သီအိုဇော် - ကျောက်တို့၏သမိုင်းနှင့် မျောက်ကျောက်ကူးစက်မှု ကောက်ကြောင်း - အပိုင်း (၁)
(မိုးမခ) မေ ၃၊ ၂၀၂၂
ပြောကြရစတမ်းဆိုလျင် ‘မျောက်ကျောက်’ ရောဂါသည် မျောက်သတ္တဝါများအပေါ် အားတုံ့အားနာဖြစ်သင့်သည့်ရောဂါတမျိုးပင်။ အဘယ့်ကြောင့်ဆိုသော် ‘မျောက်ကျောက်’ ဟူ၍ နာမည်တပ်ခေါ်ဝေါ်ခံရသော်လည်း မျောက်တို့သည် ဤဗိုင်းရပ်စ်ရောဂါပိုးကို အဓိကသယ်ဆောင်ထားသည့် တမျိုးတည်းသောသတ္တဝါမဟုတ်၊ သူတို့ကိုယ်တိုင် အခြားမှကူးစက်ခံရသည်ဟုလည်း လက်ခံထားကြ၍ဖြစ်သည်။
၁၉၅၈ ခုနှစ်က ဒိန်းမတ်နိုင်ငံ ‘ကိုပင်ဟေဂင်’ မြို့ရှိ တိရစ္ဆာန်သုတေသနစင်တာရှိ မျောက်များ၌ ကူးစက်မှုကို အစပြုတွေ့ရှိခြင်းကြောင့် Monkeypox Virus (MPXV) အမည်တွင်ခဲ့ခြင်းဖြစ်သည်။ ဇစ်မြစ်ကိုလိုက်လျင် ကိုက်ဖြတ်စားသတ္တဝါ ‘အာဖရိကန်ကြွက်မျိုးစဉ်’ (African Rodents) သည် အဓိကဗိုင်းရပ်စ်ပိုး သယ်ဆောင်သည့် တိရစ္ဆာန်ဟုယူဆထားကြပြီး ‘Centers for Disease Control and Prevention’ (CDC) က ထို ‘အာဖရိကန်ကြွက်’ မျိုးအားလုံးကို အမေရိကန်နိုင်ငံသို့ တင်သွင်းခွင့်ပိတ်ပင်ထားသည်။
ပထမဦးဆုံး ‘မျောက်ကျောက်’ ရောဂါကူးစက်ခံရသူသည် ၁၉၇၀ ခုနှစ်က ‘ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ’ (‘DRC’ ယခင် ဇိုင်ယာနိုင်ငံ)၊ ’ဘဆန်းကုဆု’(Basankusu) ဒေသမှ (၉) လသားအရွယ် ကလေးငယ်တဦးဟု မှတ်တမ်းတင်ခဲ့ကြသည်။ ‘မျောက်ကျောက်’ ဗိုင်းရပ်စ်ပိုးသည် ‘Poxviridae’ ဗိုင်းရပ်စ်မျိုးရင်း မိသားစုဝင်ဖြစ်ပြီး ‘Orthopoxvirus’ ဗိုင်းရပ်စ်မျိုးနွယ်အုပ်စုခွဲတွင် ပါဝင်သည်။ ‘Orthopoxvirus’ အုပ်စုတွင် ‘ကျောက်ကြီး’ ရောဂါ (Smallpox) ဖြစ်ပွားစေသည့် ‘Variola virus’ လည်းပါဝင်သည်။ ‘မျောက်ကျောက်’ ရောဂါသည် လူသားမျိုးနွယ်ကို ကြီးစွာဒုက္ခပေးခဲ့သည့် ‘ကျောက်ကြီး’ ရောဂါနှင့် ဆင်တူသည်များရှိသော်လည်း ယင်းလောက်ပြင်းထန်မှုမရှိ။
‘ကျောက်’တို့၏သမိုင်းကို လေ့လာရာတွင် ‘ကျောက်ကြီး’ ရောဂါကို ချန်လှပ်၍မရနိုင်။ (၁၁၅၇) ဘီစီက ကွယ်လွန်ခဲ့သည့် အီဂျစ် ’ဖာရိုဘုရင်’ (Pharaoh Ramesses V of Egypt) ၏ ‘မံမီ’ ကို သုတေသနပြုချက်အရ သူသည်’ကျောက်ကြီး’ ရောဂါဖြင့် သေဆုံးခဲ့သည်ဟု ကောက်ချက်ချခဲ့ကြပါသည်။ ကမ္ဘာမှာ ပထမဆုံး လက်ဆုပ်လက်ကိုင်ပြနိုင်ခဲ့သည့် ‘ကျောက်ကြီး’ ရောဂါတွေ့ရှိမှုဟု ပြောနိုင်သော်လည်း၊ မတိုင်မီ နှစ်ကာလပေါင်းများစွာကတည်းက ဖြစ်ပွားခဲ့မှုများရှိသည်ဟု ယူဆထားကြသည်။
နှစ်ပေါင်းရာထောင်ချီ ကမ္ဘာအနှံ့ ပြန့်ပွားခဲ့သော ကူးစက်ရောဂါတခုဖြစ်၍ သေဆုံးခဲ့ရသူစုစုပေါင်းအား မှတ်တမ်း အတိအကျရရှိရန် ခက်ခဲခဲ့သော်လည်း ‘American Museum of Natural History’မှ ရရှိသည့် အချက် အလက်များအရ ၁၉၀၀ ခုနှစ်နောက်ပိုင်း သေဆုံးသူ သန်းပေါင်း (၃၀၀) အထက်ရှိကြောင်း သိရှိရသည်။ စတင် ဖြစ်ပွားသည့်အချိန်မှ ၁၉၀၀ ခုနှစ်အထိ အသက်ဆုံးရှုံးခဲ့ကြရသူများကိုပါ ထည့်တွက်လိုက်လျင်၊ ဆေးပညာ မတိုးတက်မီအချိန်ကာလက ‘ကျောက်ကြီး’ ရောဂါဒဏ်အား လူသားမျိုးနွယ်စုအနေဖြင့် မည်မျှခါးစည်းခံခဲ့ကြရသည်ကို တွေ့မြင်နိုင်သည်။
‘ကျောက်ကြီး’ ရောဂါသည် ‘ဖာရိုဘုရင်’ ကိုသာမက၊ ကမ္ဘာအနှံ့အပြားရှိ အခြားအုပ်ချုပ်မင်းလုပ်ကြသူများကို လည်း ချမ်းသာမပေး။အင်္ဂလန်၊စကော့တလန်၊ အိုင်ယာလန်တို့၏ ဘုရင်မ’မယ်ရီ’ (၂)၊ ဩစတြီးယားဘုရင် ‘ဂျိုး ဇက်ဖ်’(၁)၊ ရုရှားဇာဘုရင် ‘ပီတာ’ (၂)၊ ပြင်သစ်ဘုရင်’လူဝီ’ (၁၅)၊ တို့သည် (၁၇) ရာစုနှောင်းပိုင်းနှင့် (၁၈) ရာစုအတွင်း သာမန်ပြည်သူများကဲ့သို့ပင် ‘ကျောက်ကြီး’ ရောဂါကို လက်မြှောက်အရှုံးပေးခဲ့ကြရသူများဖြစ်သည်။
‘ကျောက်ကြီး’ ရောဂါသည် ဥရောပတွင်သာမဟုတ်၊ အာရှတိုက်ရှိ နန်းတော်များကိုလည်း သက်ညှာခြင်းမရှိ။ ‘အဆုကာ’ခေတ် (Asuka Period) မှ (၃၀) မြောက် ဂျပန်ဧကရာဇ် ‘ဘီဒတ်ဆု’ (Emperor Bidatsu) သည် ‘ကျောက်ကြီး’ ရောဂါဖြင့် ကွယ်လွန်ခဲ့သော ပထမဦးဆုံး ဂျပန်တော်ဝင်မိသားစုတဦးဖြစ်သည်။ ၁၈၁၆ ခုနှစ်တွင် ‘ကျောက်ကြီး’ရောဂါဖြင့် အသက်ဆုံးရှုံးခဲ့သည့် နီပေါဘုရင်’ဂါဗင်’ (Girvan Yuddha Bikram Shah) သည် ထိုစဉ်က အသက် (၁၉) နှစ် အရွယ်သာရှိသေးသည်။
မြန်မာနန်းတွင်းမှ သာဓကများကိုလည်း ဆက်လက်ဖေါ်ပြလိုပါသည်။ အင်းဝမြို့တည် မြန်မာဘုရင်အမည်ကို ရုတ်တရက်ခေါင်းထဲ ပေါ်မလာသည့်တိုင် ‘သူခိုးကြီးငတက်ပြား’ နှင့် ဆက်စပ်စဥ်းစားပြီး ‘သတိုးမင်းဖျား’ ဆိုသည်ကို ပြန်လည်သတိရနိုင်ပါသည်။ သူ့အပြင် နောက် ထပ် ‘ကျောက်ကြီး’ ရောဂါဖြင့် အသက်ဆုံးရှုံးခဲ့သူ မြန်မာဘုရင်တပါးကတော့ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲရှုံးနိမ့်ခဲ့သူ ‘ပုဂံမင်း’ ဖြစ်သည်။ ‘သီပေါမင်း’ လက်ထက်တွင် နန်းကျဘုရင်တဦးအဖြစ် ‘ကျောက်ကြီး’ ရောဂါဖြင့် ကွယ်လွန်ခဲ့သူပင်။
‘ကျောက်ကြီး’ရောဂါကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ယနေ့ထက်တိုင် ဆေးပညာလောကသားများအကြား ထင်ရှားသူ ဆေးပညာရှင်တစ်ဦးကိုလည်း မမေ့မလျော့ မှတ်တမ်းတင်လိုပါသေးသည်။ သူကတော့ အသက် (၃၄) နှစ် အရွယ်တွင် ဆုံးပါးခဲ့သူ ‘Dr. Henry Gray’ဖြစ်ပြီး ၁၈၅၈ ခုနှစ် ဩဂုတ်လက သူရေးသားခဲ့သည့် ခန္ဓာဗေဒစာအုပ် (Gray’s Anatomy) သည် ယနေ့အချိန်အထိ အကြိမ်ပေါင်းများစွာ ရိုက်နှိပ်နေရသည့် ဆေး ကျောင်းသားများလက်စွဲ ပြဌာန်းစာအုပ်တစ်အုပ်ဖြစ်သည်။
‘ကျောက်ကြီး’ရောဂါ ခံစားခဲ့ရသော်လည်း အသက်မဆုံးရှုံးခဲ့သည့် ကျော်ကြားသူများလည်း ရှိပါသည်။ ဂီတကို ချစ်မြတ်နိုးသူများကတော့ အသက် (၁၁) နှစ်အရွယ်မှာ ‘ကျောက်ကြီး’ ရောဂါဖြစ်ခဲ့သော်လည်း ပြန်လည်ကျန်းမာခဲ့သူ ဂီတပညာရှင် ‘မိုးဇတ်’(Wolfgang Amadeus Mozart) အတွက် ပြန်တွေးမိတိုင်း ဝမ်းမြောက်ဝမ်းသာရှိနေကြပါလိမ့်မည်။
‘ကျောက်ကြီး’ ရောဂါကို လွန်မြောက်နိုင်ခဲ့သူ နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူများကတော့ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတ ‘ဂျော့ဂျ်ဝါရှင်တန်’၊ တစ်ဆယ့်ခြောက်ယောက်မြောက်သမ္မတ ‘အဘရာဟင်လင်ကွန်း’၊ အသက် (၇) နှစ်သားအရွယ်မှာ ‘ကျောက်ကြီး’ ရောဂါ ဖြစ်ခဲ့ဖူးသည့် ဆိုဗီယက်ပြည်ထောင်စု၏ခေါင်းဆောင် ‘ဂျိုးဇက်စတာလင်’ တို့ ဖြစ်သည်။
‘Variola Major’ မျိုးကွဲကြောင့်ဖြစ်ပွားသော ‘ကျောက်ကြီး’ ရောဂါသည် ‘Variola Minor’ ထက် ပို၍ပြင်းထန်သည်။ ကမ္ဘာကြီး၏ ‘Variola Major’နောက်ဆုံးလူနာကို ၁၉၇၅ ခုနှစ်တွင်တွေ့ရှိခဲ့ရပြီး သူမမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ‘Rahima Banu Begum’ ဆိုသူ၊ နောက်ပိုင်းတွင် ပြန်လည်ကျန်းမာလာခဲ့သည့်ကလေးငယ်ဖြစ်သည်။ ၁၉၇၇ ခုနှစ်တွင် ဆိုမာလီယာနိုင်ငံမှ ဆေးရုံစားဖိုမှူးတဦးဖြစ်သူ ‘Ali Maow Maalin’ သည် ’Variola Minor’ ကြောင့်ဖြစ်သည့် ‘ကျောက်ကြီး’ ရောဂါကို နောက်ဆုံးကူးစက်ခံခဲ့ရသူဖြစ်ပြီး သူသည်လည်း ပြန်လည်ကျန်းမာလာခဲ့သူဖြစ်သည်။
ထိုကဲ့သို့ ကမ္ဘာမြေပေါ်မှ ‘ကျောက်ကြီး’ ရောဂါကင်းစင်သွားစေသည့် အဓိကဆောင်ရွက်ချက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏လမ်းညွှန်ချက်ဖြင့် ‘ကျောက်ကြီး’ ရောဂါကာကွယ်ဆေး ထိရောက်စွာ ထိုးနှံပေးနိုင်ခြင်းပင် ဖြစ်သည်။ ဤကာကွယ်ဆေးကို ၁၇၉၆ ခုနှစ်တွင် စတင်တွေ့ရှိခဲ့သူမှာ ဒေါက်တာအက်ဒွပ်ဂျင်းနား (Dr.Edward Jenner) ဖြစ်ပြီး ၁၈၀၁ ခုနှစ်တွင် နွားကျောက်နှင့် ‘ကျောက်ကြီး’ ရောဂါကာကွယ်နိုင်မှု ဆက်စပ်ခြင်း သုတေသနအကြောင်း ‘On the Origin of the Vaccine Inoculation’ စာတမ်းကို ရေးသားခဲ့သည်။
ဤသို့အစပြုခဲ့သော ‘ကျောက်ကြီး’ ရောဂါကာကွယ်ဆေးသည် နည်းပညာတိုးတက်ပြောင်းလဲလာမှုများကြောင့် အပူဒဏ်ခံနိုင်ပြီး ရေရှည်သိုလှောင်အသုံးပြုနိုင်သည့် ‘heat-stable freeze-dried vaccine’ များကို ၁၉၅၀ ပြည့်လွန်နှစ်များတွင် တီထွင်ထုတ်လုပ်လာနိုင်ခဲ့သည်။ ၁၉၅၈ ခုနှစ် (၁၁) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညီလာခံကို မင်နီဆိုတာပြည်နယ် ‘မင်နီပိုလစ်’ မြို့၌ကျင်းပခဲ့ပြီး ‘ကမ္ဘာတခွင် ကျောက်ကြီးရောဂါကင်းစင်ရေး’ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။ ဤညီလာခံတွင် မြန်မာနိုင်ငံသည် အရည်အချင်းစစ်ကော်မတီ အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ပြီး အစီရင်ခံစာအရ ထိုစဉ်က မြန်မာနိုင်ငံလူဦးရေ (၁၉) သန်းအနက် (၇၆၂,၀၀၀) သာ ‘ကျောက်ကြီး’ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
၁၉၇၇ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာကော်မရှင်အဖွဲ့ လာရောက်စစ်ဆေးပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မြန်မာ နိုင်ငံတွင် ‘ကျောက်ကြီး’ ရောဂါကင်းစင်ပြီဖြစ်ကြောင်း အသိအမှတ်ပြုလွှာရရှိခဲ့သည်။ ၁၉၈၀ ခုနှစ် မေလ (၈) ရက်နေ့တွင် ဂျီနီဗာ၌ကျင်းပသော (၃၃) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညီလာခံက ကမ္ဘာတဝှမ်းတွင် ‘ကျောက်ကြီး’ ရောဂါကင်းစင်သွားပြီဖြစ်ကြောင်း ကြေညာနိုင်ခဲ့သည်။
‘ကျောက်ကြီး’ ရောဂါကာကွယ်ဆေးအကြောင်း အထူးအာရုံစိုက်ပြောဆိုနေရခြင်းမှာ လူသားမျိုးနွယ်စုတွင်ဖြစ်ပွားသော ကူးစက်ကပ်ရောဂါတခုကို ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ပထမဦးဆုံးအကြိမ် အမြစ်ဖြတ်နိုင်ခဲ့သည့် သမိုင်းမှတ်တိုင် စိုက်ထူထားနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် ကျောက်ကြီး’ရောဂါသည် မျက်မှောက်ကာလအထိ ကာကွယ်ဆေးကြောင့် ပျောက်ကွယ်သွားရသည့် တခုတည်းသော ကူးစက်ကပ်ရောဂါအဖြစ်လည်း သတ်မှတ်ထားကြရသည်။
ယခု’မျောက်ကျောက်’ရောဂါကူးစက်မှု ပိုမိုပျံ့နှံ့လာသောအခါတွင်လည်း ‘ကျောက်ကြီး’ ရောဂါကာကွယ် ဆေး၏ နှစ်ရှည်ကာကွယ်ပေးနိုင်စွမ်းကို မေးခွန်းထုတ်လာကြသည်။ယခင်ထိုးနှံထားသော ကျောက်ကြီး’ ရောဂါကာကွယ်ဆေးသည် ‘မျောက်ကျောက်’ ရောဂါကို အတိုင်းအတာတခုအထိ ကာကွယ်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိချက်များရှိသော်လည်း ဆယ်စုနှစ်လေးခုကျော်က လက်ခံရရှိခဲ့သော ကာကွယ်ဆေးကြောင့် ခုခံအား မည်မျှဆက်လက်ကျန်ရှိနေသေးသည်ဆိုခြင်းကိုတော့ အတိအကျပြောနိုင်ရန်ခက်ခဲပြီး ဆက်လက်စူးစမ်း နေကြဆဲဖြစ်သည်။ ခုခံကာကွယ်ပေးနိုင်သည့် အာနိသင် တဖြည်းဖြည်းယုတ်လျော့လာခြင်းနှင့် ‘မျောက်ကျောက်’ ရောဂါကူးစက်ပျံ့နှံ့မှု ပိုများလာခြင်းတို့ ဆက်စပ်မှုရှိနိုင်ကြောင်း တွက်ဆမှုများလည်း ရှိနေသည်။
မကြာသေးမီက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ‘ကျောက်ကြီး’ ရောဂါအဖွဲ့ကို ဦးဆောင်သူ Dr. Rosamund Lewis က ဤ’မျောက်ကျောက်’ရောဂါကို ထိန်းချုပ်ဖို့ဖြစ်နိုင်ကြောင်း၊ အများပြည်သူအတွက် အန္တရာယ်နည်းပါးသည်ဟုယူဆကြောင်း ပြောကြားထားသည်။ လက်ရှိအနေအထားတွင် ’မျောက်ကျောက်’ ရောဂါ စတင်တွေ့ရှိနေပြီဖြစ်သည့်နိုင်ငံများက ပြည်သူ့ကျန်းမာရေး အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် အစုအပြုံလိုက် တဆင့် ကူးစက်ပျံ့ပွားမှုများ ဖြစ်မလာရလေအောင် ဦးစားပေးဆောင်ရွက်နေကြရသည်။
အောင်မြင်ခဲ့သည့် ကူးစက်ကပ်ရောဂါထိန်းချုပ်မှုများအတွက် ပြည်သူ့ကျန်းမာရေးမူဝါဒ အကောင်အထည်ဖေါ်ရာတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အဓိကကျသကဲ့သို့ ’မျောက်ကျောက်’ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက်လည်း သက်ဆိုင်ရာ ပြည်သူ့ကျန်း မာရေး လမ်းညွှန်ချက်များအတိုင်း တိတိကျကျ လိုက်နာကြရန် လိုအပ်ပါသည်။
ဆက်လက်ဖေါ်ပြပါဦးမည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar