Breaking News

သီအိုဇော် - ‘ဖောင်းဘောင်’ ကျုံ့မှ တော်လှန်ရေး ပိုအားကောင်းအောင်လုပ်နိုင်ကြမည်

သီအိုဇော် - ‘ဖောင်းဘောင်’ ကျုံ့မှ တော်လှန်ရေး ပိုအားကောင်းအောင်လုပ်နိုင်ကြမည်
(မိုးမခ) ဇွန် ၃၀၊ ၂၀၂၂

စစ်ဘောင်ကျယ်ရင် နိုင်ငံရေးဘောင်ကျဉ်းမယ်၊ နိုင်ငံရေးဘောင်ကျယ်ရင် စစ်ဘောင်ကျဉ်းမယ် စသဖြင့် ပြောဆိုလေ့ရှိကြတာကို မှီငြမ်းပြီး ဒီဆောင်းပါးခေါင်းစဉ်ကို စဉ်းစားမိခဲ့ပါတယ်။ စည်းနဲ့ကမ်းနဲ့ သတိအပြည့်ရှိရမယ့်ကာလမှာ စည်းမဲ့ကမ်းမဲ့ အသိမဲ့သူများက တနေ့တခြား ပိုလို့ ‘ဖောင်းထု’ လာရင်း ‘ဖောင်းဘောင်’ ကျယ်လာတဲ့အတွက် ပြည်သူကိုယ်စားပြု အဖွဲ့အစည်း အကျဥ်းအကျပ်ကြုံရတာမျိုးက တော်လှန် ရေးကို ဘယ်လိုမှ အထောက်အကူမဖြစ်စေတာ သေချာပါတယ်။ စာနယ်ဇင်းတွေသုံးလေ့ရှိတဲ့ ’မီဒီယာဆပ်ကပ်’အဖြစ်မျိုး ကြုံတွေ့ကြရပြီးတဲ့နောက် သင်ခန်းစာယူစရာများကလည်း အတူပေါ်ထွက်လာပါတယ်။

ပြည်သူတိုင်း ကျိုးကြောင်းတကျ အပြုသဘော ဝေဖန်အကြံပြုနိုင်ကြပါတယ်။ စာရေးသူအပါအဝင် ‘မိုးမခ’ မှာ ပါဝင်ရေးသားနေကြသူများဟာလည်း ကောင်းစေလိုတဲ့ဆန္ဒနဲ့ ထောက်ပြရေးသားကြတာမျိုးတွေရှိတာကို သတိထားမိကြပါလိမ့်မယ်။ ပိုသင့်တော်တဲ့ စကားလုံးရှာမရတဲ့အတွက် ဆက်သုံးမယ့်အသုံးအနှုန်းကို နားလည် ပေးစေလိုပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ‘လူမလေးခွေးမခန့်’ ပုံစံမျိုးနဲ့ ပြည်သူ့အစိုးရကို ဆက်ဆံလို့မရတာကိုတော့ နားလည်ကြရပါမယ်လို့ ဆိုချင်တာပါ။ ဒါဟာ ဒီမိုကရေစီကို ကျင့်သုံးတာ မဟုတ်ပါဘူး၊ ဒီမိုကရေစီကို အ လွဲသုံးစားပြုလုပ်ခြင်းသာ ဖြစ်ပါတယ်။

အရွယ်ရောက်သူတိုင်း ကိုယ်ရောက်ရှိနေတဲ့အရပ်မှာ အနည်းဆုံးတကြိမ်တော့ ရွေးကောက်ပွဲ ဆန္ဒမဲပေးခဲ့ကြဖူးပါလိမ့်မယ်။ ရာနှုန်းပြည့်အားမရပေမယ့် ကိုယ်မလိုလားတဲ့ တဖက်ပါတီ အနိုင်မရစေလိုတဲ့စိတ်ကို ရှေ့တန်းတင်ပြီး ကိုယ့်ပါတီကို မျက်စိမှိတ်မဲပေးခဲ့ရတာလည်း ကြုံကြိုက်ကောင်း ကြုံကြိုက်ခဲ့ကြရမှာပါ။ တွန်းတင်မလား၊ ချနင်းမလား ဆုံးဖြတ်ရတဲ့အချိန်လို့လည်း ဆိုရပါမယ်။

‘ဝက်စ်မင်စတာပါလီမန်၊ ယူအက်စ်ကွန်ဂရက်၊ ကင်ဘာရာပါလီမန်’ ဒီလိုအထင်ကရနေရာတွေက အစိုးရအဖွဲ့ တွေရဲ့ စွမ်းဆောင်မှုကို ထင် ဟပ်စေတဲ့ စစ်တမ်းတွေ အခါအားလျော်စွာ ကောက်ခံကြတိုင်း ဘယ်အစိုးရကမှ (၁၀၀) ရာခိုင်နှုန်း ထောက်ခံမှုမရကြပါဘူး၊ (၃) ပုံ၊(၂) ပုံပတ်ဝန်းကျင် ထောက်ခံမှုရတယ်ဆိုရင်ပဲ တကယ့်အောင် မြင်မှုကြီးတရပ်ပမာ လက်ခံကြရတာပါ။

ဆိုလိုတာက ဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီ စံနှုန်းစံထားမြင့်မားတဲ့နိုင်ငံကြီးများက အရင်းအမြစ်အပြည့်အဝနဲ့ လည်ပတ်နေကြတဲ့ အစိုးရ အဖွဲ့များအနေနဲ့တောင် ကိုယ့်ပြည်သူပြည်သားများရဲ့ ရာနှုန်းပြည့်ထောက်ခံမှု မရကြတာကိုပါ။ NUG ကရော ဘာသားများနဲ့ ထုထားပါလို့လဲ၊ဦးဆောင်နေသူ တဦးတယောက်စီတိုင်း အနေနဲ့ လည်း ကိုယ့်စွမ်းဆောင်ချက်ကို ကိုယ့်ဖာသာ အမှတ်ရာပြည့်ပေး ကျေနပ်နေကြမယ်လို့တော့ မထင်၊သူတို့ ကိုယ်စီကလည်း အားမလိုအားမရတာတွေ ရှိနေကြမှာသေချာပါတယ်။

အားမရတဲ့ပြည်သူများဆီက ကျိုးသင့်ကြောင်းသင့် အပြုသဘော ဝေဖန်ထောက်ပြမှုများ ပေါ်ထွက်တတ်ကြတာက ဒီမိုကရေစီနိုင်ငံများမှာ အဆန်းတကျယ်မဟုတ်ပဲ သဘာဝလို့သာ ပြောနိုင်ပါတယ်။ ဒါပေမယ့် အပျက်သဘော ‘ဖောင်းထု ကလော်တုတ်’ နေရင်တော့ အစိုးရလုပ်ဆောင်ချက်များအတွက်၊ တော်လှန်ရေးအတွက် အနုတ်လက္ခဏာဆောင်တယ်လို့သာ ဆိုရပါလိမ့်မယ်။

ထောက်ပံ့ပို့ဆောင်‌ရေးလို့ ပြန်ဆိုနားလည်ရတဲ့ Logisticsဟာ မျက်မှောက်ကာလတွင်မှ ရုတ်ချည်းတွင်ကျယ်လာသည့် နယ်ပယ်တရပ်တော့မဟုတ်။ရှေးကာလများစွာကပင် ကိုယ့်နည်းကိုယ့်ဟန်နဲ့အသုံးပြုခဲ့ကြပြီး ဂရိဘာသာ Logos မှဆင်းသက်လာကာ နောက်ပိုင်းကာလမှာတော့ ‘Logistique’ ဆိုတဲ့ ပြင်သစ်ဘာသာစကားအရ တွက်ချက်မှုနှင့်ဆက်နွှယ်သော ဘာသာရပ်အဖြစ် ကျယ်ပြန့်စွာ လက်ခံသုံးစွဲလာခဲ့ကြတာပါ။

ပရော်ဖက်ရှင်နယ် စစ်တပ်တိုင်းမှာ ထောက်ပံ့ပို့ဆောင်‌ရေး (ထောက်ပို့) ဌာနများ သီးသန့်ထားရှိကြသလို တိုက်ပွဲများရဲ့ အရှုံးအနိုင်ဟာလည်း ထောက်ပို့များရဲ့အခန်းကဏ္ဏအပေါ် အများကြီးမူတည်ပါတယ်။ပြင်သစ်တပ်တွေရှုံးနိမ့်ခဲ့ရတဲ့ ‘ဒန်ဘန်ဖူး (Dien Bien Phu)’ တိုက်ပွဲရလဒ်က တိုက်ခိုက်ရေးတပ်တွေနဲ့ ထောက်ပို့ ချိတ်ဆက် မပေါင်းစပ်နိုင်မှုကြောင့်လို့ မှတ်တမ်းတင်ခဲ့ကြပါတယ်။ 

ထောက်ပို့ကဏ္ဏရဲ့ အရေးပါမှုကို မီးမောင်းထိုးပြချင်လို့သာ ‘ဒန်ဘန်ဖူး’ တိုက်ပွဲဥပမာကို ပေးမိတာပါ။ တကယ်ကတော့ နွေဦးတော်လှန်ရေးရဲ့ လက်ရှိ ထောက်ပံ့ပို့ဆောင်‌ရေးလုပ်ငန်းတွေဟာ အရင်းအမြစ်နည်းပါးစွာနဲ့၊ ခိုင်မာစွာ မတည်ဆောက်နိုင်သေးတဲ့ ထောက်ပံ့ရေးစံနစ်နဲ့ လှမ်းလျှောက်နေရတဲ့ ကာလသာဖြစ်နေသေးလို့ သမိုင်းဝင် နာမည်ကျော်တိုက်ပွဲများနဲ့ နှိုင်းယှဉ်ပြောလို့ ဘယ်လိုမှ မသင့်တော်တဲ့ အနေအ ထားပါ။ ’သတ္တိ၊ သတိ၊ အသိ’ တွေနဲ့ အတတ်နိုင်ဆုံး ထိရောက်မှုရှိနိုင်သမျှရှိအောင် ဆောင်ရွက်နေကြသူများရဲ့ ပါဝင်မှုကို ခဏလေး ဖယ်ထုတ်ကြည့်လိုက်တယ်ဆိုရင်ပဲ၊ ဒီတော်လှန်ရေးမှာ သူတို့တတွေရဲ့ကဏ္ဏ ဘယ်လောက်လိုအပ် အရေးပါနေတယ်ဆိုတာကို ပိုလို့မြင်သိနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုအသိအမှတ်ပြုခံရခြင်းဟာ တော်လှန်ရေးသမားအချင်းချင်း ပုံဖျက်ပြောဆိုနိုင်ခွင့် လိုင်စင်ပေးထားခြင်းမဟုတ်သလို၊ တော် လှန်ရေးမျက်နှာ ထောက်ထားခြင်းမရှိပဲ ကိုယ့်ဩဇာအာဏာ စင်ပြိုင်ထူထောင်နေတာမျိုးကိုလည်း လစ်လျူရှု့ဖို့ မသင့်တော့တဲ့အချိန်ပါ။ နှီးနွယ်ပတ်သက်သူတွေရဲ့ ချိတ်ဆက်ကွန်ယက်တွေကို လေ့လာကြည့်တဲ့အခါမှာလည်း အပြုသဘောထက် အပျက်သဘောများသာ မြင်ကြသူတွေ အချင်းချင်း၊ အပြန်အလှန်ထောက်ခံ၊ တိတ်တဆိတ် မဟာမိတ်များဖြစ်နေကြတာကို တွေ့ရပြန်ပါတယ်။

ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်ကို လျှော့တွက်တာမျိုး မဟုတ်ပေမယ့် လူအမျိုးမျိုး စိတ်အထွေထွေမို့၊ စိတ်ဓါတ်နဲ့ တောင့်ခံတွန်းလှန်နေကြရတဲ့ တော်လှန်ရေးကာလမှာ လူနည်းစုလေးကပဲဖြစ်ဖြစ် ဇဝေဇဝါနဲ့ နားယောင် စိတ်ပျက် အားလျော့ကျန်ရစ်ခဲ့မှာကို မလိုလားပါဘူး။ဒါမျိုးဟာလက်ခံလို့မရတဲ့ အနေအထားဖြစ်လို့  ‘ဖောင်းဘောင်’ ကျယ်သထက် ကျယ်မလာစေဖို့ ဝိုင်းဝန်းကြိုးစားကြရပါမယ်။ တော်လှန်ရေးအောင်မြင်ဖို့ရည်စူးပြီး ထည့်ဝင်တဲ့ မိမိတို့ရဲ့လှူဒါန်းမှုများကြောင့် ‘ဖောင်းဘောင်’ ကျယ်ပြီး ကောင်းအောင်လုပ်ဆောင်နေသူများရဲ့ ဘောင်ကိုကျဉ်းစေနေသလားဆိုတာကိုလည်း မေးခွန်းထုတ်ချိန်တန်ပြီ ထင်ပါတယ်။

နိုင်ငံတကာအနေနဲ့ကလည်း ဒီမိုကရေအင်အားစုတွေရဲ့ စုစည်းမှု၊တိုင်းသူပြည်သားများရဲ့ ညီညွတ်မှု ဘယ်လောက်ရှိကြသလဲ၊ NUGအနေနဲ့ ဘယ်လို ဦးဆောင်ထိန်းကျောင်းနိုင်သလဲဆိုတာကို စောင့်ကြည့်နေကြတာပါ။ မြန်မာဘာသာနဲ့ပဲ လေလှိုင်းပေါ် (လိုင်းပေါ်) တက်နေလို့ နိုင်ငံတကာက မသိနိုင်တဲ့ခေတ် မဟုတ်တော့တာကိုလည်း အားလုံးသဘောပေါက်ပြီး ဖြစ်ပါလိမ့်မယ်။ အထင်အမြင်မကောင်းစရာ၊ အယုံအကြည်လျော့နည်းစရာ အချက်အလက်တွေစုဆောင်းမိသွားမှာ စိုးရိမ်ရပါတယ်။

သုတေသနပြုလုပ်သူများဟာ ဆိုရှယ်မီဒီယာပေါ်က အချက်အလက်များကို Machine-learning algorithms မျိုးသုံးပြီး သရုပ်ခွဲလေ့လာနိုင်ကြပါတယ်။ နိုင်ငံကြီးတွေရဲ့ အာရှပစ္စိဖိတ်ရေးရာ၊ အာရှရေးရာ၊ အရှေ့တောင် အာရှရေးရာ စတဲ့ဌာနများက တာဝန်ရှိသူတွေက မြန်မာအချင်း ချင်း ပြောဆိုဝေဖန်နေကြတာပဲ၊ အရေးမကြီးပါဘူးလို့ဆိုကာ ပေါ့ပေါ့လေးစဉ်းစားကြမယ်လို့တော့ လျှော့မတွက်ကြစေချင်ပါဘူး။  ဒီဌာနတွေရဲ့သတင်း အချက်အလက်စုဆောင်းမှု၊ ထောက်လှမ်းမှုတွေက NUG ရဲ့ ပြည်သူများအပေါ်  စည်းရုံးမှုစွမ်းရည်၊ ပြည်သူများရဲ့နောက်ကလိုက်ပါနေမှု့တို့အပေါ်  စိတ်ဝင်တစား လေ့လာနေကြတာပါ။ ဒါမှသာ ဘယ်ဖက်ကို ဘယ်အချိန် ဘယ်လိုယိမ်းမယ်၊ တိမ်းမယ်ဆိုတဲ့ သူတို့အစိုးရအဖွဲ့တွေရဲ့  မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ နိုင်ငံခြားရေးမူဝါဒအပြောင်းအလဲများ၊ ကူညီထောက်ခံမှုများအတွက် သတင်းအချက် အလက်တွေ ပြည့်ပြည့်စုံစုံ အစီရင်ခံနိုင်မှာ ဖြစ်ပါတယ်။ ’နံကြားထောက်ပြီး မြင်းလောင်းတတ်ကြသူများ’ မဟုတ်တာကို သတိချပ်ကြရပါမယ်။

ဒီနေရာမှာ ယူကရိန်းသမ္မတ’ဇလဲန်းစကီး’အကြောင်း ဖြည့်စွက်ပြောလိုပါတယ်၊ရွေးကောက်ခံရစဥ်တုန်း က တော့ သူဟာထောက်ခံမှု မြင့်မြင့်မားမား ရရှိခဲ့တာပါ၊ဒါပေမယ့် Rating Sociological Group (Ukraine)ရဲ့ စစ် တမ်းများ အရ ၂၀၂၀ခုနှစ် ဇွန်လကစပြီး လူထုထောက်ခံမှု (၄၀)ရာခိုင်နှုန်းအောက် ရောက်ရှိသွားကာ ၂၀၂၁ ခုနှစ်ဒီဇင်ဘာလမှာတော့ (၃၁)ရာခိုင်နှုန်းမျှသာ ထောက်ခံကြပါတော့တယ်။ တကယ်လို့သာ နောက်ပိုင်းမှာ ထောက်ခံမှုဒီလို ဆက်တိုက်ကျဆင်းနေခဲ့ရင် အနောက်အုပ်စုများက အခုလို အကူအညီပေးကြပါဦးမလား လို့ စဥ်းစားချင်စရာပါ။

၂၀၂၂ခုနှစ်‌‌ ဖေဖေါ်ဝါရီလမှာ’ဇလဲန်းစကီး’ကို ယူကရိန်း ပြည်သူများထောက်ခံမှုက (၉၁) ရာခိုင်နှုန်းအထိ ပြန်တက်ခဲ့တာကလည်း အနောက်အုပ်စုရဲ့ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာ ပြတ်သားလာစေခဲ့ပါတယ်၊လူထုထောက် ခံမှုကျဆင်းနေတဲ့ အစိုးရဆိုရင် ဒီလိုအကူအညီတွေရရှိဖို့ ခက်ခဲပါလိမ့်မယ်။ကိုယ့်အစိုးရကို အကူအညီများ ရသထက်ရရှိ နိုင်စေဖို့ဆိုရင် ပြည်သူများက တခဲတနက်ထောက်ခံနေဖို့လိုပါတယ်၊တကွဲတပြားနဲ့ အပုပ်ချ တိုက်ခိုက်နေရင်တော့ ပြန်ပေးသင့်တဲ့ နိုင်ငံကအပ်ထားတဲ့ ပိုက်ဆံကိုတောင် ‘ပြည်သူအများစုကို ကိုယ်စား ပြုပုံမရဘူး’လို့ မှတ်ချက်ချကာ ပြန်မပေးပဲ နေသွားနိုင်ပါတယ်။

နိုင်ငံရေးနယ်ပယ်မှာ ‘loose cannon’ ဆိုပြီး ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်သူ၊လော့ဂျစ်ကျကျလည်း မစဉ်းစားတတ်သူ၊ တာဝန်မဲ့စွာ ပြောဆိုပြုမူတတ်သူလို့ တံဆိပ်တပ်ခံရမှာ အလွန်စိုးရိမ်ကြပါတယ်။ ’walking disaster waiting to happen’ လို့လည်း အဓိပ္ပါယ်ဖွင့်ကြပါတယ်၊ ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲကြိုကာလမှာ ‘ဟီလာရီ’ နဲ့ ‘ထရမ့်’ တယောက်နဲ့တယောက် အပြန်အလှန်ခေါ်ဝေါ် တံဆိပ်ကပ်ခဲ့ကြရင်း မဲဆန္ဒရှင်တွေကို စည်းရုံးခဲ့ကြဖူးပါတယ်။

ဒီလိုကိုယ်ရည်ကိုယ်သွေး ရှိတဲ့လူမျိုးများက ကိုယ်ကျင့်သိက္ခာပိုင်းကို ကုန်းကောက်မရနိုင်အောင် တိုက်ခိုက်လာ (character assassination) ရင်တော့ လူပုဂ္ဂိုလ်တဦးတယောက်အတွက်သာမက အဖွဲ့အစည်းအတွက်ပါ အန္တရာယ်ကြီးပါတယ်။ ထိုသူတို့နဲ့ ဆက်ဆံနေကြသူများ ကိုယ်တိုင်ကလည်း မိမိတို့ရဲ့သတင်းအချက်အလက်လုံခြုံမှုကို အလေးထား စဉ်းစားကြရပါမယ်။

လက်ရှိမှာ NUGဟာ နိုင်ငံတကာအပြင် ကိုယ့်ပြည်တွင်းမှာလည်း မိတ်ဖက်များ ရှာဖွေတည်ထောင် ထိန်းသိမ်းနေကြရတဲ့အချိန်ဖြစ်ပါတယ်။ဒီအချိန်မှာ တော်လှန်ရေးသိက္ခာ ထိခိုက်အောင်၊ စွမ်းဆောင်ရည် မေးခွန်းထုတ်စရာဖြစ်အောင် စွပ်စွဲပြောဆိုလာကြခြင်းဟာ နောက်ပါပြည်သူလူထုအတွက် အားတက်စရာတွေ မဟုတ်တာက သေချာသလို၊ လက်တွဲကြတဲ့၊ လက်တွဲကြရမယ့် အဖွဲ့အစည်းများကိုလည်း ‘သို့လော သို့လော’ ဖြစ်လာနိုင်စေပါတယ်။

ဒီလိုဆိုလာတဲ့အတွက် NUGလုပ်သမျှ မျက်စိစုံမှိတ်ထောက်ခံကြရမယ်လို့ အဓိပ္ပါယ်ဖွင့်လို့မရပါဘူး။ NUG ဘက်ကလည်း ပြဿနာပဋိပက္ခများ ဖြေရှင်းဖို့ လက်ရှိလမ်းကြောင်းထက် ပိုမိုလွယ်ကူရှင်းလင်းစေအောင် ဖေါ် ဆောင်စေလိုပါတယ်။ ဒီလိုနည်းလမ်းတကျ ချဉ်းကပ်အဖြေရှာနိုင်ဖို့ ဆောင်ရွက်ပေးနိုင်မှသာ ထစ်ကနဲဆိုရင် လိုင်းပေါ်တက်ကြတဲ့ အစဉ်အလာကို လျော့ကျစေပါလိမ့်မယ်။ ပြည်သူတွေရဲ့ အသံကိုလည်း ပိုလို့သာနားထောင်ကြရပါတော့မယ်။

‘ဆိတ်ဆိတ်နေ ထောင်တန်’ ဆိုတဲ့ စကားပုံရှိသလို၊’ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်း’ လို့ အဓိပ္ပါယ်ကောက် ကြမယ့်သူများလည်း ရှိတာကို သတိထားကြရပါမယ်။ နိုင်ငံရေးအဖွဲ့အစည်းများအနေနဲ့က အာရုံစိုက်သင့်တဲ့ အဆိုးမြင်သဘောထား၊ အနုတ်လက္ခဏာဆောင်တဲ့ သတင်းအချက်အလက်များ၊ စွပ်စွဲခံရမှုများ ထွက်ပေါ်‌လာတာနဲ့ ချေဖျက်ဖြေရှင်းဖို့ ပြင်ဆင်လေ့ရှိကြပါတယ်။ သတင်းပျံ့နှံ့မှုကိုလည်း အချိန်မီထိန်းချုပ်ကြရပါတယ်။

မိမိရဲ့အပြုသဘော ဝေဖန်ထောက်ပြလိုစိတ်ကို ခဏအသာထားပြီး NUG ကို ကြီးထွားစေချင်သလား၊ NUGကို ချိနဲ့အောင်လုပ်ချင်သည့်သူများ ဩဇာပိုမိုကြီးမားစေချင်သလား၊ စည်းစနစ်တကျရှိတဲ့ အမိန့်ပေးကွပ်ကဲမှုစနစ် NUG အနေနဲ့ အမြန်ဆုံးတည်ဆောက်နိုင်စေလိုသလား၊ NUG ကို ‘ဖောင်းထု’တဲ့ ထောက်ပို့အုပ်စုနဲ့ ကျေးဇူးစား၊ ကျေးဇူးခံတွေ ပိုများလာပြီး သူတလူငါတမင်း ကိုင်တွယ်ရခက်ကာ၊ ဖရိုဖရဲ အမိန့်ပေးကွပ်ကဲမှုစနစ်နဲ့ ဆက်လက်တိုက်ပွဲဝင်စေချင်သလားဆိုတဲ့မေးခွန်းများကိုလည်း ဖြေဆိုကြဖို့ လိုအပ်ပါပြီ။

လှူဒါန်းငွေစီးဆင်းမှုလမ်းကြောင်းကို သေချာလေ့လာပြီး ဘယ်သူ့ကိုလှူရင် ဘယ်သူ့ဆီ ရောက်မယ်ဆိုတာ အလေးအနက်စဉ်းစားရပါတော့မယ်။မိမိချွေးနှဲစာ လှူဒါန်းငွေများဘယ်လို စီးဆင်းနေသလဲ၊ လက်သင့်ရာစားတော်ခေါ်နေတာများလား၊ ‘ဖောင်းထုဩဇာခံ’ များဆီ ဘယ်ရွေ့ဘယ်မျှ စီးဆင်းသွားသလဲ၊ ဒါဟာ တော်လှန် ရေးကို ကောင်းစေသလား၊ ဆိုးစေသလား  စသည်များကိုလည်း အလှူရှင်များက ဆန်းစစ်သင့်ပြီ ထင်ပါ တယ်။

ဒီနေရာမှာ ထပ်မံရှင်းလင်းလိုတာက NUG ကိုသာလှူကြပါလို့ ပြောနေခြင်းမျိုးမဟုတ်သလို၊ NUG ကလည်း သူတို့ကလွဲရင် ဘယ်သူ့မှမလှူရလို့ ပြောထားတယ်လို့လည်း မကြားဖူးပါ။အများသူငှာလိုပါပဲ၊မိမိတို့ကိုယ်တိုင်လည်း NUG မှတ်တမ်းလွှာများရရှိဖူးသလို အခြားမြေပြင်မှာ လိုအပ်တယ်လို့ သိရတဲ့နေရာများကို တိုက်ရိုက်စီးဆင်းသွားတာမျိုးတွေလည်း ရှိပါတယ်။ ဒီလိုစီးဆင်းမှုတွေက ရပ်တန့်သွားလို့မရသလို၊ လိုအပ်တဲ့နေရာများကို လုံခြုံစိတ်ချရတဲ့ မည်သည့်လမ်းကြောင်းကမဆို ဆက်လက်ပေးပို့နိုင်ဖို့ကလည်း အရေးကြီးတယ်လို့ ခံယူထားပါတယ်။ 

ဒီဆောင်းပါးဟာ တော်လှန်ရေးမျက်နှာကိုကြည့်ပြီး ကိုယ့်အလုပ်ကို အားထုတ်လုပ်နေကြသူများ၊ အဖွဲ့အစည်းများနဲ့ သက်ဆိုင်ခြင်းမရှိပါ။ ရည်ရွယ်ချက်ရှိရှိ ‘ဖောင်းထု’ ပြီး တော်လှန်ရေးတပ်ဦးပုံရိပ်ကို ‌ညစ်နွမ်းစေလိုသူများထံမှတဆင့် အလှူငွေစီးဆင်းနေမှုကို ပြန်လည်သုံးသပ်စေလိုခြင်းသာ ဖြစ်ပါတယ်။

သင့်တော်တဲ့ ဥပမာတခုနဲ့ အဆုံးသတ်လိုတဲ့အတွက် အဆီလျော်ဆုံးဖြစ်နိုင်တာကို ဘယ်နယ်ပယ်မှာရှာတွေ့ နိုင်မလဲဆိုပြီး ရှာဖွေမိပါတယ်။အဆုံးမတော့ ဆေးပညာနယ်က ဥပမာတခုကို တွေ့ရှိလိုက်ပါတယ်။ လူအယောက်စီတိုင်းအတွက် ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးဟာ တန်ဖိုးရှိကြပါတယ်။ ဘယ်သူကမှ ဒါတွေကို ခွဲစိတ်ဖြတ်ထုတ်ပစ်လိုမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လူနာရဲ့အသက်နဲ့ ယှဉ်လာတဲ့အခါမှာတော့၊အသက်ကိုဒုက္ခပေးလာမယ့် ဒီကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို နှမြောနေလို့မရပဲ ဖြတ်တောက်ခံလိုက်ရမှာပါ။ 

‘တော်လှန်ရေးအသက်’ ထက် ဘာဆိုဘာမှ အလေးထားစရာမရှိတဲ့အခြေအနေမျိုး ကြုံဆုံလာရတဲ့အခါမှာ၊ တွဲခေါ်မရ ညှိမရ ထိန်းမနိုင်၊ သိမ်းမရ နဲ့ အန္တရာယ်ဆက် ဖြစ်လာရင်တော့ ရန်၊ ငါဖြတ်လို့ သူ့လမ်းသူသွားဆိုကာ ချန်ထားခဲ့ကြဖို့ပဲ ရှိတော့မယ်လို့ ထင်ပါတယ်။ အဲဒီအချိန်အတွက်လည်း ကြိုတင်စဉ်းစား ပြင်ဆင်ထားကြရပါတော့မယ်။

သီအိုဇော်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar