Breaking News

ကြည်နိုင် - စစ်တုရင် အက်ရှင်


ကြည်နိုင် - စစ်တုရင် အက်ရှင် 
(မိုးမခ) ဇွန် ၂၈၊ ၂၀၂၂

(၁)
အက်ရှင်ကားတွေကလည်း 
သတ်မယ်ဖြတ်မယ် တကဲကဲ 
အလဲလဲ အကွဲကွဲနဲ့ 
ပစ်မယ်ခတ်မယ် ဆိုတာချည်းပဲ။ 

(၂)
တစ်ယောက်နောက် 
လူတစ်စုက လိုက် 
လူတစ်စုနောက် 
နောက်တစ်အုပ်က လိုက် 
မိုက်ကြစတမ်း ၊
လိုက်တမ်းပြေးတမ်း ကစားကြမ်းပုံက 
တို့ငယ်ငယ်ကလို ပျော်စရာမကောင်း။ 

(၃)
လူဟာ သားကောင်လား 
ရိုးရိုးသားသား၊ သားမယားလုပ်ကျွေး 
မိအိုဖအို လုပ်ကျွေး 
ရွာနံဘေး လယ်ကွက်ထဲ 
ပျိုးကြဲမယ်လို့ ရွာကအထွက် 
ကန်သင်းတစ်ဝက်လောက် အရောက် 
နောက်ဆုတ်ရ အခက် 
ဇရက်တစ်အုပ်၊ ခလုတ်တိုက်သွားကြ၊
ငါ့ရွာသား လူငယ် 
ဘယ်ကြမ္မာကြောင့်ပါလဲ 
သူချစ်တဲ့ လယ်နံဘေးမှာ 
ခေါင်းချသွားရှာ။ 

(၄)
တွေ့သူက တွေ့သတဲ့၊
လက်သည်လည်း သိပါရဲ့ 
အံကြိတ်ရုံနဲ့ မပြီးသေးပါဘူး 
လက်သီးကို ကျစ်ကျစ်ဆုပ်ထားဆဲ 
မီးခဲဆိုတာ ပူမှန်းသိသပေါ့။ 

(၅)
သိသိကြီးနဲ့ ရှေ့အလှမ်း 
ရွာလမ်းဆီက မီးခိုးတလူလူ 
မြူတွေလည်း နောက်ကျိ၊
ခွေးတွေအူ 
လူတွေ ဝရုန်းသုန်းကား၊
ကိုယ့်တရား ကိုယ်စီရင်မှ၊
ဘယ်သူက တရားခံလဲ 
သူခိုးက လူလူဟစ် 
ဘူးတောင်းနစ်လို့ စောင်ခြမ်းပေါ် 
လော်မာသူက လူရာဝင် 
ပုတ်သင်ကို သုတ်သင်ရုံနဲ့ မပြီး 
ခွေးမြီးကောက်ဇာတ် 
အဆုံးသတ်ဖို့က အရေးကြီးပြီ။ 

(၆)
စိတ်ပေါက်ပေါက်နဲ့ 
တုတ်ကောက်ကို ထအကိုင် 
မယိုင်အောင် မြေးကဖေးမ 
စိတ်ချစမ်းပါ အဖိုးရာ တဲ့၊
မာစတာတန်းမှာ 
လောမကြီးပါနဲ့၊
ရွာသားတွေလည်း နယ်ရုပ်မဟုတ်တော့ပါဘူး၊
ကွန်ပျူတာ အကွက်လောက်တော့ 
အပျော့စားမှတ်ထင် 
စစ်တုရင် ဒီတစ်ပွဲ 
အနိုင်ကြဲမတဲ့၊
အဲဒါမှ ငါ့မြေး 
နိုင်ငံ့ရင်သွေး။  

ကြည်နိုင် 
၂၇၊  ၆၊  ၂၀၂၂


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar