Breaking News

ဘဖေညိမ်း - နှစ်ကောင်ကြွက်

 နှစ်ကောင်ကြွက်
ဘဖေညိမ်း
(မိုးမခ) ဇွန် ၂၊ ၂၀၂၂

ချိန်းထားတာတခုရှိသည်နှင့် ခါတိုင်းနေ့တွေလောက် လမ်းလျှောက်ချိန်မပေးနိုင်ကြဘဲ အဘိုးကြီးနဲ့ အဘွားကြီး နောက်ကြောင်း ပြန်လှည့်လာကြတော့ ညနေ ၇ နာရီကျော်ပြီ။ ရန်ကုန်မှာဆို နေ့နာရီပြန် တချက်တီးလောက်ရှိရောပေါ့။ 
အဘိုးကြီးက သူ့တုတ်ကောက်လေးကိုအားပြုလျက် ထောက်ကာထောက်ကာ ထော့ကာထော့ကာနဲ့ သုတ်သုတ်လျှောက်နေလေရာ နံနက်ခင်းတိုင်းငှက်လေးများကို အစာကျွေးလေ့ရှိသည့် အဘွားကြီးက“တော့်ကိုကြည့်ရတာ စာငှက်လေးတွေ ခုန်ဆွခုန်ဆွလုပ်နေသလိုပဲ၊ ပြီးတော့ တော့်ကိုယ်ခန္ဓာကလဲ တနေ့တခြား တခြမ်းစောင်းသထက် စောင်းစောင်းလာပုံရတယ်။ အင်း ..ဒါပေမဲ့ တုတ်ကောက်လေး ရယ်၊ ရှင့်ခြေထောက် ကွတတလေးဖြစ်နေပုံနဲ့ရယ်ဆိုတော့ ချာလီချက်ပလင် အလွမ်းပြေလိုတော့ ဖြစ်တာပေါ့” ဟု အဘိုးကြီးကိုကြည့်ရင်း ဆိုသည်။ 
ခါးနာလျက်အားစိုက်လျှောက်ရင်းက အဘွားကြီးဘက် မျက်စောင်းခဲကြည့်လိုက်စဉ် အတောမသတ် နိုင်သေးဘဲ “ ဒီ့ထက်ပိုတူသွားအောင် တော့်ဖို့ ဦးထုပ်တလုံးလောက် ရှာဝယ်ထား အုံးမယ်” ဟု ထပ်ကာကွန့်လိုက်သေးဖြင့် အဘိုးကြီးခမျာ စိတ်ကလောပင် လောနေသော်ငြား ခြေလှမ်းများမမှန်ချင် ဖြစ်သွားရ၏။ 

ဒါနဲ့တောင် အဘွားကြီးက ရပ်မသွားသေးဘဲ “ တုတ်ကောက်တချောင်းရယ်၊ ဦးထုပ်တလုံးရယ်၊ ခါးမသန်ဘဲ တောင်ကြီးဖြိုမယ်တကဲကဲနဲ့ ခုထိစိတ်ကြီးဝင်နေသေးတဲ့ ခါချဉ်ကောင်အဘိုးကြီးရယ် ..” ဟု ရှေ့ဆက်ကာ တိုင်းရေးပြည်ရေးအပေါ် အမြဲအလိုမကျဖြစ်တတ်လွန်းသည့်အဘိုးကြီးကို အငေါ် တူးလိုက်ရင်း အဓွန့်တက်နေချေသေး၏။ 

“ကဲ တော်ပါတော့ကွာ၊ မြန်မြန်လျှောက်စမ်းပါ၊ သူတို့လေးတွေလိုင်းပေါ်မှာစောင့်နေရရင် ဖုန်းဘီလ် တွေ ကုန်နေပ့ါမယ်၊ ပြီးတော့ မင်းအတွက်လည်း ခြေလှမ်းတိုင်းကို အားထည့်စိုက် လျှောက်လိုက်ရင် ပြေကျတော့မယ့်ဆန်အိတ်ကြီးလိုဖြစ်နေတဲ့ မင့်ဗိုက်ပူပူကြီးလည်း ကျသွားနိုင်တာပေါ့” ဟု အသာပြန် နှက်ရင်း တုတ်ကောက်ပေါ်အားပြုထားရသည့် သူ့ခြေနှစ်ချောင်းပေါ် စိတ်လီဗာကို ထပ်ကာမြှင့်လိုက် လေ၏။ 

သည်လိုနှင့် လူအိုမောင်နှံ သူတပြန်ကိုယ်တပြန်နှိပ်ကွပ်ရင်း အိမ်ပြန်ရောက်တော့ ကမ္ဘာကြီး၏ အရှေ့ ဘက်ဖျား တောင်ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံလေး၏ညနေခင်းပေါ်ဝယ် ရွှေအိုရောင်ဖျော့ဖျော့ အလင်းတန်းများက ခြယ်လိမ်းဆင်သထားနှင့်လေပြီ။ 

…...........................................................

စင်စစ်တော့ သူတို့အသက် ၄၀-၅၀ အရွယ်တွေအထိ ဘယ်စဉ်တုန်းကမှ ယောင်ယောင်မှားမှား အိပ် မက်လည်း မမက်၊ ကြိုနိမိတ် ကြိုအတိတ်တွေလည်း တခုတလေမှမရပါဘဲ သည်ကျွန်းလေးပေါ်သို့  ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာခဲ့ကြခြင်းဖြစ်သည်ဟု ဆိုရမည်ပင်။ 

ပထမ နယူးဇီလန်ကိုသွားရမည်ဆိုတုန်းကတော့ ဥရောပတိုက်တနေရာရာပဲထင်ကာ အမေ့အိမ်နှင့် အရင်ထက် ပိုဝေးသွားရသည့်အဖြစ်ကိုလွမ်းမောမိသည့်တိုင် လုပ်ဖော်ကိုင်ဘက် မိတ်ဟောင်း ဆွေ ဟောင်း ဘဝတူတွေရောက်နေနှင့်သည့်နေရာဒေသမို့ ပြန်လည်ဆုံတွေ့ကြရမည့် မျှော်လင့်ချက်နှင့် ကျေနပ်သလိုလို ဘာလိုလိုဖြစ်မိသေး၏။ 
သူတို့စိတ်ထဲတွင်လည်း နယူးဇီလန်ဆိုသည်က အင်္ဂလန်တို့၊ နယ်သာလန်တို့၊ ပြင်သစ်တို့ ဆွိစ္စလန်တို့ နားဖြစ်မည်ဟု ခပ်ပေါ့ပေါ့ထင်ထားကြသည်ကိုး။ 

နောက် တကယ်သွားရမည်ဆိုကာမှ စာအုပ်တွေမြေပုံတွေထဲ ဟိုလှန်သည်ထောက်၊ ဂူဂယ်ထဲဲ ဟိုဝင် သည်ထွက် လိုက်ကြည့်တော့ “ လားလား.. ငါတို့သွားရမှာက သမုဒ္ဒရာကြီးထဲကကျွန်းသေးသေးလေး ပဲအဘွားကြီးရေ” ဟု အလန့်တကြား ထအော်မိတော့၏။ 

သည်တော့မှ အဘွားကြီးလည်း နှစ်ပေသုံးပေခွဲကမ္ဘာမြေပုံကားချပ်ကြီးဝယ် လက်သည်းခွံအရွယ်မျှသာ ရှိသည့်ကျွန်းနိုင်ငံလေးကို ပစိဖိတ်သမုဒ္ဒရာရေပြင်ကျယ်ကြီးအလယ် အားလုံးနဲ့ကင်းဝေးလျက် တသီး တခြားဖြစ်နေတာသတိထားမိသွားပြီး မျက်လုံးအဝိုင်းသားဖြစ်ကာ… အမလေး..နီးနီးနားနားမှာလဲ ဘယ်နိုင်ငံမှမတွေ့ပါလားနော်၊ အသည်းငယ်စရာကြီးပါလားဟု မြည်တမ်းပါလေသည်။

သို့သော်ငြား တောကြီးခေါင်ခေါင်ထဲက ဒုက္ခသည်စခန်းတခုမှာ အနာဂတ်မရေမရာနိုင်လွန်းစွာနေခဲ့ ကြရသည့်ဆယ်စုနှစ်ဝက်မက အချိန်တွေထက်စာရင်တော့့ ပိုကောင်းမည်ဟုယူဆကာ သီချင်းလေး တပုဒ်ထဲကလို လေဟုန်ကိုဆန် အဝေးဆုံးကိုပျံကြဖို့ သူတို့ဆုံးဖြတ် ရွေးချယ်ခဲ့ကြရချေသည်။ သို့တိုင် သူတို့နှစ်ယောက်ကြား မညှိဘဲညီခဲ့ကြသည့်သဘောထားက ကိုယ့်နိုင်ငံမှာ ရောင်ခြည်သစ် ပေါ်ထွန်း လာသည့်တချိန် အမေ့အိမ်ကိုပြန်ကြစတမ်း။

 “ နို့ ကိုယ့်နိုင်ငံသားတွေတော့ရှိတယ်မဟုတ်လားဗျ၊ ဗမာတွေရှိသမို့လား” ဟု ကိုယ့်ထက်စောပြီး အမေရိကားတိုက်ကြီးဘက်သို့လွင့်ထွက်သွားသော ရဲဘော်ရဲဘက် လုပ်ဖော်ကိုင်ဘက်တယောက်က ဆိုရှယ်မီဒီယာမှတဆင့် ကျွန်းလေးပေါ်သူတို့ရောက်စက လှမ်းမေးလာ၏။

 “ရှိတော့ရှိတယ် ဒါပေမဲ့ ဦးရေနည်းတယ်ဗျ၊ ကျနော်နေတဲ့မြို့မှာဆို ဗမာမိသားစု နည်းနည်းပဲ ရှိတာ။ သိတဲ့အတိုင်း ရှိပေမယ့်လဲ ခင်ဗျားတို့ကျနော်တို့သုံးနေကြစကားနဲ့ပြောရင် ရင်ခုန်သံချင်းမတူကြဘူး လေဗျာ” ဟု အဘိုးကြီးက ညည်းသံလေးစွက်ကာ နွမ်းဖျော့ေျဖျာ့ပြောလေ၏။ 

အဘွားကြီးကလည်း  “အော် ကိုအောင်ဦးရယ်၊ သိတဲ့အတိုင်း အဘိုးကြီးက သူ့ရဲဘော် လုပ်ဖော် ကိုင်ဘက်တွေ၊ သူ့သူငယ်ချင်း ကဗျာသမားစာသမားတွေကလွဲရင် တခြားလူတွေနဲ့က သိပ်အဆင် မချောဘူးလေ၊ သိတယ်ဟုတ်” ဟု ဝင်ထောက်လိုက်သေးတော့ တဖက်က ဟုတ်ပြီ သဘောပေါက်ပြီ ဟုဆိုကာ “ အေးဗျာ၊ ခင်ဗျားတို့အဖြစ်က ဟိုး ကျနော်တို့ငယ်ငယ်တုန်းကကြည့်ရတဲ့ ကျွန်းကလေး ပေါ်မှာ နှစ်ယောက်ထဲဆိုတဲ့့ ရုပ်ရှင်လိုဖြစ်နေတော့တာကိုုး ” ဟု ဆိုလေသည်။ 

ဟုတ်တော့ ဟုတ်ပါ၏။ ခုတော့ သားထောက်သမီးခံ ဆွေမျိုးဉာတိကာမရှိသည့် ကျွန်းကလေးပေါ်မှာ ဒီအဘိုးဒီအဘွားကြီးနှစ်ယောက်ထဲ။ သို့သော် ဆယ်နှစ်မက နောက်ကြောင်းဖြတ်ခဲ့ရသည့် အမိမြေ ကိုတော့ ဒီနေရာကနေ ပြန်လည်ထိတွေ့ဆက်သွယ်လာနိုင်ပြီမို့ အရင်ထက် တော်သေးသည်ပေါ့။ အရင် နယ်စပ်မြို့လေးနှင့် ဒုက္ခသည်စခန်းထဲနေခဲ့ရသည့် ဆယ်စုနှစ်လွန်ကာလများမှာတော့ အာဏာ ရှင်စနစ်ကို ဆန့်ကျင်အာခံသူများအဖြစ် တခြားသူကိုမဆိုထားနှင့် ကိုယ့်မိဘ မောင်နှမများကိုပင် သစ် စိမ်းချိုးချိုးကာ လုံးလုံးလျားလျားအဆက် ဖြတ်ပစ်ထားခဲ့ကြရ၏။ နို့မဟုတ် အခန့်မသင့်ပါက မကြာ ခဏကြားရလေ့ရှိသည့်အဖြစ်များလို မီးဇာကုန်ဆီခမ်း ဇရာနဲ့နွမ်းလျ လက်ပမ်းကျနေကြပြီဖြစ်သည့် မိအိုဘအိုကြီးများကို၎င်း၊ မောင်နှမသွေးသား တဦးဦးကို ၎င်း၊ မတရားသင်းနဲ့ ဆက်သွယ်သည်ဟု ဆိုကာ အာဏာပိုင်များက ပုဒ်ထီးပုဒ်မများတပ်၍ ဒုက္ခပေးခဲ့လေသော် မခက်ပေလား။ 

သူတို့ခံယူတာက ကိုယ့်ယုံကြည်ချက် ကိုယ့်အယူအဆအရ ကိုယ်လမ်းကိုယ်ရွေးလျက် လျှောက်ခဲ့ လုပ်ခဲ့သည့်အပေါ် မသက်ဆိုင်သူများထံ စိုးစဉ်းမျှ မရိုက်ခတ်မထိပါးစေလို။ ထို့ကြောင့်ပင် အိမ်ရိပ်က စထွက်လာပြီဆို သည်နှင့် မိဘညီအကိုမောင်နှမများ၊ မိမိတို့အသိုင်းအဝန်းကြားတွင် ဒီနေ့ ဒီအချိန်မှစ မိမိတို့ကို သေလူအဖြစ်သဘောထားကာ မေ့မေ့ပျောက်ပျောက်နေကြပါ။ ဒါမှ ပိုကောင်း ပိုလုံခြုံမည်။ မသေသေးသော် တနေ့ပြန်တွေ့ကြပါမည်ဟု စာလေးတညိုရေးမှာထားခဲ့ကြပြီး မဖြစ်မနေ ရှင်ခန်းဖြတ် ထားခဲ့ကြရသည်မဟုတ်လား။

သို့နှင့် သူတို့ဘဝသည် မိုးပေါ်က အဆက်အစပ်မဲ့ကျလာသူများ ပမာသော်လည်းကောင်း၊ မတော် တဆပေါ် ပေါက်လာရသည့် သံသေဒဇများနှယ်သော်လည်းကောင်း၊ ဆယ်စုနှစ်စုစာမျှတိုင် ကိုယ့် တိုင်းကိုယ့်ပြည်မဟုတ်ရာအရပ်တွင် နှစ်ကောင်ကြွက်ဘဝအဖြစ်ဖြင့် ကိုယ်ယုံတာ ကိုယ်နိုင်သမျှ ဆက် လုပ်ကြရင်း နေနေခဲ့ကြရသည်။ 

ခုတော့ ကမ္ဘာ့အဖွဲ့အစည်းကြီးတခု၏စောင်မမှုကြောင့် သူတို့ဇနီးမောင်နှံအပါအဝင် ယုံကြည်ချက်ကြောင့် တိုင်းပြည်မှစွန့်ခွာလာကြရသူအချို့ လုံခြုံစိတ်ချရသည့်နိုင်ငံတွေဆီ အခြေချလိုက ချခွင့်ရခဲ့ ကြလေသည်။ အဆက်အစပ်လုံးဝပြတ်ထားခဲ့ကြရသည့်ဘဝဟောင်းကို ဆိုရှယ်မီဒီယာတွေမှတဆင့် ပြန်လည်ထိ တွေ့ခွင့်လည်းရနေကြပြီ။ သမုဒ္ဒရာခုနှစ်စင်းမကခြားနေသည့်ပမာ နှစ်ပေါင်းများစွာဝေး ကွာနေကြရသည့်မိသားစုဝင်များကို နှုတ်ခွန်းဆက်ရုံမျှမက အလွမ်းကြွေးတွေ အားရအောင် ဆပ်ကြ ပြောခဲ့ကြရပြီ။ ဟော…ဒီနေ့လည်း သူတို့ထွက်လာစဉ်က မူကြိုအရွယ်သာရှိသေးသည့် တူ တူမလေး များက  သူတို့နှင့်တွေ့ချင်ပါသည်ဆိုကာ ချိန်းဆက်ထားကြသဖြင့် အာရုံကြောရောဂါ နှစ်ရှည်ခံစားနေ ရ၍ ခါးကြီးတဖက်စောင်းလျက် ထော့ကျိုးထော့ကျိုးလျှောက်နေရသည့်အဘိုးကြီးသည်၎င်း၊ အိမ်ဝေး ကမ်းကွာအဖြစ်ဖြင့် အထီးကျန်ဝေဒနာ နှစ်ရှည်ခံစားနေရသည့်အဘွားကြီးသည်၎င်း၊ မိသားစုဆရာဝန် ညွှန်ကြားထားသည့် နေ့စဉ် အနည်းဆုံးနာရီဝက် လမ်းလျှောက်ပေးရမည်ဆိုသည့်ထဲမှ အချိန်ကိုခိုးကာ ခါတိုင်းနေ့တွေလို တယောက်တပေါက်စကားနိုင်လုပြောဆိုကြရင်း အိမ်သို့ သုတ်ခြေတင်လာကြလေ သည်။

….............................................................

“ ဘာကွ မင်း ဘယ်လိုပြောလိုက်တယ် ”
“ ဟုတ်တယ်လေဦးရဲ့၊ ဦးပြောသလို နိုင်ငံကိုချစ်တယ်ဆိုရင် ဒီမှာ ပြောင်းပြောင်း မပြောင်းပြောင်း ပြန်လာဖို့ကောင်းနေပြီ၊ ဦးတို့ လုပ်ခဲ့ကြတာလဲ ကြာပြီ၊ ဘာမှလဲဖြစ်မလာဘဲနဲ့များ”

အဘိုးကြီးက ကွန်ပြူတာမျက်နှာပြင်မှာပေါ်နေသည့်တဖက်က သူ့တူတော်မောင်ဆိုသူကိုကြည့်ရင်း ပြောရင်း အသံတွေမြင့်တက်လာနေသည်။ အဘွားကြီးက အနားကပ်ကာ “ မာန်ကြီးမနေပါနဲ့ခါချဉ် ကောင်ကြီးရယ်၊ ဒီနေ့ခေတ်ကလေးတွေက ဒီလိုများတာပါ၊ ရှင်တို့ကို နားမလည်နိုင်တော့ဘူး” ဟု ဖျောင်းဖျသလိုလို ပြော၏။

“ ဘာမှမဖြစ် နေမလားကွ၊ မင်းတို့အခု လမ်းပေါ်ထွက်ပြောချင်တာပြောလို့ရတဲ့ဆိုတဲ့အဆင့်မျိုးထိ ရောက်အောင် ဒို့တွေ ဘယ်လောက်ပေးဆပ်ရခဲ့တယ်ထင်လဲ၊ အခု မင်းတို့ပြောသလို မင်းတို့ဆန္ဒကို မဲပေးတာမျိုးနဲ့ဖြစ်ဖြစ် ထုတ်ဖော်နိုင်တဲ့အဆင့်မျိုးရောက်အောင်ရော ငါတို့တွေ ဘယ်လောက်ပေး ဆပ်ခဲ့ကြရတယ်ထင်လဲ၊ အေး ဒါပေမဲ့ ခုထိ တချို့မပြောင်းလဲဘူးလို့မင်းပြောတာလဲ လက်ခံပါတယ်။ ဒါကြောင့်လဲ ဦးတို့ကအခုထိ ဝေ ဖန်စရာရှိ ဝေဖန်၊ ထောက်ပြစရာရှိ ထောက်ပြနေတာပဲ၊ မင်းတို့တွေ ကလည်း သမိုင်းကိုလေ့လာပြီး ကိုယ့်ခေတ်ကိုယ့်အခါမှာ ဘာလုပ်ရမလဲဘာလုပ်သင့်သလဲဆိုတာ အမြဲဆန်းစစ်နေရမယ်ကွ ”

အဘိုးကြီးမောနေပြီ။ သူလွမ်းဆွတ်လှပြီဆိုသော… သူချစ်လှပါသည်ဆိုသော …သူတန်ဖိုးထားလှပါသည်ဆိုသော မျိုးဆက်သစ်ဆိုတာတွေမှာလည်း ကိုယ့်သွေးကိုယ့်သားထဲမှာကအစ အယူတိမ်းတိမ်း၊ ယိမ်းယိမ်းထိုးထိုး ပါးလွှာလွှာလေးတွေ ရှိပါပကောလားဟု မြင်နေမိ၏။

“ဦးတို့ခေတ်အဘိုးကြီးတွေကလည်း တခါလာ သမိုင်းလေ့လာ၊ သမိုင်းလေ့လာနဲ့ သမိုင်းက လေ့လာလို့ကိုမဆုံးတော့ဘူး၊ ပြီးတော့ ခုထိလည်း သမိုင်းကပြောင်းမသွားသေးဘူး၊ သားတို့ မျိုးဆက်သစ်တွေက သူများတိုင်း ပြည်ကလူငယ်တွေလို ကိုယ်လုပ်ချင်တာကို နိုင်ငံတကာအဆင့်နဲ့အမီ လွတ်လွတ်လပ်လပ် အပြိုင်လုပ်နေချင်တာ၊ ခုတော့ …”

“ခုတော့ ဘာဖြစ်လဲ ပြောပါအုံးကွ”

“ ခုတော့ ဦးတို့တခေတ်က အာဏာရှင်ခေတ်ကြီးမှန်းသိသိကြီးနဲ့ လုံးလုံးမပြောင်းနိုင်ခဲ့လို့ပဲလို့ သားတော့ ထင်တယ်”

အဘိုးကြီး အသံတိတ်သွားကာ တံတွေးကိုဂလုခနဲနေအောင် မြိုချလိုက်မိ၏။
တူတော်မောင် နည်းပညာတက္ကသိုလ်ကျောင်းသားလေးကလည်း သူ့အမြင်ကို သူ့ဦးလေးကို ပြောပြနေခြင်းဖြစ် ၏။ ပြန်သုံးသပ်ကြည့်တော့ ဆယ်စုနှစ်နှစ်စုကွာဟမှုက သူတို့အကြား တံတိုင်းကြီးတခုနှယ်ဖြစ်နေပြီဟု အဘိုးကြီး၏သတိထားမိသွား၏။ သမိုင်းကွင်းဆက်ကွာဟမှုဆိုမလား။ သို့မဟုတ် တူတော်မောင် အိုင်တီကျောင်း သားကပင် အလေ့အလာစေ့ငုမှု နည်းပါးတိမ်ကောခြင်းများလား။ 

တနေ့ကပဲ အမေရိကားတိုက်ကြီးမှာရောက်နေသည့် သူ့လုပ်ဖော်ကိုင်ဖက်မိတ်ဆွေတယောက်က သူတို့နှင့် တချိန်ထဲဖြတ်သန်းလာခဲ့သည့်အခြားလုပ်ဖော်ကိုင်ဘက်တဦးအကြောင်းကိုပြောပြသေးရာ ထိုသူက သူ့သားသမီးတွေကို သူတို့တွေ့ကြုံခဲ့ရသည့် တပါတီအာဏာရှင် ခေတ်စနစ်ဆိုးကြီး၏ ပုံရိပ်တွေကို လုံးဝပြောပြလေ့မရှိကြောင်း၊ ထိုအဖြစ်သနစ်များသည် နောင်လာသည့်မျိုးဆက်သစ်များနှင့် လားလားမှမဆိုင်ဟုယူဆသဖြင့် မပြောခြင်းဖြစ်ကြောင်း၊ သူတို့ကြုံဆုံရသည့်အနိဋ္ဌာရုံများကို ဆိုးမွေတ ခုပမာ ကလေးများသို့ လက်ကမ်းမပေးခဲ့လိုသည့်သဘောမျိုးဟုထင်ကြောင်း ဆိုသည်။ 

ထိုသို့ကြားရတော့ အဘိုးကြီးမှာ ယောင်အလို့ပင် သွားရသေး၏။ ငါတို့များ မှားနေကြပြီလားကွာဟု သူ့မိတ် ဆွေကို နှုတ်ကပင် မေးမိသေး။ 
ငါတို့တော့ ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတာကိုမသိလိုက်တဲ့ ဖိလိပိုင်ကျွန်းစုပေါ်က ဂျပန်ကြီး တယောက်လို လက်နက်မချဘူးဟေ့ဆိုတာမျိုး ဖြစ်နေပြီလားကွာဟုလည်း အချင်းချင်း ပြောမိ ကြသေး၏။
အင်း လုပ်ဖော်ကိုင်ဘက်တချို့လည်း အမြင်တွေတော့ ပြောင်းကုန်ကြပြီနော်ဟု ကောက်ချက်ချမိကြ၏။

ခုလည်း တူတော်မောင်က စွဲချက်ဆန်ဆန် ဆိုနေပါပကော။ 

“ ဦးတို့ တခေတ်က အာဏာရှင်ခေတ်ကြီးမှန်းသိသိကြီးနဲ့ လုံးလုံးမပြောင်းနိုင်ခဲ့လို့ပဲလို့ သားတော့ ထင်တယ်” တဲ့။ 

တခုခုတော့လွဲနေပြီ။ သူ့သူငယ်ချင်းတယောက်ပြောသလို မျိုးဆက်သစ်တိုင်းလည်း မထင်ထားနဲ့ဗျ။ တချို့က အပေါ်ယံရှပ်ရှပ်လေးပဲ ရှိတာ။ ကျနော်တို့သိရမှာက နိုင်ငံအတွက် အားကိုးလောက်တဲ့ လူငယ်လူရွယ်မျိုးဆက်သစ်လေးတွေလည်းရှိသလို လူငယ် လူလည်လေးတွေလဲ အများသားဗျ…ဆိုတာကို နားထဲပြန်ကြားမိလာ၏။ 
ကိုယ့်တူကိုယ့်သားကရော အားကိုးအားထားပြုစရာ လူငယ်လူရွယ်လား လူငယ်လူလည်လား…။

“အေးပါကွာသားရေ …ဦးမင်းကိုကျေးဇူးတင်ပါတယ်။ မင်းတို့အမြင်ကို သိရလို့၊ အေး တခုတော့ရှိ တယ်ကွာ …သားတို့လေ့လာပါ။ သမိုင်းကိုလေ့လာပါ။ ဒီလိုလေ့လာတဲ့နေရာမှာ စာအုပ်တွေချည်း သက်သက်ဖတ်နေတာမျိုးမဟုတ်ဘဲ အဲဒီ့ခေတ်ထဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဖြတ်သန်းခဲ့တဲ့ လူကြီးတွေဆီသွားပြီး ကြားနာမေး မြန်း မှတ်သားလေ့လာတာမျိုးလုပ်ပါ။ ပြီးတော့ ….”

“ဟိုး .ဦး၊ ဟိုး…ခဏနေအုံး၊ ဦးစကား ခဏနေအုံး၊ သားတို့ခေတ်လူငယ်တွေက အထူးသဖြင့် သားတို့လို ပညာ တတ်လူငယ်တွေက လူကြီးတွေရဲ့စကားတွေ အမြင်တွေတိုင်းကို သိပ်အားမကိုးဘူး၊ လူကြီးတွေဆိုသမျှ သိပ်လက်ခံတာမဟုတ်ဘူး၊ အဲဒါ ခေတ်မရှိတော့ဘူးဦးရ”

“ဘာကွ လူကြီးတွေပြောသမျှကိုလက်ခံလေ့မရှိဘူးဟုတ်လား၊ အတွေ့အကြုံကြီးတဲ့ လူကြီးတွေကို ရော ဒီလိုပဲသဘောထားတာလား”

“ဟုတ်တယ်လေဦး၊ သူတို့လဲ သူတို့ခေတ်မှာသူတို့ကြုံခဲ့တာပြောတာလေ၊ သားတို့လဲ သားတို့ခေတ်မှာ ဘာတွေကြုံမလဲမသိဘူး၊ ကိုယ်ကြုံတာ သူကြုံတာပြောနေကြတာပါ၊ လူကြီး ပြောတိုင်း လက်ခံတာမျိုး ဒီခေတ်မှာမရှိတော့ဘူးဦး”

အဘိုးကြီး မျက်လုံးအပြုးသား၊ ပါးစပ်အဝိုင်းသားနှင့် အသက်နှုတ်ခံရသည့်လူပမာ ငြိမ်ကျသွားလေပြီ။

မြန်မာပြည်မှ မိုင်ပေါင်း ၈၀၀၀ လောက်ဝေးကွာသော ပစိဖိတ်သမုဒ္ဒရာအလယ်က ကျွန်းလေး တခုပေါ် တွင် အဘိုးကြီးနှင့် အဘွားကြီးနှစ်ယောက်သား ဆွတ်ကြဉ်လွမ်းဆွေးစရာအတိတ်ကို တမ်းတလျက် မှိုင်းညှို့ညှို့မိုး ကောင်းကင်ကြီးကိုသာ မော့ငေးကြည့်မိနေကြလေသည်။ 

ဘဖေညိမ်း
ဝန်ခံချက် -၂၀၁၈ မှာ ရေးသားခဲ့သည့် စာဖြစ်ပါသည်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar