လုပ်ကြံသတ်ဖြတ်မှုတွေကို လက်မခံဘူးဆိုတာ ဒီလိုနည်းလမ်းတွေကို လုပ်ဆောင်တာဟာ နိုင်ငံရေးအရ မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူးဆိုတာ ရှင်းလင်းတဲ့ သဘောထား အသိပေးကြေညာချက် ၊မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အရပ်သားတွေပါဝင်တဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ တနည်း ဒလန်ရှင်းလင်းရေး လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးရပ်တည်ချက် ရှင်းရှင်းလင်းလင်း အသိပေးဖို့လိုသလို မြေပြင်မှာ အဆိုပါဖြစ်ရပ်မျိုးဖြစ်ပွားနေရင်လည်း စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး အရေးယူတာမျိုးတွေ လုပ်ဖို့ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။ 

အဲလို နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှုတွေကို မထိန်းသိမ်းခဲ့ရင် တဖြည်းဖြည်းနဲ့ တော်လှန်ရေးရဲ့ ဂုဏ်သတင်းကို ထိပါးစေနိုင်တဲ့ အနေအထားမျိုး ရှိလာနိုင်တာ ဖြစ်ပါတယ်။ လုပ်ကြံသတ်ဖြတ်မှုတွေရဲ့ အကျိုးဆက်က တဖက်နဲ့တဖက် လက်စားခြေမှုတွေဆီကိုသာ ဦးတည်စေနိုင်ပြီး နိုင်ငံရေးရည်ရွယ်ချက်ကို အထောက်အပံ့ပေးဖို့ထက် နိုင်ငံရေး အင်အားစုတွေအကြား အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုတွေကို ပိုကြီးထွားလာစေနိုင်တာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar