Breaking News

မိုက်ခဲစိန် - ဇန် ၆ အမေရိကန်လွှတ်တော် တိုက်ခိုက်ခံရခြင်း ကြားနာမှု

မိုက်ခဲစိန် - ဇန် ၆ အမေရိကန်လွှတ်တော် တိုက်ခိုက်ခံရခြင်း ကြားနာမှု

(မိုးမခ) ဇွန် ၁၁၊ ၂၀၂၂

၂၀၂၁ မှာ နစ်ဆန်းမှာ အမေရိကန်ပြည်သူတွေနဲ့ မြန်မာတွေက ဘ၀တူတွေ ဖြစ်ပါတယ်။ ၂၀၂၁ ဇန် ၆ မှာ အမေရိကန်လွှတ်တော်ကို ရွေးကောက်ပွဲရှုံးသမတ ထရန့်ရဲ့ ထောက်ခံသူတွေက ဝင်ရောက်သိမ်းပိုက်ကြဖို့ ကြိုးစားကြတယ်။ ၂၀၂၁ ဖေ ၁ မှာ ရွေးကောက်ပွဲနိုင် မြန်မာလွှတ်တော်အမတ်တွေကို တားဆီးပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းလိုက်တယ်။ အမေရိကန်က လွှတ်တော်သိမ်းပိုက်မှု မအောင်မြင်ခဲ့ပါ။ အမေရိကန် ရဲနဲ့ စစ်တပ်က ထရန့်၏ အကြမ်းဖက်သမားတွေကို တွန်းလှန်နိုင်ခဲ့တယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အမေရိကန်လွှတ်တော်က အတည်ပြုပြီး သမတသစ် ဘိုင်ဒင်အစိုးရ တက်လာနိုင်ခဲ့တယ်။ မြန်မာပြည်မှာကတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်အာဏာရှင်တွေက ပယ်ဖျက်လိုက်ပြီး စစ်ကောင်စီက မြန်မာပြည်ကို အလုံးစုံပျက်သုဉ်းရေးဆီ တွန်းချလိုက်ပါတယ်။

သည်လိုနဲ့ တနှစ် ၆ လနီးပါးအကြာမှာ အဆိုပါ ဇန် ၆ လွှတ်တော်သိမ်းဖို့ အကြမ်းဖက်သမားတွေကို ဖမ်းဆီးထိန်းသိမ်း အမှုစစ်ဆေးနေတဲ့ အမေရိကန်လွှတ်တော်ကော်မရှင်၏ ပြည်သူသို့ ကြားနာစစ်ဆေးမှု ထုတ်ပြန်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ကြာသာပတေးက လွှတ်တော်မှာ ဇန် ၆ ကော်မီတီ ကြားနားမှုကို ရေဒီယို ရုပ်မြင်သံကြားတွေကနေ လိုက်ဗ် ထုတ်လွှင့်ပေးခဲ့ပါတယ်။ အဲသည်မှာ ပြည်သူတွေ မသိရသေးတဲ့ သက်သေအထောက်အထားတွေကို ထုတ်ပြန် တင်ဆက်တာ ဖြစ်ပါတယ်။

အဲသည်မှာ အမေရိကန်လွှတ်တော်ကော်မီတီ၏ အာဘော်ကတော့ လွှတ်တော်နဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့ ကြိုးစားတာ၏ နောက်ကွယ်မှာ မဲရှုံးသမတ ထရန့်နဲ့ အပေါင်းအပါတွေ ရှိနေတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ထရန့်ရဲ့သမီးကိုယ်တိုင်က နောက်ဆုံးမှာ အဖေနဲ့ လမ်းခွဲပြီး ရွေးကောက်ပွဲဟာ တရားမျှတတယ်လို့ ဝန်ခံခဲ့ပါတယ်။ ထရန့်အနီးကပ်တွေထဲက အချို့ကလည်း ထရန့်ကို ဖြောင်းဖျခဲ့ကြသေးတယ်ဆိုတာ သိရှိရပါတယ်။ တကယ်တန်းကတော့ ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲဟာ တရားမျှတလွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဘယ်သူကမှ ခိုးယူလိမ်ညာခြင်း မရှိပါဘူး။ ထရန့်၏ အနီးကပ်လူတွေအားလုံး သိပြီးသားပါ။ သို့သော် ရီပတ်ဘလစ်ကန်ပါတီခေါင်းဆောင်တွေနဲ့ နောက်လိုက်တွေက သိသိကြီးနဲ့ နိုင်ငံရေးအမြတ်ထုတ်ချင်လို့ ထရန့်ကို ဖားချင်လို့ မျက်နှာလုပ်ချင်လို့ ဝန်မခံခဲ့ကြတာ ဖြစ်ပါတယ်။

ကြားနာပွဲမှာ လွှတ်တော်စောင့်ရဲတပ်ဖွဲ့ဝင် အမျိုးသမီး (လူဖြူ) က သူ့ကို ထရန့်ဘက်တော်သား အကြမ်းဖက်တွေက ရိုက်နှက်ခဲ့လို့ သတိလစ်လဲကျခဲ့တယ်။ သူ့ရဲဘော်တွေက ဆွဲခေါ်လို့ သက်သာရာရခဲ့တယ်။ ပြန်သတိရတဲ့အချိန်မှာ ရုန်းရင်းဆန်ခတ်မှုဟာ အလွန်ဆိုးဝါးနေပြီး သွေးတွေ ချင်းချင်းနီနေတဲ့ မျက်နှာတွေ ကြမ်းခင်းတွေနဲ့ ဖြစ်နေတယ်လို့ ထွက်ဆိုပါတယ်။

ထရန့်က လူတွေကို လွှတ်တော်ရှေ့က the mall ဆိုတဲ့ မြက်ခင်းပြင်မှာ မြှောက်ပင့်သွေးထိုးစကားဆိုပြီး လူအုပ်စုကြီးကို လွှတ်တော်ကို စီးနင်းဖို့ ရွေးကောက်ပွဲရလဒ်ကို ဖျက်ပစ်ဖို့ ညွှန်ကြားခဲ့ပါတယ်။ သူက အိမ်ဖြူတော်ကို ပြန်သွားပြီးတော့ မြေအောက်ခန်းကနေ သတင်းဌာနတွေ၏ တင်ဆက်ချက်တွေကို ကြည့်နေခဲ့ပါတယ်။ ပြီးတော့ သူ့တွစ်တာကနေ သွေးထိုးလှုံဆော်မှုတွေ ရေးသားနေခဲ့ပါတယ်။ အဲသည်စကားလုံးတွေကို အကြမ်းဖက်လူအုပ်ကြီးက လက်ကိုင်လော်စပီကာတွေကနေ ဖတ်ပြပြီး လူစုကို လွှတ်တော်ကို စီးနင်းခဲ့ကြပါတယ်။ န

ဒေါ်နယ်ထရန့်က ၂၀၁၆ ရွေးကောက်ပွဲမှာ သူမနိူင်ခဲ့ရင် ရလဒ်ကို အသိအမှတ်မပြုဘူးလို့ ပြောခဲ့တယ်။ သူနိုင်သွားတော့ ဘာမှ ပြသနာမရှာခဲ့ပါ။ ၂၀၂၀ မှာလည်း သူရှုံးခဲ့ရင် ရွေးကောက်ပွဲက လိမ်ညာမှုဖြစ်တယ်၊ သူလက်မခံဘူးလို့ ကြိုပြောခဲ့ပါတယ်။ ဘိုင်ဒင်နိုင်ပြီး သူ အပြတ်အသတ်ရှုံးတော့ ထရန့်ဟာ အစွန်းရောက် လူဖြူ အကြမ်းဖက်တွေ မျိုးချစ်တွေကို သွေးထိုးပြီး ဆူပူအကြမ်းဖက်ဖို့ လုပ်တော့တာပါပဲ။ နောက်ပြီးတော့ သူ့ပါတီက ခေါင်းဆောင်တွေကို အကြပ်ကိုင်ပြီး ရွေးကောက်ပွဲရလဒ်ကို လက်မခံကြောင်း တရားရင်ဆိုင်ဖို့ ကြိုးစားပါတယ်။ ပြည်နယ် တရားရုံးတိုင်းမှာ ထရန့်စွပ်စွဲမှုတွေကို တရားသူကြီးတွေက ပယ်ချခဲ့ကြပါတယ်။ နောက်ဆုံး ဇန်နဝါရီ ၆ လွှတ်တော်မှာ ၂၀၂၀ ရေးကောက်ပွဲ ရလဒ် အတည်ပြုတဲ့အချိန်မှာ ထရန့်က သူ့လူတွေကို မြှောက်ပေးပြီး လွှတ်တော်ကို စီးနင်းပြီး အာဏာလက်မလွှတ်ဖို့ ကြံစည်တာ ဖြစ်ပါတယ်။ ဒါကို လွှတ်တော်ကနေ သမတကို အရေးယူဖို့ ကြိုးစားပေမယ့် ထရန့်၏ ရီပတ်ဘလစ်ကန်ပါတီက အပြင်းအထန် ကန့်ကွက်ဆန့်ကျင်ပြီး ထရန့်ဘက်က ရပ်ကြ တွန်းလှန်ခဲ့ကြပါတယ်။ အဓိကကတော့ မဲရှုံးပါတီက သည်လို လုပ်ကြံလိမ်ညာမှု မှိုင်းမိနေတဲ့ ဉာဏ်ရည်မပြည့်တဲ့ မဲပေးသူတွေကို ဆက်ပြီး နောင်ရွေးကောက်ပွဲတွေမှာ အသုံးချဖို့အတွက် ဖြစ်ပါတယ်။

ဒါကြောင့် ရီပတ်ဘလစ်ကန်ထဲက သမာသမတ်ကျတဲ့ အမတ် လစ်ဇ်ချန်နီ အမျိုးသမိး (လူဖြူ)က - ထရန့်မရှိတော့တဲ့ နေ့မှာ နင်တို့ သိက္ခာမရှိတာတွေ တွင်ကျန်ရစ်လိမ့်မယ် - လို့ ကြားနာပွဲ အဖွင့်စကားပြောခဲ့ပါတယ်။ လွှတ်တော်ကော်မီတီက လွှတ်တော်အတိုက်ခိုက်ခံရခြင်း၏ နောက်ကွယ်က အချက်အလက်တွေ ပြည်သူတွေ သိရှိကြပြီး နိုင်ငံရေးပါတီကြီး ၂ ခု၏ တဘက်သတ်အစွန်းရောက်နေမှုများ လျော့ချဖို့၊ မဲဆန္ဒရှင်များ အမှန်အတိုင်းသိရှိဆင်ခြင်နိုင်မှုရရှိဖို မျော်လင့်ပေမယ့် တဘက်ပိတ်တွေကတော့ တဘက်ပိတ်တွေအဖြစ် ဆက်ရပ်တည်ကြပါတယ်။ အဓိကသတင်းဌာနတွေက ကော်မတီထုတ်ပြန် အစီရင်ခံမှုကို လိုက်ဗ်လွှင့်နေချိန်မှာ ထရန့်အားပေး၊ လူဖြူအစွန်းရောက် အားပေးတဲဲ့ ရှေးရိုးစွဲတွေကို ပရိသတ်အဖြစ် စုစည်းအမြတ်ထုတ်နေတဲ့ Fox News ကတော့ သတင်းကို လိုက်ဗ်မလွှင့်ပေးပါ။ ကော်မရှင်နဲ့ အစိုးရဟာ လိမ်ညာလုပ်ကြံနေဆဲဖြစ်တယ်လို့ မျက်စိမှိတ် နားပိတ်ပြီး ငြင်းခုန်ချက်တွေ တန်ပြန်စွပ်စွဲချက်တွေ လွှင့်နေခဲ့ပါတယ်။

ထရန့်၏ ဒုသမတ မိုက်ပန့်က ဇန် ၆ လွှတ်တော်ကို တက်ရောက်ပြီး ၂၀၂၀ ရေးကောက်ပွဲရလဒ်ကို အတည်ပြုပေးခဲ့ပါတယ်။ သူ့ကိုလည်း ထရန့်၏ အကြမ်းဖက်တွေက တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ကံသီလို့ လွတ်သွားတာပါ။ မိုက်ပန့်က စစ်တပ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ လွှတ်တော်ကို အကြမ်းဖက်တွေဆီက ကာကွယ်ဖို့ပါ။ ထရန့်ကတော့ မိုက်ပန့်ကို ကြိုးပေးဖို့ အော်နေတဲ့ သူပရိသတ်ကြီးရဲ့ သဘောထားကို ကြိုက်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

လွှတ်တော်ကော်မီတီ၏ တင်ပြချက်တွေထဲက ရုပ်သံမှတ်တမ်းတွေက ရဲတွေ၏ ကင်မရာတွေအပြင် ထရန့်ထောက်ခံတဲ့ လူရမ်းကားအဖွဲ့များနဲ့ လိုက်ပါလာတဲ့ မှတ်တမ်းတင် ကင်မရာအဖွဲ့တွေ၏ ရုပ်သံတွေလည်း ပါဝင်ပါတယ်။ ထရန့်ပြောသမျှ ယုံပြီး Fox News၏ အလိမ်အညာတွေကို အမှန်ထင်နေတဲ့ ဉာဏ်ရည်မပြည့်တဲံ အမှန်မမြင်တဲ့ ပရိသတ်တွေ၏ သဘောထား အမြင် အပြောအဆို လုပ်ကိုင်ချက်တွေဟာ အလွန် အန္တရာယ်ကြီးမားတယ်ဆိုတာ ဇွန် ၉ အစီရင်ခံချက် ထုတ်လွှင့်ချိန်မှာ မြင်တွေ့ကြရပါတယ်။ ခုချိန်ထိလည်း ဩဇာကြီးတဲ့ ထရန့်ကို မလွန်ဆန်နိုင်တဲ့ ရီပတ်ဘလစ်ကန်ခေါင်းဆောင်တွေ အမတ်တွေဟာ ဇန် ၆ လွှတ်တော်အတိုက်ခိုက်ခံရမှုကို ဆင်ခြေမျိုးစုံပေးပြီး ရှောင်လွှဲနေကြဆဲ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ အမှန်တရားကို မည်သို့ပင် အလင်းရောင်ထိုးပြပြ အမှန်မမြင်လိုသူ၊ အရှိတရားကို လက်မခံလိုသူတွေကတော့ ကျောခိုင်းပြီး ဆက်လက်လို့ အဖျက်အမှောင့်တွေ သွေးထိုးလုပ်ကြံမှုတွေ ကျုးလွန်ဦးမှာပါပဲ။ သူတို့ နိုင်ငံရေး စီးပွားရေး အကျိုးအမြတ်ထွက်ဖို့အတွက် အမှားတရားကို အသုံးချ အမြတ်ထုတ်နေကြဦးမှာ အမှန်ပါပဲ။ ကာယကံရှင်တွေက အသိဆုံးဖြစ်ပြီး သမိုင်းကပဲ အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ ထို့နည်းတူ - ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်လိုက်တဲ့ မြန်မာလွှတ်တော်နဲ့ ဒီမိုကရေစီအစိုးရတရပ် ကို ဖျက်ဆီးလိုက်တဲ့ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုအတွက်ကတော့ လူထု၏ တရားစီရင်ခြင်းခံရတဲ့နေ့ မလွဲမသွေ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar