မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၀ မြင်ကွင်း
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၀ မြင်ကွင်း
(မိုးမခ) ဇွန် ၁၁၊ ၂၀၂၂
ကွပ်မျက်မှု အကောင်အထည်မဖော်ဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရဲ့ မေတ္တာရပ်ခံစာပေးပို့၊ ကမ္ဘာ့ဘဏ်က မြန်မာကို ခန့်မှန်းမှုမလုပ်နိုင်
ခုသီတင်းပတ်တွေမှာ နေ့စဥ် သတင်းတွေထဲ ပါဝင်နေတဲ့ အကြောင်းအရာကတော့ သေဒဏ်အမိန့် နောက်ဆုံးအဆင့်ကို အတည်ပြုထားပြီလို့ ဆိုတဲ့ ဦးဂျင်မီ ၊ ဦးဇေယျာသော် နဲ့အခြား ၂ ဦး တို့နဲ့ပတ်သက်ပြီး နိုင်ငံတကာ အစိုးရတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ရှုတ်ချတာ၊ ကန့်ကွက်တာ၊ သတိပေးတဲ့ အကြောင်းတွေနဲ့ပတ်သက်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြမှုတွေ တွေ့နေရတာ ဖြစ်ပါတယ်။
အနောက်နိုင်ငံသံရုံးအချို့နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တချို့က အခုလို သေဒဏ်အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတာကို ကန့်ကွက်ရှုတ်ချကြပြီး ကုလသမဂ္ဂကလည်း ကန့်ကွက်စာ ထုတ်ထားတာဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲက ပထမဆုံး မေတ္တာရပ်ခံစာပေးပို့တာကတော့ လက်ရှိအာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန် ဖြစ်ပါတယ်။
အာဆီယံရဲ့ နိုင်ငံအားလုံး သဘောတူညီမှုအရ ပို့တာလား ဆိုတာ ရှင်းရှင်းလင်းလင်းမရှိပေမယ့် လက်ရှိအာဆီယံ အလှည့်ကျ ဥက္ကဋ္ဌလည်းဖြစ်တာမို့ ဟွန်ဆန်ရဲ့ မေတ္တာရပ်ခံစာဟာ အာဆီယံရဲ့ သဘောထားကို ယေဘုယျအားဖြင့် ထင်ဟပ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီစာထဲမှာ အခုလို ကွပ်မျက်မှုကို ဆက်လက်အကောင်အထည်ဖော်မယ်ဆိုရင် အာဆီယံနိုင်ငံတွေအတွင်း ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေ ကြုံရနိုင်တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း ရင်ဆိုင်ရနိုင်တယ်လို့လည်း ဖော်ပြထားတာ ဖြစ်ပြီးစစ်ကောင်စီဘက်က အခုစာအပေါ် ဘယ်လို တုံ့ပြန်မယ်ဆိုတာတော့ မသိရသေးပါဘူး။
အခြားသတင်းအကြောင်းအရာတခုကတော့ ကမ္ဘာ့နိုင်ငံတွေရဲ့ စီးပွားရေး တိုးတက်မှု၊ ဆုတ်ယုတ်မှုနဲ့ပတ်သက်လို့ ကမ္ဘာ့ဘဏ်ရဲ့ နှစ်စဥ် အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ခန့်မှန်းတွက်ချက်မှု မလုပ်နိုင်ပဲ ယခုနှစ်မှာ ချန်လှပ်ခံခဲ့ရပါတယ်။ စစ်အာဏာသိမ်းပြီး တနှစ်ကျော်အကြာ ကမ္ဘာ့ဘဏ် ပုံမှန်ထုတ်ပြန်တဲ့အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ မရရှိနိုင်တာကြောင့် ဖော်ပြနိုင်ခြင်းမရှိဘဲ ချန်လှပ်ခဲ့တဲ့ သဘောဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး တနှစ်နဲ့ ၄ လကျော်အကြာမှာ မြန်မာ့စီးပွားရေးအခြေအနေက အဆိုးဘက်ကို ဦးတည်နေတာ တွေ့ရပြီး ယုံကြည်ရတဲ့ စီးပွားရေးဆိုင်ရာအချက်အလက်တွေ မရရှိနိုင်တော့တဲ့ အခြေအနေမျိုးကြောင့် မြန်မာနိုင်ငံအဖို့ ၂၀၁၁ ခုနှစ် မတိုင်ခင်တုန်းက အနေအထားမျိုးနဲ့ အလားတူ စီးပွားရေးတိုးတက်မှုနဲ့ပတ်သက်တဲ့ ကိန်းဂဏန်း ခန့်မှန်းမှုတွေ ကမ္ဘာ့ဘဏ်အနေနဲ့ မလုပ်နိုင်တော့တဲ့ သဘောလည်း ဖြစ်ပါတယ်။
ထင်ရှားတဲ့ မြင်ကွင်းကို ကြည့်မယ်ဆိုရင် စစ်ကောင်စီဖွင့်တဲ့ ကျောင်းတွေကိုပဲ မျက်စိမှိတ်ရွေးချယ်ကြရတဲ့ လူတန်းစား၊ ပြည်တွင်းမှာ လုံခြုံစိတ်ချရတဲ့ ပုဂ္ဂလိကကျောင်းကို ရွေးချယ်ကြသူများ၊ ထိုထက်ပိုပြီး ပြည်ပကျောင်းတွေ အပ်နှံကြတဲ့ အသိုင်းအဝိုင်းဆိုပြီး တွေ့ရသလို စားဝတ်နေရေးအတွက် ပြည်တွင်းမှာပဲ ကြုံရာပျံကျလုပ်ကိုင်နေကြသူတွေပြီးနောက် မြို့ရွာ ကျေးလက်ကနေ နယ်စပ်ဒေသတွေ အိမ်နီးချင်းနိုင်ငံတွေကို တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်ဖြစ် သွားရောက်နေကြသူတွေကလည်း လှိုင်းလုံးကြီးများသဖွယ် စီးဆင်းနေပါတယ်။ သည်ထက်တတ်နိုင်သူတွေကတော့ ပြည်တွင်းမှာထက် ပြည်ပကို ပြောင်းရွှေ့နေကြဖို့ အနှေးနဲ့ အမြန် လုပ်ကိုင်နေကြတာကို တွေ့နိုင်ပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် ကျဆင်းနေပြီးဖြစ်တဲ့ စီးပွားရေး၊ မြင့်မားလှတဲ့ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင် အခွင့်အလမ်းကျဆင်းမှုတွေအပြင် ယူကရိန်းစစ်ပွဲစတင်ပြီးနောက် ကမ္ဘာ့ရေနံစျေး မြင့်တက်မှု အကျိုးဆက်ကြောင့်လည်း မြန်မာနိုင်ငံ စီးပွားရေး အခြေအနေက ပိုပြီးထိခိုက်စရာ အလားအလာတွေ တွေ့နေရပါတယ်။ ပြည်တွင်းစစ် ဖြစ်ပွားမှု ကျယ်ပြန့်လာတာ၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေ ဆိုးရွားလာတာတွေဟာ အထွေထွေ စီးပွားရေးအကြပ်အတည်းကို ဦးတည်နေတဲ့ အလားအလာမျိုးလည်း ဦးတည်နေတာပါ။ တကယ်တမ်း ပြောရရင် အခုလက်ရှိမှာကို အထွေထွေအကျပ်အတည်းကို ရင်ဆိုင်နေကြရတာဖြစ်ပြီး စစ်ကောင်စီက သူ၏ စစ်အုပ်စုစီးပွားရေး ဘဏ္ဍာရေးနဲ့ လည်ပတ်နေပြီး မြန်မာပြည်သူတွေကတော့ ပြည်ပနဲ့ နယ်စပ်က ပြန်လည်ထောက်ပံ့ ပို့ဆောင်ပေးနေတဲ့ ငွေကြေး ကုန်စည်လည်ပတ်မှုနဲ့ အသက်ဆက်နေကြတာ ဖြစ်နေပါပြီ။
ပြည်တွင်းစစ် ကျယ်ပြန့်လာတာနဲ့ အမျှ မြန်မာ့နိုင်ငံရေး အရှိန်မြင့်တက်လာတဲ့အခြေအနေမှာ စီးပွားရေးအပေါ် ထိခိုက်သက်ရောက်မှုတွေလည်း ကြီးမားလာပြီး ဆင်းရဲမွဲတေမှု မျဥ်းအောက် ကျရောက်တဲ့ လူဦးရေ တိုးတက်လာတဲ့အခြေအနေ ၊ လူသားချင်းစာနာမှု အကူအညီလိုအပ်တဲ့ ဦးရေ သန်းနဲ့ချီ မြင့်တက်လာတဲ့အနေအထားတွေမှာ နိုင်ငံရေး အောင်ပွဲရဖို့ အာရုံစိုက်နေတာနဲ့အတူ တဖက်မှာ အဲဒီပြဿနာတွေကို ဖြေရှင်းဖို့လည်း ထည့်သွင်းစဥ်းစားထားဖို့ အရေးကြီးတယ်လို့ထင်မြင်မိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar