Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁ မြင်ကွင်း

(မိုးမခ) ဇွန် ၂၊ ၂၀၂၂  


အဖြစ်အပျက်မှန်ကို သိဖို့မကြိုးစားကြခြင်းနှင့် ဝါဒဖြန့်စစ်ပွဲမှာ နစ်မြောကုန်ကြမယ့်အန္တရာယ်  

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း)နဲ့ အနော်ရထာလမ်း ထောင့်အနီးက ကားမှတ်တိုင်မှာ တနေ့က ဗုံးပေါက်ကွဲ မှုဖြစ်ပွားခဲ့ပါတယ်။ နောက်တရက်မှာတော့ စစ်ကောင်စီက ဗုံးကွဲပြီး သေဆုံးသွားသူဟာ ဗုံးကို သယ်ဆောင်လာသူ ဆိုတဲ့ သတင်းထုတ်ပြန်ချက်ကို အဲဒီနေ့ နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာ ဗုံးပေါက်ကွဲတဲ့နေရာ အနီးက စီစီတီဗွီမှတ်တမ်းကို ဖွင့်ပြပြီး ဗုံးသယ်ဆောင်လာသူဟာ သူ့ဟာသူပေါက်ကွဲခဲ့တာ ဖြစ်ပြီး သယ်ဆောင်လာသူဟာ PDF မြို့ပြပြောက်ကျားတဦးဖြစ်တဲ့အကြောင်း သင်တန်းတက်ရောက်ဖူးသူ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။  

ဒီလိုထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ မယုံကြည်မှုတွေ သံသယဖြစ်မှုတွေ ဆိုရှယ်မီဒီယာမှာ အများအပြား ရေးသားကြတာ တွေ့ရပါတယ်။  

အရင့်အရင် စစ်အစိုးရတွေ စစ်ထောက်လှမ်းရေးတွေရဲ့ လုပ်နည်းလုပ်ဟန်တွေကို ပြန်လည်နှိုင်းယှဥ်ပြီး တနေ့က ကားမှတ်တိုင်မှာ ဗုံးကွဲတဲ့ အဖြစ်အပျက်ဟာ စစ်ကောင်စီက အခြေအနေရှုပ်ထွေးအောင် လုပ်ဆောင်တာလို့ အများက ကောက်ချက်ချကြတာမျိုးလည်း အများအပြားရှိပါတယ်။ ဒီသေဆုံးသူဟာ တဖက် စစ်ကောင်စီဘက်က ခိုင်းခံရသူ သို့မဟုတ် အဲဒီကားမှတ်တိုင်မှာ စစ်ကောင်စီက ဗုံးထောင်တာ စတဲ့ အဓိပ္ပာယ်ကောက်ယူ မှတ်ချက်ချကြတာလည်း ရှိခဲ့ပါတယ်။ ဒီသေဆုံးသွားသူက စစ်ကောင်စီဘက်က သူလို့ ယူဆကြတာမျိုးလည်း ဖြစ်ပါတယ်။  

မြို့ပြပြောက်ကျားနဲ့ နီးစပ်သူတဦးကတော့ သေဆုံးသွားသူဟာ သယ်ဆောင်ရင်း မမျှော်လင့်ဘဲ ပေါက်ကွဲသွားတာ ဖြစ်နိုင်ပြီး သက်ဆိုင်တဲ့အဖွဲ့အစည်းက သူ့ရဲ့ ဂုဏ်သိက္ခာအတွက် အသိပေးထုတ်ပြန်သင့်တယ်လို့ သူ့အမြင်ကို ရေးထားတာ ဖတ်လိုက်ရပါတယ်။ ဖုန်းနဲ့ တွဲပြီး လက်လုပ်မိုင်းတွေ ဆင်ကြတဲ့အခါ ဖုန်းထဲ ကြော်ငြာမက်ဆေ့လိုမျိုး ကြော်ငြာ ဖုန်းကောလ်လိုမျိုး ဝင်လာတဲ့အခါ မမျှော်လင့်ဘဲ ပေါက်ကွဲတတ်တာ စတဲ့ အဖွဲ့အစည်းတွေရဲ့ အတွေ့အကြုံအရ  ဖြစ်နိုင်ခြေတွေကို ရေးသားထားတာလည်း ဖတ်လိုက်ရပါတယ်။ တချို့သော မြေအောက် လှုပ်ရှားသူတွေ အနေနဲ့ အသက်ဆုံးရှုံးသွားသည့်တိုင် နာမည်ဆိုးနဲ့ စစ်ကောင်စီဘက်က ခိုင်းခံရသူအဖြစ် ပုံဖော်ခံရတာမျိုး မဖြစ်သင့်ဘူးလို့လည်း ရေးသားထားတာ ဖြစ်ပါတယ်။  

စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ဖမ်းဆီးတာ ပစ်ခတ်ဖြိုခွင်းတာ ၊ ဖမ်းဆီးခံရသူတွေ စစ်ကြောရေးမှာတင် အသက်ဆုံးရှုံးကြရတာတွေကို ကြည့်ရင် ဘယ်သူက လူဆိုး ဘယ်သူက လူကောင်းဆိုတာ ထင်ရှားတာလည်း အမှန်တရား ဖြစ်ပါတယ်။ သို့ပေမဲ့လည်း အဖြစ်အပျက်တိုင်းမှာ ရလဒ်က ဆိုးရင် စစ်ကောင်စီဘက်က ခိုင်းသူ၊ ရလဒ်ကောင်းရင် တော်လှန်ရေးအင်အားစုဘက်က လုပ်တာဆိုတဲ့ အဖြစ်အပျက်တိုင်းကို မဆန်းစစ်ဘဲ ကောက်ချက်ချတာဟာလည်း ရေရှည်မှာ ကိုယ့်ဘက်ကသူပင်ဖြစ်ပါစေ မအောင်မြင်ခဲ့ရင် တဖက်ကသူသဖွယ် ထိုးချခံရတာမျိုး ဖြစ်လာနိုင်တဲ့ အရေးလည်း ထောက်ချင့်သင့်ပါတယ်။  

နောက်တချက်ကတော့ အဖြစ်အပျက်တခုချင်းစီမှာ အချက်အလက်တွေကို ဆန်းစစ်ဖို့ ယူဆချင်တာ ဖြစ်စေချင်တာနဲ့ အပြင်လက်တွေ့ မှာ ဖြစ်ပျက်နေတာကိုလည်း သိနားလည်အောင် ကြိုးစားဖို့ တင်ကူးဆုံးဖြတ်ချက်နဲ့ အဖြစ်အပျက်တိုင်းကို ပုံစံခွက်ထဲ ပုံမဖော်မိစေဖို့လည်း အရေးကြီးပါတယ်။  

အဲလို ပုံစံခွက်နဲ့ ပုံသေကားကျ ကောက်ချက်ချတာတွေ များပြားလာတဲ့အခါ သတိမူရမယ့် အချက်တွေ၊ ပြင်ဆင်သင့်တဲ့အချက်တွေ သင်ခန်းစာယူရမယ့် အချက်တွေကို မမြင်နိုင်တော့ပဲ လက်တွေ့နဲ့ ကင်းကွာကလာမှာ ဖြစ်ပါတယ်။ အဖွဲ့အစည်းတွေအနေနဲ့လည်း လူထုကို တာဝန်ခံတဲ့အပိုင်း အားနည်းလာပြီး တနေ့မှာ ဖုံးကွယ်နေတဲ့အချက်အလက်တွေ ပေါ်ထွက်လာချိန်ကျမှ နကိုက ရှုမြင်ထားတဲ့အမြင်တွေ ပြောင်းလဲတာတွေ စိတ်ပျက်စွန့်ခွာမှုတွေ ဖြစ်စေနိုင်တဲ့ အကျိုးဆက်တွေ ထွက်ပေါ်နိုင်တာ ဖြစ်ပါတယ်။  

ဝါဒဖြန့်စစ်ပွဲလိုမျိုးက တိုက်ပွဲတိုင်းမှာ ရှိကြတာ ဖြစ်ပါတယ်။ ဘက်တိုင်းက လုပ်ဆောင်ကြတာ ဖြစ်ပြီး ဝါဒဖြန့်စစ်ပွဲမှာ မိမိတို့ဘက်က အမှားတွေကို ဖုံးကွယ်ကြ၊ တဖက်က အမှားကို မီးမောင်းထိုး ဖော်ထုတ်ကြတာမျိုးဖြစ်ပြီး တဖက်က ဖော်ထုတ်တာတိုင်းကိုလည်း အမှားလို့ တရားသေ မသတ်မှတ်ပဲ အချက်အလက်တိုင်း စိစစ်ဖို့လိုအပ်တာ ဖြစ်ပါတယ်။  

မိမိတို့ဘက်ကို ထောက်ခံသူတွေ စိတ်အားတက်စေဖို့ အချက်အလက်မှန်သည် ဖြစ်စေ၊ မမှန်သည်ဖြစ်စေ ဝါဒဖြန့်ချိလေ့ ရှိကြတဲ့ သဘာဝကို နားလည်ပေးနိုင်ပေမယ့် လက်တွေ့အခြေအနေနဲ့ ကင်းကွာလွန်းတဲ့ ဝါဒဖြန့်ချိမှုဟာလည်း ကျဆုံးမှုကို ဦးတည်စေနိုင်ပါတယ်။ ဆိုရှယ်မီဒီယာခေတ်မှာ ဆိုရှယ်မီဒီယာပေါ်က လူကြိုက်များတဲ့ trend လိုမျိုးတိုင်းကို လိုက်ပြီး လှိုင်းစီး စည်းရုံးခြင်းဟာလည်း ရေရှည်အတွက် မကောင်းဘူးလို့ ဆိုချင်ပါတယ်။  

ဝါဒဖြန့်ချိရေးလည်း အားကောင်းဖို့ လိုအပ်သလို အမှန်တကယ် ရှိနေတဲ့ အရှိတရားတွေနဲ့ မကင်းကွာဖို့ မိမိတို့အဖွဲ့အစည်းရဲ့ အားနည်းချက်တွေကိုလည်း အမြဲတမ်း ပြန်လည်သုံးသပ်ဝေဖန် နိုင်ဖို့က အရေးကြီးတဲ့ အခြေခံမူ အဖြစ် ကိုင်စွဲဖို့ လိုအပ်ပါတယ်။  

ယနေ့ခေတ်မှာ ဆိုရှယ်မီဒီယာမှာ လူတွေရဲ့ စဥ်းစားပုံကို ပုံဖော်ပုံသွင်းလိုကြတဲ့ လူသိများသူ ထင်ရှားကျော်ကြားသူတွေ အမည်မဖော်တဲ့ နောက်ကွယ်က လမ်းကြောင်း ပုံဖော်မှုတွေနဲ့ တနေ့တခြားပိုပြီး ရှုပ်ထွေးလာတာလည်း ဖြစ်ပါတယ်။  

နိုင်ငံရေးအဖွဲ့အစည်းတွေအနေနဲ့ ဆိုရှယ်မီဒီယာ ရဲ့ ပုံဖော်မှုနောက်ကိုပဲ လိုက်တာမျိုး မဖြစ်သင့်ဘဲ ဆိုရှယ်မီဒီယာကို နားလည်ဖို့ အရေးကြီးသော်လည်း ဆိုရှယ်မီဒီယာရဲ့ နောက်လိုက်အဖြစ်နဲ့  ရေစုန်မျောလိုက်တာမျိုး သက်သက်မဖြစ်ဖို့ သတိကြီးကြီးနဲ့ လုပ်ဆောင်ဖို့အရေးကြီးတယ်လို့ ထင်မြင်မိပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar