မသီတာ (စမ်းချောင်း) - အပြုသဘော ဆောင်ကြမယ်
(မိုးမခ) ဇွန် ၂၊ ၂၀၂၂
နွေဦးတော်လှန်ရေးရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသူတွေကို အလွန်အကျွံ အကြမ်းဖက်နှိမ်နင်းလိုက်ရာက ခုခံရေး၊ တန်ပြန်ရေး အဆုံးအဖြတ်တွေ ပေါ်ထွက်လာခဲ့တာပါ။ ဒါ့အပြင် ပတ်ဝန်းကျင်မှာ မြင်တွေ့ကြားကြုံသိခွင့်ရသမျှတွေဟာလည်း အကောင်းရယ်လို့ မရှိသလောက်ဖြစ်လာတော့ လူတွေဟာ အပြုသဘောဆောင်နိုင်ဖို့ ခဲယဉ်းလာကြရပါတယ်။ အထူးသဖြင့် ဆိုရှယ်မီဒီယာမှာ တုံပြန်မှုအနေနဲ့ အပြုသဘောမဆောင်တဲ့ အပြောအဆို အရေးအသားတွေ များသထက် များလာခဲ့ပါတယ်။ မဖွယ်မရာ အသုံးအနှုန်းတွေကို ပြစ်ပြစ်နှစ်နှစ်သုံးပြီး အပြစ်တင်တာမျိုးကို သာမန်လုပ်ရိုးလုပ်စဉ်လိုသဘောထားပြီး လုပ်လာကြတာလည်း တွေ့နေရပါတယ်။ ‘ဘက်’ ကိုကြည့်ပြီး ကိုယ်နဲ့ မတူတဲ့ဘက်ကို ဆဲရေးတိုင်းထွာတာကမှ အမှန်တရားလို သဘောထားပြီး ‘လွတ်လပ်စွာ ပြောရေးဆိုခွင့်’ကို ဒိုင်းလို အကာအကွယ်ယူကာ အပြုသဘောမဆောင်တဲ့ အမုန်းစကားနဲ့ အ မုန်းပွားဇာတ်ကြောင်းပြောတွေ တွင်ကျယ်လာပါတယ်။ ဒါဟာ ဒီမိုကရေစီကို ပန်းတိုင်အနေနဲ့ သတ်မှတ်ထားတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အတွက်တော့ ဝမ်းနည်းဖွယ်ပါပဲ။
မြေပြင်မှာ စကစလက်နက်ကိုင်တွေကို သုံ့ပန်းအဖြစ်ဖမ်းမိတဲ့အခါ နွေဦးသမားတွေက လူသားချင်းစာနာလို့ ကောင်းမွန်စွာ ဆက်ဆံနိုင်ကြတာကို တွေ့ပြီး အားတက်ရပေမဲ့ ဖေ့စ်ဘွခ်ပေါ်မှာတော့ လူပုဂ္ဂိုလ်အလိုက် ပါတီအလိုက် လူမျိုးအလိုက် လက်နက်ကိုင်အဖွဲ့အလိုက် အယူဝါဒရေးရာ အငြင်းပွါးတဲ့အခါ အပြုသဘောမဆောင်တဲ့ အရေးအသား အသုံးအနှုန်းတွေ၊ အငြင်းဝါကျတွေကို လှိုင်လှိုင်သုံးလာကြတာကိုလည်း သတိထားမိပါတယ်။ ကာယကံမေတ္တာထက် ဝစီကံမေတ္တာက ပိုများ ခက်ခဲနေလေသလားလို့တောင် တွေးမိရလောက်အောင်ပါပဲ။
နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပေမဲ့ နှမ်းစေ့တွေ အများကြီးကဆီဖြစ်စေသလို ယဉ်ကျေးမှုဆိုတာ လူတွေ အများကြီးက အပြုအမူတစ်ခုကို အချိန်အကြာကြီး ဆက်တိုက်လုပ်လာတဲ့အခါ ဖြစ်ပေါ်လာတတ်တာမျိုးပါ။ ‘ကိုယ့်အချင်းချင်း ပြန်သတ်နေကြတဲ့ နိုင်ငံ’ က လူတွေလို့ အထင်ခံနေရတဲ့အတွက် နာကျင်ခံခက် ဖြစ်ကြရပါတယ်။ ဒါက စကစနဲ့ နွေဦးတွေကို ကိုယ့်အချင်းချင်း၊ နိုင်ငံသူ နိုင်ငံသားချင်းလို့ နိုင်ငံတကာက အမြင်ပေါ့။ တစ်ဘက်မှာတော့ စစ်ကောင်စီကို မထောက်ခံကြသူအချင်းချင်း ‘ကိုယ့်အချင်းချင်း’ တွေကြားမှာလည်း အငြင်းဝါကျတွေ လှိုင်လှိုင်သုံးပြီး အပြုသဘောမဆောင်တဲ့ ပြစ်တင်ဝေဖန်မှုတွေက ရှိမြဲရှိနေပြန်ပါတယ်။
အကြောင်းအရာ၊ အတွေးအခေါ် အမှားအယွင်းကို ထောက်ပြဝေဖန်ကြတာဆိုပေမဲ့ အကောက်အယူ အလွဲအမှားတွေကိုပါ မြင်ရကြားရပါတယ်။ အကြောင်းအရာကို ဘက်စုံထောင့်စုံက သုံးသပ်ဝေဖန်တာထက် ကိုယ် ပိုင်နိုင်ကျွမ်းကျင်တဲ့ ရှုထောင့်တစ်ခု၊ နှစ်ခုတည်းက ကွက်ပြီး ဇွတ်တင်ပြောကြတာမျိုးလည်း တွေ့ရပါတယ်။ အသုံးအနှုန်း အရိုင်းအစိုင်းတွေနဲ့ တုံ့ပြန်ကြတာတွေကိုလည်း သတိထားမိရပါတယ်။ အဲဒီအခါ ထောက်ပြဝေဖန်ရာ မကျတော့ဘဲ ‘စေတနာဆိုး’ကို အခြေခံတဲ့ ပြစ်တင်စကားတင်းဆိုရာပဲ ကျသွားတော့ ပြုပြင်သင့်တဲ့သူကလည်း ပြုပြင်ရမယ့်အစား ပြန်ရန်တွေ့တာတွေ ဖြစ်လာတာပါပဲ။
ကာယကံရှင်တွေတင်မကဘဲ တတိယလူတွေကပါ ကိုယ်ရပ်တည်ချင်တဲ့ဘက်က ရပ်တည်ပြတဲ့အခါ အပြုသဘောဆောင် တုံ့ပြန်တာမျိုးမဟုတ်တော့ဘဲ ကိုယ့်ဘက်ကို ရှာကြံအကောင်းပြော၊ သူ့ဘက်ကို ရှာကြံမကောင်းပြောဆိုတဲ့ ဖော်မြူလာတွေ ဖြစ်လာပြန်ပါတယ်။ ဒီအခါ မူလအကြောင်းအရာနဲ့ အတွေးအခေါ်ကို စောကြောသုံးသပ်နိုင်ဖို့ထက် ဘယ်သူဘယ်ဝါနဲ့ သူ့လော်ဘီတွေက ဘာတွေပါဆိုတဲ့ ပုဂ္ဂိုလ်/အစုအဖွဲ့အခြေခံ စွပ်စွဲပြစ်တင်တာတွေ ဖြစ်လာတော့တာပါပဲ။ ဒီလိုနဲ့ အကြောင်းအရာတွေ ဘယ်လိုပြောင်းသွားသွား မြန်မာ့လူ့အဖွဲ့အစည်းကြီးရဲ့ တုံ့ပြန်ဖြေရှင်းပုံဟာ အပြုသဘော မဆောင်မြဲ မဆောင်ဘဲ ကျန်ခဲ့ပါတော့တယ်။
ဒါပေမဲ့ စိတ်ဝင်စားဖို့ ကောင်းတာကတော့ လက်တွေ့မြေပြင်မှာ လူလူချင်း ကာယကံမြောက် ပြောဆိုဆက်ဆံကြတဲ့အခါမှာရော အပြုသဘောဆောင်မှုဟာ ဘယ်အတိုင်းအတာလောက်ထိ အားကောင်းနေသေးလဲဆိုတာကို သေချာသုတေသန မလုပ်နိုင်သေးတာပါပဲ။ ကြည့်ရတာ မြေပြင်မှာတော့ ပိုပြီး အပြုသဘောဆောင်စွာ ပြောဆိုဆက်ဆံနေကြတယ်လို့ ထင်ပါတယ်။ (ဆိုရှယ်မီဒီယာဆိုတာ ကမ္ဘာမှာလည်း ဝစီကံ အလွဲသုံးရာနေရာ ဖြစ်နေတာကိုး) ဒီတော့ အွန်လိုင်းပေါ်က ယဉ်ကျေးမှုဆိုတာ အပြုသဘော မဆောင်ပါလားလို့ ကောက်ယူမယ်ဆိုရင် ယူစရာပေါ့။ အွန်လိုင်းကို အသုံးပြုသူ အများစုဟာ စာတတ်ပေတတ်တွေ ဖြစ်နေတာမို့ စာတတ် ပေတတ်တွေဟာ အပြုသဘောဆောင်နိုင်ဖို့ အားထုတ်နိုင်ကြသူတွေဖြစ်ပါရက်နဲ့ လက်တွေ့ မကျင့်သုံးနိုင်ကြပါလားလို့ တွေးစရာဖြစ်ရပါတယ်။ ဒီလိုသာဆို အနာဂတ်လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး ယဉ်ကျေးအောင် အပြုသဘောဆောင်နိုင်အောင် ဘယ်အရာကများ တတ်နိုင်မှာပါလိမ့်လို့ ဆက်တွေးချင်လာပါတယ်။ ‘ပညာရေး’ ဟာ ဒီမိုကရက်တစ်လူ့ဘောင်အတွက် အဖြေပဲလို့ ဆိုကြတာကိုး။
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ။ လူသားတွေအနေနဲ့ ဘယ်လိုအကြောင်းအရာတွေကို ဘယ်လိုတွေးခေါ်သင့်တယ်၊ လက်ခံသင့်တယ်၊ လုပ်ဆောင်သင့်တယ်၊ စီမံခန့်ခွဲသင့်တယ်လို့ စာသိစာတတ် တတ်သိထားသူတွေအပါအဝင် လူသားအားလုံးအနေနဲ့ ဝစီကံမေတ္တာကို အတတ်နိုင်ဆုံး အားထည့်ပြီး အပြုသဘောဆောင်တဲ့ အပြောအဆို၊ အရေးအသားတွေကို ဝိုင်းပြီး အကြာကြီး ကျင့်သုံးလိုက်ကြရင်ဖြင့် ယဉ်ကျေးတဲ့ ဒီမိုကရက်တစ်လူ့ဘောင်ဟာ အုတ်မြစ်ချနိုင်လာမယ်လို့ ယုံကြည်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar