Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၈ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၈ မြင်ကွင်း

(မိုးမခ) ဇွန် ၉၊ ၂၀၂၂  



NUG အုပ်ချုပ်ရေးနယ်မြေနဲ့ ဥပဒေစိုးမိုးရေး ခြေလှမ်း စလာပြီလား


(၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်) နေ့စွဲဖြင့် အမိန့်ကြေညာစာအမှတ် - ၁၂ /၂၀၂၂ ဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းခြင်း ကိုထုတ်ပြန်လိုက်ပါတယ်။ ယခင်အစောပိုင်းကာလတွေက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲစည်းကြတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ အဲသည်နောက်မှာ CDM ပြည်သူ့ရဲတွေဆိုတဲ့ အသုံးအနှုန်းကို သုံးခဲ့ကြပါတယ်။ အခုတော့ NUG ၏ ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့ပြီလို့ NUG သမ္မတ လက်မှတ်နဲ့ ထုတ်ပြန်လိုက်တာ ဖတ်လိုက်ရပါတယ်။

အမိန့်ကြေညာစာမှာ ဖော်ပြထားတာက - အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ကျူးလွန်သည့် အကြမ်းဖက်ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက် မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများအား တရားဥပဒေနှင့်အညီ အရေးယူအပြစ်ပေးနိုင်ရန်၊ ကြားကာလ တရားဥပဒေစိုးမိုး‌ရေးကို ဖော်ဆောင်နိုင်ရန်၊ ဒုစရိုက်မှုများနှင့် တရားဥပဒေမဲ့ ပြုကျင့်သူများအား ပြည်သူလူထုနှင့် ပူးပေါင်း၍ တားဆီးရန်၊ ပြည်သူတစ်ရပ်လုံး ယုံကြည် လက်ခံသော ရဲတပ်ဖွဲ့အဖြစ် စတင်အခြေပြုပုံဖော်၍ ပြည်သူလူထုအတွက် တရားဥပဒေနှင့်အညီ ဝန်ဆောင်မှုပေးသည့် ရဲတပ်ဖွဲ့ဖြစ်စေရန် “ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ”နှင့်အညီ “ပြည်သူ့ရဲတပ်ဖွဲ့” အား ဖွဲ့ စည်းလိုက်သည် … လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ ရာဇဝတ်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အရေးယူဖို့က အဓိကကျသလို လက်သည်မပေါ်ပဲ အသတ်ခံ လက်စဖျောက်ခံနေရတဲ့ အကြမ်းဖက်မှု အများအပြားကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ စိတ်ဝင်းစားစရာ ဖြစ်ပါတယ်။ အစိုးရမဟုတ်တဲ့အရပ်ဖက်လူ့အဖွဲ့အစည်းတွေက စစ်ကောင်စီ၏ရာဇဝတ်မှုများကို မှတ်တမ်းတင် ထုတ်ပြန်ကြလေ့ရှိတာမို့ စစ်ကောင်စီပြစ်မှုတွေကတော့ မှတ်တမ်းအဖြစ်ရှိနေတာကို တွေ့နိုင်ပါတယ်။ ဥပမာ - ကျန်းမာ ရေးဝန်ထမ်းတွေအပေါ် စစ်ကောင်စီကျုးလွန်မှုတွေကို insecurity Insight အဖွဲ့၏  မှတ်တမ်းထုတ်ပြန်ထားတာ ရှိပါတယ်။ 

အဲသည်မှာ - insecurity Insight အဖွဲ့၏ ၂၀၂၂ ခုနှစ်၊ မေလတွင် ထုတ်ပြန်ချက်အရ ဥပဒေမဲ့ စစ်အာဏာသိမ်းခဲ့သည့် (၁-၂-၂၀၂၁) ရက်နေ့မှ (၃၁-၃-၂၀၂၂) ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း ကျန်းမာရေးလုပ်သားများ၊ ဆေးရုံ/ဆေးခန်းများ၊ လူနာတင်ယာဉ်များအပါအဝင်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏အကြမ်းဖက်တိုက်ခိုက်မှုပေါင်း (၄၉၂) ခုအထိ ရှိခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်ကောင်စီသည် ကျန်းမာရေးလုပ် သား (၅၆၄) ဦးကိုဖမ်းဆီးခြင်း၊ ဆေးရုံ/ဆေးခန်း (၁၂၆) ခုကို ဝင်ရောက်စီးနင်းဖျက်ဆီးခြင်းနှင့် ကျန်းမာရေးလုပ်သား (၃၆) ဦးကို သတ်ဖြတ်ခြင်းတို့အား ကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။

သို့သော်လည်း မြို့ပြပေါ်က မင်းမဲ့စရိုက်အပြုအမူများ၊ ကျေးလက်တောရွာများက ရာဇဝတ်မှုများ သတ်ဖြတ်မှုများကို တား ဆီးရန်၊ အရေးယူ အပြစ်ပေးရန်နဲ့ ပြည်သူ့အားကိုးတဲ့ ရဲတပ်ဖွဲ့လုပ်ငန်းများဆောင်ရွက်ဖို့ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ NUG က ခုခံစစ်ကနေ စိုးမိုးနယ်မြေများထူထောင်ရင်းက NUG ပြည်သူရဲလုပ်ငန်းများ အကောင်အထည်ဖော်ရမှာ ဖြစ်တာမို့ - PDF စိုးမိုးနယ်မြေများကနေ ပြည်သူ့ရဲများက အုပ်ချုပ်ရေး ဥပဒေစိုးမိုးရေးကို လွှဲ ပြောင်းယူတဲ့ အဆင့်ကိုလည်း စိတ်ဝင်တစား စောင့်စားကြရမှာ ဖြစ်ပါတယ်။ 

စစ်ကောင်စီလက်အောက်မှာ မျှတတဲ့တရားစီရင်ရေး ပျက်သုဉ်းနေပြီလို့ ရှေ့နေတွေတော်တော်များများက ပြောဆိုတဲ့ သတင်းတွေကြောင့် NUG ၏ ပြည်သူ့ရဲနဲ့ ပြည်သူ့အုပ်ချုပ်ရေး အခန်းကဏ္ဍမှာ အရေးပါတဲ့ တရားရေးရာရှေ့နေများ ရပ်တည်နိုင်ဖို့လည်း ဘယ်လို အာမခံချက်ပေးမှာလဲဆိုတာ နောက် မေးခွန်းဖြစ်လာပါတယ်။ 

စစ်ကောင်စီလက်အောက်က အစောပိုင်းကာလတွေမှာ ရှေ့နေအဖွဲ့တွေက ဖမ်းဆီးခံရတဲ့လူငယ်တွေရဲ့အမှုတွေကို အခမဲ့လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရှေ့နေတွေကိုယ်တိုင်ထွက်ပြေးတိမ်းရှောင်ရတဲ့အခြေအနေအထိဖြစ်လာပါတယ်။ အဆိုပါရှေ့နေများက NUG အုပ်ချုပ်ရေး၊ ပြည်သူ့ရဲ၊ တရားရုံးရေးရာဌာန (အကျဉ်းသားထိန်းသိမ်းမှု အပါအဝင်) တွေမှာ တရားလို၊ တရားခံ၊ အစိုးရ၊ ပြည်သူတွေကို ကိုယ်စားပြု ဆောင်ရွက်ဖို့ နဲ့ ပြည်သူတွေအတွက် လက် လှမ်းမီဖို့လည်း လိုအပ်ပါတယ်။ 

လက်ရှိမှာ - စစ်ကောင်စီက နိုင်ငံ့ခေါင်းဆောင်တွေရဲ့အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဒေါ်ရွက်နုအောင်ကို ဧပြီ ၂၇ ရက်နေ့ကဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့တရားစွဲခဲ့ပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေကို လိုက်ပါကူညီနေတဲ့ ရှေ့နေအဖွဲ့တာဝန်ရှိသူတွေကိုလည်း စစ်ကောင်စီက ဖိအားပေးပြီး ပြောရေးဆိုခွင့်ပိတ်ပင်ထားပါတယ်။ အလားတူ NLD နဲ့ပတ်သက်တဲ့ရှေ့နေတွေကို ခြိမ်းခြောက်တာတွေပြုလုပ်ခဲ့တဲ့အတွက် NLD ပါတီဝင်ရှေ့နေတချို့ဟာ လွတ်မြောက်နယ်မြေကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ NUG စိုးမိုးနယ်မြေတွေက တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ နယ် မြေတွေမှာ ရဲတွေအပြင် ရှေ့နေတွေအတွက် လွတ်လပ်မှုနဲ့ အာမခံချက်လည်း လိုအပ်လာမှာ ဖြစ်ပါတယ်။ 

စစ်ကောင်စီက တော်လှန်ရေးသမားတွေကို သူတို့စိတ်ထင်ရာဥပဒေတွေနဲ့ ပုဒ်မ ၄၊ ၅၊ ၆ ခုတပ်ပြီး တရားစွဲဆိုတာတွေပြု လုပ်ခဲ့တာပါ။ ရန်ကုန်မြို့အင်းစိန်ထောင်တခုတည်းမှာ တော်လှန်ရေးအကျဉ်းသား ၂ ထောင်ဝန်းကျင်အမှုရင်ဆိုင်နေရပြီး အကူအညီပေးတဲ့ရှေ့နေတွေကိုလည်း ထောင်တွင်းတရားရုံးကိုဝင်တဲ့အချိန်မှာ ကန့်သတ်မှုမျိုးစုံပြုလုပ်နေတယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။  စစ်ကောင်စီလက်အောက်မှာ ရှေ့နေတွေက တရားမျှတမှုအတွက် ကိုယ်စားပြုခွင့် ဆောင်ရွက်ခွင့်မရှိတာကနေ NUG လက်အောက်မှာ ပြည်သူ့ရဲတွေနဲ့ တရားဥပဒေဝန်ထမ်းတွေ၏ တရားမျှတမှုအတွက် လွတ်လပ်စွာ စိုးရိမ်မှုမရှိ လုပ်ကိုင်နိုင်ဖို့ကိုလည်း ပြည်သူတွေက မျော်လင့်ပါလိမ့်မယ်။

ပြည်ထဲရေးဝန်ကြီးဌာနကတော့ NUG ပြည်သူ့ရဲလုပ်ငန်းတွေအတွက် အမှုတွေက စောင့်ကြိုနေပြီလို့ ပြောထားပါတယ်။ 

ကြားကာလမှာ တိုင်ကြားထားသော ခိုးမှု၊ လုယက် မှုနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေအပေါ် ရဲလုပ်ငန်းစဥ်စတင်မယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်အသိပေးပြောကြားလိုက်ပါတယ်လို့ သတင်းများက ဖော်ပြထားပါတယ်။

"NUG ရဲ့အုပ်ချုပ်မှုနယ်မြေတွေကို စတင်တည်ထောင်နေပြီဖြစ်ပါတယ်။ ကျွန်တော်တို့အုပ်ချုပ်မှုစတင်တည်ထောင်တဲ့ နယ် မြေတွေမှာ ပြည်သူလူထုရဲ့အသက်အိုးအိမ်နဲ့ပတ်သက်တဲ့ လုံခြုံမှုကိုတာဝန်ယူဖို့ဖြစ်ပါတယ်။ကြားထဲမှာဖြစ်ပေါ်တဲ့ခိုးမှုတွေ လုယက်မှုတွေ အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုတွေက အခုလည်းတိုင်ကြားမှုတွေရှိပါတယ်။ ဒါတွေကိုအကာကွယ်ပေးနိုင်ဖို့အတွက် တရားဒပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်တွေကို ကာကွယ်ပေးနိုင်ဖို့အတွက်လုပ်ဆောင်နေတာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီး ဌာနသို့ စစ်ကောင်စီတပ်နဲ့ ၄င်းတို့လက်အောက်ခံအဖွဲ့အစည်းများ ကျူး လွန်မှုကြောင့်နစ်နာသူ ပြည်သူများက တိုင်ကြားထားသောအမှုပေါင်း ၄၀၀ ကျော်ရှိတယ်လို့သိရပါတယ်။ ပြည်သူ့ရဲနဲ့ တရားရုံးလုပ်ငန်း၊ တရားရေးရာ ရှေ့နေများ၊ အကျဉ်းသားများ ကိုင်တွယ်ထိန်းသိမ်းရေး၊ ဥပဒေစီရင်ရေးတိို့ကို မည်သို့ မည်ပုံ အဆင့်ဆင့် အကောင်ထည်ဖော် စီစဉ်လာကြမည်လဲဆိုတာကို ဆက်လက် စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar