Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၅ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၅ မြင်ကွင်း

(မိုးမခ) ဇွန် ၁၆၊ ၂၀၂၂
 

အသက် ဆုံးရှုံးမှုတွေနဲ့ နိုးထရတဲ့ ကာလတွေ 

မနက်မိုးလင်းလို့ သတင်းတွေ ဖတ်ရှုတဲ့အခါ ဘယ်တိုင်း၊ ဘယ်ပြည်နယ်က ဘယ်ကျေးရွာတွေတော့ နေအိမ်တွေမီးရှို့ခံရပြီဆိုတာမျိုး ဒေသခံတွေ ဖမ်းဆိး သတ်ဖြတ်ခံရတယ်ဆိုတာမျိုး သတင်းက နေ့စဥ်လိုလို ပါဝင်နေကျ သတင်းဖြစ်ပါတယ်။  

ဒီနေ့ သတင်းတွေကို ကြည့်လိုက်ရင် ရေစကြိုမြို့နယ်က PDF စခန်းတခုကို ဝင်စီးရာမှာ စီဒီအမ် လုပ်ထားတဲ့  ပညာရေး ဝန်ထမ်းကျောင်းအုပ်၊ ကျောင်းဆရာ၊ ဆရာမနဲ့ သူနာပြုဆရာမ တို့အပါအဝင် ၅ ဦးကို စစ်ကောင်စီတပ်တွေက  သတ်ံလိုက်တဲ့ သတင်းတွေက ထိပ်တန်းသတင်းအဖြစ် ဖေါ်ပြထားကြပါတယ်။ အသက်ဆုံးရှုံးရသူတွေထဲ အမျိုးသမီး ၃ ဦး နဲ့ အမျိုးသား ၂ ဦးဖြစ်ပါတယ်။ အသတ်ခံရသူ ၅ ဦးအနက် ၄ ဦးဟာ စစ်အာဏာမသိမ်းမီက ပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်ကြပြီး စီဒီအမ် လုပ်ကာ မြောက်ပိုင်း ရေစကြို မြောက်ပိုင်း ပြောက်ကျားတပ်ဖွဲ့ ဝင်တွေအဖြစ် ပါဝင်လှုပ်ရှားနေကြသူတွေ ဖြစ်ပါတယ်။  

သူတို့ရဲ့ အလောင်းတွေကိုသာ မီးလောင်ကျွမ်းထားတဲ့ အပျက်အစီးတွေထဲ တွေ့ကြရပြီး ဘယ်လို သတ်ဖြတ်ခံရသလဲ ဆိုတဲ့အသေးစိတ်အဖြစ်အပျက်တော့ မသိရှိရပါဘူး။ အသတ်ခံရတဲ့ အမျိုးသမီးတဦးမှာ ကိုယ်ဝန် ၅ လကိုလွယ်ထားတဲ့ သူဖြစ်တယ်လို့လည်း သတင်းတွေက ဖေါ်ပြကြပါတယ်။ မနက်အာရုံမတက်ခင် ၃ နာရီလောက် စစ်ကောင်စီတပ််ယာဥ်တန်းကို ရေစကြိုမြောက်ပိုင်း ပြောက်ကျားအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ပြီးနောက်မှာ အခုကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့လည်းသတင်းတွေက ဆိုပါတယ်။  

အခုလို PDF တပ်ဖွဲ့ဝင် အဖြစ်နဲ့ ဖမ်းဆီးခံရသူတွေ PDF ကို အားပေးကူညီတယ်လို့ သံသယရှိသူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရတဲ့ သတင်းတွေက မကြာခဏ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်တို့မှာ ဖြစ်နေကျ အဖြစ်အပျက်တွေ လို့ဆိုနိုင်ပါတယ်။  

စစ်ကောင်စီယာဥ်တန်း တွေ ရွာတွေကို ထိုးလာတဲ့ စစ်ကြောင်းတွေကို PDF တွေက မိုင်းဆွဲတိုက်ခိုက်တာ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်တဲ့အခါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးရပြီဆိုရင် စစ်ကောင်စီတပ်တွေက  လက်စားခြေ လက်တုံ့ပြန်ဆောင်ရွက်တာမျိုးလည်း ဖြစ်ပါတယ်။  

ဒီလို ရက်စက်စွာ လက်တုံ့ပြန်တာ PDF နဲ့ PDF လို့သံသယရှိသူ အရပ်သားတွေကို ပါ ညှင်းပန်းနှိပ်စက်သတ်ဖြတ်တာတွေက လုပ်ရိုးလုပ်စဥ်လို ဖြစ်လာနေပြီး ကျေးရွာတွေကို ဖျက်ဆီးတာ၊​ ပိုင်ဆိုင်မှုတွေကို ယူဆောင်သွားတာတွေကိုလည်း စစ်ကောင်စီတပ်တွေက ရန်သူ့ပစ္စည်းကို ဖျက်ဆီးခွင့် ယူဆောင်ခွင့် ရှိတဲ့သဖွယ် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။  

အခုလို အဖြစ်အပျက်တွေ အဆိုးရွားဆုံးဖြစ်ပျက်နေတဲ့ ဒေသတွေ အနေနဲ့ဆိုရင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း မြောက်ပိုင်းတွေ ဖြစ်ပါတယ်။ ကျေးရွာပေါင်း ရာနဲ့ချီ ပိုင်ဆိုင်မှုတွေတောင် အားလုံးမသယ်ဆောင်နိုင်ပဲ အသက်ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီး နေအိမ်၊ ဆန်စပါး၊ စိုက်ပျိုးသီးနှံဖြစ်တဲ့ ပဲ၊နှမ်းတွေ အားလုံးဆုံးရှုံးကာ တော တောင်ထဲမှာ အိပ်စက်နေကြရ နေ့စဥ် စစ်ကောင်စီတပ်တွေ လှုပ်ရှားမှုကို စောင့်နားထောင်ပြီး ရွှေ့ပြောင်းနေထိုင်ကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ ရက်ပိုင်းက NUG ရဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ဖြစ်ပွားနေတဲ့ နေအိမ်မီးရှို့ခံနေရတဲ့ ကိစ္စကို နည်းလမ်းရှာဖို့ တိုက်တွန်းခဲ့တယ်လို့ သတင်းထဲ တွေ့ရှိရပါတယ်။ အခုလို ပြောဆိုမှုဟာ မြေပြင်မှာ ခံစားနေရတဲ့သူတွေအဖို့ ကောက်ရိုးတမျှင်ဖြစ်ပြီး ဘယ်လို လုပ်ဆောင်မယ်ဆိုတာတော့ တိတိပပ အဖြေမရှိသေးတာလည်း တွေ့ရပါတယ်။  

ဒီလို နေအိမ်တွေဖျက်ဆီးတာ စစ်ရေးရှုထောင့်အရ ပြောရရင် မြေလှန်စနစ်ကျင့်သုံးတာဟာ စစ်ကောင်စီအဖို့ သူတို့ရဲ့ နိုင်ငံရေးအောက်ဆုံးအထိ ကျဆုံးနေတာကို ပြသနေတာလို့ဆိုရင် အမှန်ပဲလို့ ဆိုရမှာပါ။ တဖက်မှာလည်း သူ့ရဲ့ နိုင်ငံရေး အောက်ဆုံးအထိ ကျဆုံးနေချိန် စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး လက်နက်ကိုင် လှုပ်ရှားသူတွေဘက်မှာလည်း မိမိတို့ကို ထောက်ခံတဲ့ ပြည်သူတွေကို ကာကွယ်ဖို့ ဝတ္တရားက အရေးတကြီး ရှိတာဖြစ်ပါတယ်။  

“ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ လို့ အမည်ပေးခေါ်ဝေါ်တဲ့ PDF တွေအနေနဲ့ ပြည်သူ့ ရဲ့ အသက်အန္တရာယ်၊ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာတွေကိုလည်း ကာကွယ်ပေးဖို့ မဟာဗျူဟာ အရရော နည်းဗျူဟာအရပါ ထည့်သွင်းစဥ်းစားထားဖို့ လိုအပ်မယ်လို့ ယူဆပါတယ်။  

ကျေးရွာတွေအနီးမှာ တိုက်ပွဲဖေါ်ဆောင်မလား၊ သို့မဟုတ် ကျေးရွာနဲ့ ဝေးတဲ့နေရာတွေမှာ တိုက်ပွဲဖေါ်ဆောင်မလား၊ လက်နက်ကိုင် တပ်ဖွဲ့တွေ အခြေစိုက်တဲ့ စခန်းတွေကို ကျေးရွာတွေအနီးအနားမှာ ကျေးရွာတွေထဲမှာ အခြေစိုက်မလား သို့မဟုတ် ကျေးရွာတွေနဲ့ အလှမ်းဝေးတဲ့နေရာမှာ အခြေစိုက်ကြမလား စတဲ့ နည်းဗျူဟာတွေကိုလည်း ပြန်လည်သုံးသပ်ပြီး ကျေးရွာလူထုတွေ အထိအခိုက် အဆုံးအရှုံးနည်းအောင် ဦးစားပေး စဥ်းစားကြဖို့လည်း လိုအပ်မယ်လို့ ထင်မြင်မိပါတယ်။  

အခုလက်ရှိဖြစ်ရပ်တွေကို လေ့လာအကဲခတ်ကြည့်တဲ့အခါ PDF အဖွဲ့တွေ အနေနဲ့  ကျေးရွာတွေကို ကာကွယ်ဖို့ ရည်ရွယ်ပြီး ကျေးရွာတွေအနီးမှာ အခြေစိုက်တာလား သို့မဟုတ် ကျေးရွာတွေ က ရိက္ခာနဲ့ လူအင်အားအကူအညီ ရအောင် ကျေးရွာတွေထဲမှာ ကျေးရွာတွေ အနီးမှာ အခြေစိုက်တာလားလို့ စဥ်းစားစရာ ရှိပြီး အခြားသော ပြောင်းပြန်အကျိုးဆက်က ကျေးရွာတွေအနီး တိုက်ပွဲဖြစ်ခဲ့ရင် ချောင်းမြောင်းပစ်ခတ်တာ မိုင်းခွဲတာ ခံရတဲ့အခါ စစ်ကောင်စီက ကျေးရွာတွေကို ဖျက်ဆီးတာမျိုး ကျေးရွာသားတွေကို သတ်ဖြတ်တာမျိုး လုပ်ဆောင်နေတာ တွေ့ရပါတယ်။  

ဒါကြောင့် PDF တွေအနေနဲ့ ကျေးရွာတွေကို လက်တွေ့ ကာကွယ်နိုင်တဲ့ စစ်ရေးအင်အား လက်နက်အင်အား မရှိသေးခင်မှာ သီးခြားဒေသမှာ အခြေစိုက်မလားဆိုတာမျိုးလည်း သုံးသပ်စဥ်းစားသင့်တယ်လို့ မြင်ပါတယ်။ အခြားသော ရွေးခြယ်စရာ အနေနဲ့ ကျေးရွာအလိုက် PDF အချင်းချင်း စုပေါင်းပြီး အင်အားကြီးကြီးမားမားနဲ့ နယ်မြေတခု မှာစုစည်းကာ စစ်ကောင်စီကို တိုက်ခိုက်တာမျိုး လည်းထည့်သွင်းစဥ်းစားကြဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။  

ဒေသခံ လူထုအနေနဲ့ PDF တွေကို ထောက်ခံအားပေးမှု ရေရှည်ရရှိအောင် ဒေသခံတွေ ရှင်သန်နေထိုင်နိုင်ဖို့ သူတို့ အသက်မွေးဝမ်းကျောင်း လုပ်နိုင်ဖို့လည်း အရေးတကြီး လိုအပ်တာ ဖြစ်ပါတယ်။ ဒေသခံတွေ ဆက်လက် မရှင်သန်နိုင်တော့ရင် PDF တွေအနေနဲ့လည်း ဆက်လက်ရှင်သန်ဖို့ ခက်ခဲသွားမယ့်အရေး ကြိုတင်တွေးဆထားသင့်ပြီလို့ ယူဆမိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar