ကိုအောင်မှိုင်း — သစ္စာရှာပုံတော်
ကိုအောင်မှိုင်း — သစ္စာရှာပုံတော်
(မိုးမခ) ဇွန် ၂၄၊ ၂၀၂၂
ကိုအောင်မှိုင်း — သစ္စာရှာပုံတော်
(မိုးမခ) ဇွန် ၂၄၊ ၂၀၂၂
သစ္စာကို ဖွေရှာဖို့
မြင်းရိုင်းတကောင်စီးပြီး
ကြီးမြတ်မှုကို အလံထူကာ
ငါ တောထွက်ခဲ့တယ်။
သစ္စာဆိုတာ
ကြီးမြတ်မှုရဲ့သင်္ကေတ
သေးသိမ်မှုကို တိုက်ခိုက်
အရိုးတွန်သံတွေကို ဦးခိုက်ခြင်းပဲ။
ပွက်လောထနေတဲ့
မသမာမှုတွေကြား
စစ်ခရာသံကို နာခံရင်း
ဓားကောင်းတလက် ကျောမှာပိုးခဲ့။
ရိုက်ချိုးခံရတဲ့
အမှန်တရားကို ဆွဲဖွင့်ဖို့
ဗိုလ်အောင်ဒင်သီချင်းတွေက
အားဖြစ်စေခဲ့တာတော့ အမှန်။
သစ္စာမဲ့ခြင်းဆိုတဲ့
ကောက်ကျစ်မှုအောက်မှာ
တွန်းလှန်အာခံခြင်းဆိုတဲ့
တော်လှန်သရုပ်က ပီပြင်လာတယ်။
ရန်သူ့နှလုံးသား
ပစ်သွင်းမဲ့ဓားဟာ
မီးလျှံတွေကြား မီးကိုစား
တိုက်ပွဲတွေကြား ဓားကိုစား
တိုးခုတ်တဲ့ဓား ထက်တဲ့ဓား
မီးဝနေတဲ့ဓား သစ္စာတရား။
ပန်းတပွင့်ဟာ
ဖူးရာကငုံ ငုံရာကပွင့်
ပွင့်ရာကဝေ ဝေရာက ကြွေ
နွေလေနဲ့အတူ နွေဦးတမန်
သင့်ထံပါးခစား ရှင်ပြန်နိုးထလိမ့်မယ်။
ဟိုရှေ့ကတယောက်
ဖြောင့်ဖြောင့်လျှောက်
အရိပ်မှာ ဓားတွေ ပါတယ်
နောက်ကြောင်းပြန်လို့ကတော့ အသေပဲ။
ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြား
ဓားချက်တိုင်းဟာ ရန်သူကို သုတ်သင်ဖို့
ဓားချက်တိုင်းဟာ ပြည်သူကို ကာကွယ်ဖို့
ဓားချက်တိုင်းဟာ လောကကို အလှဆင်ဖို့
ဓားချက်တိုင်းဟာ သစ္စာတရားဖြစ်သွားတယ်။
သွေးစက်တွေနဲ့ နိုင်ငံတည်ချိန်
ဖြန့်ကြက်ခဲ့တဲ့ ဓားချက်တွေနဲ့
မင်းက ငါ ဖြစ်သလို ငါက မင်း ဖြစ်တယ်
မင်းက မုန်တိုင်းဆို ငါက လေပြင်းပေါ့
တို့အတူ စစ်ခင်း ကန်သင်းဘေးမှာ ကမ္ဘာတည်
ဧရာဝတီကို တိုင်တည် လောကကို တိုင်တည်
နီမောင်းတဲ့သွေးတွေ အကြွင်းမဲ့ချစ်ခြင်းတွေ
စတေးခဲ့ကြတာဟာ သစ္စာတရားလား။
သစ္စာဆိုတာ ရောင်နီဦး
သစ္စာဆိုတာ ပန်းပွင့်ခြင်း
သစ္စာဆိုတာ ဓားချက်များ
သစ္စာဆိုတာ မေ့လျော့သူတွေအတွက် ကျိန်စာ။
သစ်လွင်မှုတွေကို ကြိုဆို
အိုဟောင်းမှုတွေကို ရိုက်ချိုး
မြင်းဆိုးပေါ်က ပြုတ်ကျချိန်မှာ
အနာဂတ်ဟာ ချုံပုတ်ထဲဝင်သွား
ငါက ဓားမထမ်းဘဲ
သစ္စာက ဓားထမ်းနေခဲ့တယ်။
ငါ့မှာ
နိုင်ငံမရှိတော့။
ငါ့မှာ
လူမျိုးမရှိတော့
ငါ့မှာ
ဘာသာမရှိတော့။
ငါဟာ
လူသားစစ်စစ် ဖြစ်သွားခဲ့ပြီပေါ့။
ကိုအောင်မှိုင်း
ဇွန်လ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar