ဆယ်ပေါင်တူ - ရူးချင်ယောင်ဆောင်သောကြင်စိုးနှင့် ’ဖမဲသီး’ အရှုပ်တော်ပုံ
ဆယ်ပေါင်တူ - ရူးချင်ယောင်ဆောင်သောကြင်စိုးနှင့် ’ဖမဲသီး’ အရှုပ်တော်ပုံ
(မိုးမခ) ဇွန် ၉၊ ၂၀၂၂
‘ငါးဖမ်းမငါးပိကောင်ကြော်’
‘ပုရစ်ကြော်’
‘ငါးကျည်းခြောက်’
‘မန်ကျည်းသီးစိမ်းကြော်’
‘ငါးရံ့လက်ဖက်’
‘ဖမ်းကွာ၊ ဆွဲစိလိုက်တော့’၊ အဆုံးအထိ ကြင်စိုး ဆက်စောင့်ချင်စိတ်မရှိလို့ ကြားဖြတ်နားထောင်တာကို ရပ်ပစ်လိုက်တယ်။ သူ့လူများကလည်း အဆင်သင့်စောင့်နေကြတာဆိုတော့ ရုံးခန်းထဲ ဝုန်းကနဲ ပြေးဝင်သွားကြပြီး ခေါင်းကို အိပ်အမည်းတခုနဲ့စွပ်၊ ပါးစပ်ကိုပိတ် လက်ကိုတုပ် လူကိုချုပ်ပြီး အတင်းဆွဲခေါ်ပါတော့တယ်။
ဖုန်းပြောနေတာတောင် မပြီးသေးတော့ အငိုက်မိသွားပြီး ‘အာ့ကျကျ၊ အာ့ကျကျ’ ဗလုံးဗထွေး မပီမသအော်ဟစ်ရင်း မဲလုံးတယောက် ယက်ကန်ယက်ကန် လိုက်ပါသွားရပါတယ်။ ‘ဘုရား ဘုရား ‘‘ပီဒီအက်ဖ်’လေး တွေ ငါ့ရုံးခန်းထဲအထိ ရောက်လာကြတာပါလား၊ ငါတော့ဒုက္ခတွေ့ပြီ ဘာပြောရမလဲ စဥ်းစားစမ်း၊ ဟုတ်ပြီ တကယ်ဆို စိတ်ထဲကကြိတ်ပြီး ထောက်ခံနေတာ ‘အရှုံးမပေးမချင်း ငါတို့နိုင်တယ်’ ဆိုတဲ့စကား ရင်ထဲထိလွန်း လို့ ရင်ဘတ်မှာ မြန်မာ၊ အင်္ဂလိပ်၊ တရုတ် ဘာသာစကား (၃) မျိုးနဲ့ တက်တူးထိုးဖို့ လုပ်နေတယ်၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ (၂) ခုလုံးမှာ သက်စွန့်ဆန့်ဖျား စွန့်စားမဲပေးခဲ့ရတဲ့ပါတီကို အမြဲအမှတ်တရရှိစေဖို့ မင်အနီရောင်နဲ့ထိုးမယ်၊ မင်အနက်နဲ့ဆိုရင် ကိုယ့်အသားအရောင်နဲ့ရောပြီး ဘာမှမပေါ်တာလည်း ဖြစ်သွားမှာစိုးလို့’ အစရှိသဖြင့် ဉာဏ်နီ ဉာဏ်နက်ထုတ်၊ လုပ်ဇာတ်တွေခင်းဖို့ စဥ်းစားရင်း မဲလုံးဇောချွေးပြန် ကြောက်ဒူးတုန်နေပါတော့တယ်။
ကြင်စိုးတယောက် မဲလုံးကိုဖမ်းထားတဲ့ နေရာဆီလာရင်း ကားပေါ်မှာ အတွေးပင်လယ် ဝေနေလေရဲ့။ ’အင်း၊ သံသယဝင်နေတာတော့ကြာပြီ၊ ပေါက်ကြားတာတွေ ထပ်မပေါက်ကြားဖို့ပြောတဲ့ကိစ္စ ပေါက်ကြားသွားသလိုမျိုးမဖြစ်ရလေအောင် သတိပေးလိုက်ခါမှ ထပ်ပြီးပေါက်ကြားပြန်တယ်ဆိုကတည်းက အတွင်းလူဖရဲသီးပဲဖြစ်ရမယ်လို့ တွက်ထားတာ၊ အခုတော့ ‘ဖမဲသီး’ မဲလုံးဖြစ်ဖို့ များနေပါလား။
မဲလုံးမူမမှန် အရင်လို အပိုးသိပ်မကျိုးတော့တာလည်း သင်္ကြန်ကတည်းကရိပ်မိတယ်။ ရှားရှားပါးပါး မဏ္ဏပ်တခုက လူပြောများတဲ့သီချင်းတပုဒ်ကို သံသယစိတ်နဲ့ အကြိမ်ကြိမ်ဖွင့်ပြီး နားထောင်နေတုန်း မဲလုံးပေါက်ချလာတယ်။
‘ဘာသီချင်းမို့လို့ ခဏခဏဖွင့် နားထောင်နေရတာလဲ အဘ’
‘အတော်ပဲ ဒီမှာလာ ခဏနားထောင်ကြည့်၊ ငါ့နာမည်အတိုကောက်ကို အော်ဆဲနေတာလားလို့’ မဲလုံးက နားထောင်ကြည့်ပြီး ပြန်ပြောလိုက်တယ်။
‘မဟုတ်ပါဘူး ‘မုန့်လုံး’ ပါ အဘရဲ့
‘မင်းသေသေချာချာ ထပ်နားထောင်ကွာ’
ဆရာတပည့်နှစ်ယောက် ပြန်ဖွင့်လိုက်၊ ပြန်ငြင်းလိုက် အကြိမ်တွေများလာတော့ မဲလုံးကစိတ်မရှည်တော့လို့ ‘ဒီလိုဆိုရင်လည်း ခေါ်ပြီးစစ်လိုက်ပါလား’ လို့ ဆိုလိုက်တယ်။ ဒီတော့ အယူသည်းတဲ့ကြင်စိုးက
‘မင်းကလည်း မတော် ‘မရင်ရွှေ’ ရောက်နေတုန်း မြေမြိုသွားရင် ငါပါပါသွားမှာပေါ့’
မဲလုံးကရယ်တယ်၊ ပြီးတော့မှ ‘ဘာများထူးမှာလိုက်လို့၊ အခုအဘလုပ်ပေါက်တွေနဲ့လည်း အနှေးနဲ့အမြန် မြေမြိုခံရမှာပဲ’ လို့ပြောဆိုပြီး ပြန်သွားတယ်။ ကြင်စိုးတယောက် တအံ့တဩဖြစ်သွားသလို ဒေါသတွေ အတုံးလိုက် အတစ်လိုက်ထွက်ပြီး ကျန်ရစ်ခဲ့တယ်၊ မဲလုံးဒီလိုမျိုး သူ့ကိုဘယ်တုန်းကမှ မပြောရဲခဲ့ဘူးလေ။
နောက်တကြိမ်ကပိုဆိုးတယ်၊ နောက်ပိုင်းမှာ မသင်္ကာတော့တာနဲ့ ဖုန်းလိုင်းကြားဖြတ်နားထောင်ဖို့ စီစဉ်ထားရင်းနဲ့ ကြားမိတာ။ အဲဒီနေ့က မဲလုံးက သူ့လူတွေကို ညွှန်ကြားနေတာ ကြင်စိုးပြန်တောင်မတွေးချင်ဘူး၊ စဉ်းစားကြည့်လေ မဲလုံးပြောနေပုံက ...
‘သေချာပါစေနော်၊ ဘကြင်စိုးမျက်နှာ အပြည့်ပါရမယ်၊ ဒါမှ မနက် မနက် အိမ်သာဝင်တိုင်း သူ့ကိုမြင်ပြီး သတိရကြမှာ’
ကြင်စိုးမျက်စိထဲမှာတော့ ‘ထရမ့်’ ပုံ တစ်ရှူးလိပ်တွေ ပြေးမြင်နေမိတယ်။
မဲလုံးက သူ့စကားကိုဆက်လိုက်တယ်၊ ’ဒါကအမျိုးသမီးတွေအတွက် အထူးအစီအစဉ်၊ အနည်းဆုံးတော့ အမျိုးသမီးတွေ ဘကြင်စိုးကိုလစဉ်သတိထားမိကြမှာပေါ့၊ ဒါလည်း သူ့မျက်နှာအပြည့် ဖြစ်ပါစေနော်၊ တလ တခါလောက် သူ့ပုံကိုမြင်ကြရင်ပဲ မဆိုးပါဘူး’
ကြင်စိုးတယောက် အသားတဆတ်ဆတ် တုန်ပါလေရော၊ ချက်ချင်းဖမ်းမယ်ဆီးမယ် ဖြစ်သွားပြီးမှ ပိုအပြစ်ကြီးအောင် စောင့်လိုက်ပါဦးမယ်ဆိုပြီး စိတ်လျှော့ထားလိုက်တယ်။
ဒီရက်ပိုင်း ‘လက်ဖက်ခြောက်’ ကတောင် ပြောလာတယ်၊ ’ခင်ဗျားရဲ့မဲလုံး သိပ်မဟုတ်တော့ဘူးနော်၊ ‘နိုင်ငံပျောက်သူ’ လည်း အားပေးလိုက်သေးသတဲ့၊ ကြည့်ယုံနော် ကျုပ်ကတော့ သိပ်မသင်္ကာဘူး၊ ဖရဲသီးထက်ဆိုးတဲ့ ’ဖမဲသီး’မဲလုံးဖြစ်မယ်။ သူ့ကို ကျုပ်စောင့်ကြည့် ‘အဲလေ’ စောင့် Look တဲ့ စာရင်းထဲမှာပါတယ်’ လို့ပြောလာတယ်။
ဒါကလည်းပြဿနာတခု။ အယူသည်းကြသူများဆိုတော့ အခုတလော ‘စောင့်ကြည့်တဲ့စာရင်းထဲမှာပါတယ်’ ဆိုတဲ့စကားပြောအပြီး အကြီးအကျယ် ပြဿနာတက်ကြတာကို မြင်ကြရတဲ့နောက်ပိုင်း ဒီစကားအတိုင်း လုံးစေ့ပတ်စေ့ မပြောရဲကြတော့ပဲ ရှောင်လွှဲပြီး ‘စောင့် Look တဲ့စာရင်းထဲမှာပါတယ်’၊ ‘Wait ကြည့်တဲ့စာရင်းထဲမှာပါတယ်’ ဆိုပြီး ပြောကုန်ကြတယ်။ ဟုတ်တယ်လေ တကယ်တော့ သူတို့က ဘာချုပ်ကြီး၊ ညာချုပ်ကြီးတွေသာ လုပ်နေကြတာ၊ ကိုယ့်နာမည်အတိုကောက်နဲ့ လက်နက်ကိုင်တပ်ဖွဲ့ဆိုတာမျိုး ထားနိုင်ကြသေးတာ မဟုတ်ဘူး။ အခုအဲသလို ရှိတဲ့သူမျိုးတောင် ‘စောင့်ကြည့်တဲ့စာရင်းထဲမှာပါတယ်’ ပြောပြီး ဘာမှမကြာလိုက်ဘူး၊ အခန်းဆက် သတင်းစာရှင်းလင်းပွဲ တသီကြီးနဲ့ ဒုက္ခတွေတလှေကြီး ကြုံရပါလေရော။ အဲဒါမျိုးဖြစ်မှာကိုတော့ သူတို့တတွေက အသေကြောက်ကြတယ်လေ။
အတွေးကိုဖြတ်ပြီး ကြင်စိုးကားပေါ်က ဆင်းလိုက်ကာ စစ်ကြောရေးလိုဏ်ဂူထဲ ဝင်သွားတယ်။
‘ဘယ်မှာလဲမဲလုံး’
မြေအောက်ခန်းက မှောင်မှောင်မဲမဲ ဖြစ်နေရတဲ့ကြား မဲလုံးလိုလူကို အိတ်အမည်းစွပ်ထားလေတော့ ကြင်စိုး ရုတ်တရက်မမြင်လိုက်ဘူး ဖြစ်သွားတယ်။ ကြင်စိုးအသံကြားလိုက်ရတော့ မဲလုံးလည်းတအံ့တဩ ဖြစ်သွားတယ်။ အစက ‘ပီဒီအက်ဖ်’ လေးတွေ ဖမ်းထားတာခံလိုက်ရပြီ မှတ်နေတာ၊ ကြင်စိုးလက်ချက်ဆိုတာ သိလိုက်ရတော့ မဲလုံးအတော့်ကို မကျေမချမ်းဖြစ်သွားတယ်။
‘အဘ ဘာတွေလျှောက်လုပ်နေတာလဲ၊ ကျနော့်မှာ ဘာအပြစ်ရှိလို့လဲ’
ကြင်စိုးက ‘မင်းလုပ်ထားတာတွေ မင်းမသိဘူးလား’ လို့အစချီကာ မေးမြန်းပါတော့တယ်။
‘ကဲပြောစမ်း မနက်အိမ်သာဝင်တိုင်း ငါ့မျက်နှာမြင်ရဖို့ဆိုတဲ့ မင်းအကြံကဘာလဲ’
ကြင်စိုးဆိုလိုတာ မဲလုံး အခုမှသဘောပေါက်သွားတယ်။
‘ပြည်သူတွေအဘကို ဘယ်လိုမြင်ကြသလဲဆိုတဲ့ စစ်တမ်းကောက်ထားတာ ရလာတော့ အဘ ကျနော့်ကို ဘာလာပြောသလဲ’
‘ဟိုဟာကွာ အမျိုးသားတွေက ငါ့ကိုလက်စတုံးချင်ကြပြီး အမျိုးသမီးတွေက အပျောက်ရှင်းချင်နေကြတယ်၊ မင်းနည်းနည်းပါးပါး စည်းရုံးဖို့ကြိုးစားကြည့်ပါဦး’ လို့ ငါပြောခဲ့တာပေါ့။
‘ဟုတ်တယ် အဲဒါကြောင့် အမျိုးသားတွေကြိုက်တဲ့ နေ့စဉ်အားကစားသတင်းစာစောင်တွေ မနက်တိုင်း အလကားလိုက်ဝေမယ်။ အဘဓါတ်ပုံတွေ စာမျက်နှာတိုင်းမှာထည့်မယ်။ ဒီတော့ မနက်အိပ်ယာထတာနဲ့ အလကားရတဲ့ ဒီစာစောင်တွေယူပြီး အိမ်သာဝင်ကြ၊ ဖတ်ကြ ဖြစ်အောင်လုပ်မှာကို ပြောတာဗျ’
‘အင်း မဲလုံးပြောတာဟုတ်သားပဲ’ ဆိုပြီး ကြင်စိုးစဉ်းစားလိုက်တယ်။ ဒါပေမယ့် စိတ်ထဲမတင်မကျ ဖြစ်ကျန်နေသေးတာကို ဆက်မေးလိုက်တယ်။
‘ကဲ ဒါတော့ထားလိုက်၊ အမျိုးသမီးလစဥ်ကိစ္စ ရှင်းစမ်းပါဦး’
‘လစဉ်ထုတ် အမျိုးသမီးမဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးနေရာကို ဝယ်ပြီး၊ အဘဓါတ်ပုံတွေထည့်ပေးမယ်ပြောတာ’
ဇာတ်ရည်လည်စပြုလာတော့ ကြင်စိုး မကျေမနပ်အော်ပြောနေတဲ့ မဲလုံးကို အချိုသပ်ဖို့စဉ်းစားလိုက်တယ်၊ ‘ခေါင်းစွပ်အနက်ကြီး ဘာကြောင့်စွပ်ထားရတာလဲကွာ၊ အဲသလောက်အထိမလိုပါဘူး၊ သူ့ခမျာအိုက်နေရှာမှာ ပေါ့ ချွတ်ပေးလိုက်ကြ’
ဒါပေမယ့် မနက်က ဖုန်းဇာတ်လမ်းက မပြတ်သေးတော့၊ ခြေလက်ချည်နှောင် ထားတာတွေကိုတော့ ဆက်ထားလိုက်တယ်။
‘အဲဒါတွေကတော့ ဟုတ်ပြီ၊ မင်းမနက်က ‘အမေရိကား’ ကို ‘ငါးဖမ်းမငါးပိကောင်ကြော်’ ‘ပုရစ်ကြော်’ ‘ငါးကျည်းခြောက်’ တွေလှမ်းမှာနေတာ ရှင်းစမ်းပါဦး’
‘ဘယ်က ’အမေရိကား’ ရမှာလဲ၊ နေပါဦး မနေ့ညက အဘညစာဘာဟင်းနဲ့စားလဲ ပြောစမ်းပါဦး’
ကြင်စိုးခဏစဥ်းစားလိုက်ပြီး
‘ငါးဖမ်းမငါးပိကောင်ကြော်’ ‘ပုရစ်ကြော်’ ‘ငါးကျည်းခြောက်’ နဲ့ အအီပြေ ‘မန်ကျည်းသီးစိမ်းကြော်’
စိတ်ဆိုးနေတဲ့ မဲလုံးက ‘ဘယ်သူကငတ်ကြီးကျပြီး ရှိသမျှအကုန်စားသွားလဲ၊ အိမ်မှာရောဘာကျန်သေးလဲ’
ကြင်စိုးနာရီကြည့်သလိုလို၊ ဖုန်းမက်ဆေချ့်တွေဖတ်နေသလို လုပ်ရင်းပြန်မဖြေဘူး။ ဟုတ်တော့ဟုတ်တယ် ဒီရက်ပိုင်းတွေမှာ သူအစားသိပ်စားတယ်၊ စိတ်ကျရောဂါဝင်တဲ့အခါ အရမ်းစားလေ့ရှိတယ်ဆိုတာ မှန်တယ်ထင်တယ်။ မနေ့ညကလည်း ရှိသမျှအကုန်စားမိတယ်။ တကယ်တော့ သူ့အဖြစ်က စိတ်ဓါတ်ကျမယ်ဆိုရင်လည်း ကျစရာပဲ။ ဘယ်နေရာမှာမှ အားတက်စရာမရှိ။ ဒီလိုမှန်းသိရင် အာဏာမသိမ်းလိုက်ပါဘူး။ မကျေနပ်သေးတဲ့ မဲလုံးက လေသံမြှင့်ပြီး ‘ထမင်းစားပြီးတော့ ဘာထပ်စားသေးလဲ ပြော’
ကြင်စိုးက လေသံဖျော့ဖျော့လေးနဲ့
‘ငါးရံ့လက်ဖက်’ လေး စားလို့ကောင်းလိုက်တာကွာ၊ မင်းကိုတောင် သတိရနေသေးတယ်၊ မဲလုံးရောက်လာရင် သိပ်ကောင်းမှာပဲ၊ သူ့ကိုကျွေးချင်တယ်လို့တောင် ပြောလိုက်သေးတယ် ’ဟေ့ကောင်တွေ ကြိုးတွေလာဖြည်စမ်း၊ မဲလုံးညောင်းညာနေမှာပေါ့’ သဘောပေါက်သွားပြီဖြစ်တဲ့ ကြင်စိုးက မဲလုံးစိတ်ပြေဖို့ ဟိုပြောဒီပြော လုပ်လာပါတယ်။
မဲလုံးကတော့ စိတ်ထဲတင်းနေဆဲမို့ ခြေဆန့်လက်ဆန့်လုပ်ပြီး ‘အဲဒီလိုကုန်သွားတဲ့ အစားအစာတွေကို ပြန်ဖြည့်ဖို့ အဘရဲ့ ’မိဖုရားခေါမကြီး’ က ဘယ်သူ့ကိုဝယ်ခိုင်းမယ်ထင်သလဲ’ ဆိုပြီး အခွင့်ရတုန်း တမင်ချိုးချိုးဖဲ့ဖဲ့ ပြောလိုက်တယ်။
ခါတိုင်းဆိုရင် ကြင်စိုးရှေ့မှာ ဒီလိုမျိုးခေါ်လို့ ဘယ်ရပါ့မလဲ၊အခုတော့ ကြင်စိုးလည်း သူ့အပြစ်နဲ့သူဆိုတော့ မသိချင်ယောင်ဆောင်ပြီး၊
‘မဲလုံးကလည်း ငါတို့မှာ စိတ်ချလက်ချ လူယုံဆိုလို့ မင်းပဲရှိတာကြောင့်ပါကွာ၊ ငါမပြုတ်သေးရင် နောက်တ ခေါက် ဘွဲ့တံဆိပ်တွေပေးတဲ့အခါ မင်းကြိုက်တာပြော ရစေရမယ်။ ဟာ စကားကောင်းနေလိုက်တာကွာ၊ အစည်းအဝေးတောင် လွတ်သွားတော့မလို့၊ ကဲ ငါသွားပြီဟေ့’ လို့ဆိုကာ ကြင်စိုးအသာလေး လစ်ထွက်သွားပါတယ်။
အဲဒီအချိန်မှာပဲ ကျန်ခဲ့တဲ့သူတွေထဲက ဖုန်းထမြည်ပါတယ်။ မဲလုံးက အခွင့်အရေးကိုလက်လွတ်မခံပဲ ဖုန်းမြည်သံသီချင်းကို စိတ်ဆိုးဆိုးနဲ့ ကြင်စိုးကြားအောင် အသံကုန်အော်ဟစ်ပြီး လိုက်ဆိုပါတော့တယ်။
♫ဟေ့ ရူးချင်ယောင်ဆောင်မနေနဲ့ ရူးချင်ယောင်ဆောင်မနေနဲ့♬
♫ရူးချင်ယောင်ဆောင်မနေနဲ့ ရူးချင်ယောင်ဆောင်မနေနဲ့♬
ကြင်စိုးက ကြားပေမယ့်လည်း မကြားချင်ယောင်ဆောင်ပြီး ကားဆီကိုသာ ခပ်သွက်သွက်လေး လှမ်းသွားပါလေတော့တယ်။
ဆယ်ပေါင်တူ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar