Breaking News

ဇမ်သစ်အောင် - ရင်နင့်တေး


ဇမ်သစ်အောင် - ရင်နင့်တေး
(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂

အနာဂတ်တွေ ကောင်းစားစေ့ချင်လို့
ပစ္စုပ္ပန်ကို ချနင်းခဲ့တဲ့ မြေဖြူ

လူကလူကို လူလိုဆက်ဆံပေးတဲ့ခေတ်ရောက်မှ
ကျောက်သင်ပုန်းမှာ
စာလုံးလေးတွေ ပြန်ရေးမယ်

သမီးလေးက
"ဖေဖေ့... နာ... နာ... ”တဲ့
ငါ့မှာ ရင်နာရ ဆို့နင့်ရ ကြေကွဲရ

ဘဝရဲ့အဓိပ္ပာယ်ကို
ငွေကြေးနဲ့ မသတ်မှတ်ခဲ့တာ
ကျနော်မှားခဲ့ပြီလား အမေ

ရွှေမရှိဘူး ငွေမရှိဘူး
သိက္ခာကို သိပ်ခါနေအောင် ကိုးကွယ်ခဲ့တော့
ကျနော့်မှာ စိတ်နာရတာပဲ အဖက်တင်တယ် အဖေ

လိပ်ပြာတောင်ပံခတ်သံမှာ
အောင်လံကို တလွင့်လွင့်ထူရင်း
လူပီသခွင့်ရနေသေးတာကလွဲရင်
ကျနော်က
ငမွဲတစ်ကောင်ပါ မိတ်ဆွေ

*စိတ်တွေလေတိုင်း မျက်ရည်ရယ်ဝိုင်း တဲ့
ဒီသမိုင်း ဒီမိုးထဲမှာ
ကျနော်က ဘယ်တော့မှ ပိုးမကျမဲ့အပင်

ရှင်သန်ရခြင်း ရေတပွက်မှာ
ရင်နင့်တေးတွေ
ရေးသားသီဆို မငိုဖြစ်အောင်ထိန်းရင်း
ခရီးပြင်းချီနေဆဲ ခေါင်းလောင်းသံဟာ
ကျနော်။ ။

ဇမ်သစ်အောင်
10:34 PM

*စိုးလွင်လွင်ရဲ့ သီချင်းစာသား

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar