မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၂ မြင်ကွင်း
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၂ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၂၂
ဝါဆိုလပြည့် ဘုရားသွားကြသူများနဲ့ စည်းရုံးရေး၊ သို့မဟုတ် လူထုဆန့်ကျင်ရေးလား
စစ်အာဏာမှုဆန့်ကျင်ရေး ဖြစ်စဥ်မှာ အကြမ်းမဖက်ဆန္ဒပြမှုကနေစတင်ပြီးနောက် လအနည်းငယ်အကြာ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းတာ၊ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖွဲ့စည်းတာတွေ ဖြစ်ပေါ်လာပြီးနောက် လက်နက်ကိုင်လမ်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ ဆုံးဖြတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။ အကြမ်းမဖက် လူထုဆန္ဒပြမှု ဖြစ်စဥ်ကာလတုန်းက ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုကလည်း စစ်အာဏာရှင်ဖြုတ်ချရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ CDM လှုပ်ရှားမှုအပြင် အခြားအထောက်အပံ့ပေးတဲ့ တိုက်ပွဲဖော်ဆောင်မှုတွေကတော့ မီတာခမဆောင်ရေး၊ အခွန်အခမပေးဆောင်ရေး၊ CDM မလုပ်တဲ့ ဝန်ထမ်းတွေ၊ ကျောင်းသားတွေ၊ စစ်ကောင်စီ ထောက်ခံသူတွေကို ဖယ်ကြဥ်ရေး ပစ်ဒဏ်ခတ်ရေး၊ အစိုးရရော ပုဂ္ဂလိက ဘဏ်တွေပါ ငွေသားအကျပ်အတည်းဖြစ်အောင် ထုတ်ယူပြီး စစ်ကောင်စီမလည်ပတ်နိုင်အောင် ဘဏ္ဍာရေးအရ ဖိအားပေးရေးတွေအသီးသီးကို လုပ်ဆောင်ဖို့ လှုံ့ဆော်ခဲ့ကြ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
လက်နက်ကိုင် လမ်းစဥ်ကို ကိုင်စွဲပြီးနောက်မှာတော့ CDM လှုပ်ရှားမှုက အဓိကမကျတော့တဲ့ သဘောဖြစ်လာပါတယ်။ နယ်မြေစိုးမိုးဖို့ စစ်ကောင်စီကို လက်နက်ကိုင်တပ်တွေနဲ့ ယှဥ်ပြိုင်တိုက်ခိုက်နိုင်ဖို့က အဓိကလုပ်ငန်းဖြစ်လာတဲ့ သဘောဖြစ်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေ ဖွဲ့စည်းနိုင်ဖို့ လက်နက်ရရှိဖို့ ခဲယမ်းရရှိဖို့ အလှူငွေ ကောက်ခံဖို့က အဓိကကျလာတာ ဖြစ်ပါတယ်။
ဒီနေရာမှာ မြို့ပေါ်မှာ ကျန်ရစ်တဲ့ တော်လှန်ရေးအင်အားစုတွေက မြို့ပြပြောက်ကျားအဖွဲ့တွေ အသီးသီးဖွဲ့စည်းကြကာ စစ်ကောင်စီအုပ်ချုပ်ရေးကို မလည်ပတ်နိုင်အောင် လုပ်ဆောင်ကြမယ်ဆိုတဲ့ ရည်မှန်းချက် လုပ်ဆောင်ချက်တွေနဲ့လည်း လုပ်ဆောင်လာကြပါတယ်။ အဲဒီလိုလုပ်ဆောင်ရာမှာ ရပ်/ကျေး အုပ်ချုပ်ရေး ကစလို့ မြို့နယ် အုပ်ချုပ်ရေး၊ ခရိုင်အုပ်ချုပ်ရေး၊ ပြည်နယ်နဲ့ တိုင်းဒေသအုပ်ချုပ်ရေး ယန္တရားမှာပါဝင်နေသူတွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်တဲ့နည်းနာတွေနဲ့ စစ်ကောင်စီကျဆုံးအောင် လုပ်ဆောင်ခဲ့ကြပါတယ်။
ဒီနေရာမှာ စစ်ကောင်စီဖြုတ်ချရေး လမ်းစဥ်က ရေရှည်အသွင်ဆောင်တဲ့ တိုက်ပွဲဖြစ်လာခဲ့တဲ့ သဘောလည်းဖြစ်ပြီး မြို့တွေမှာရှိတဲ့ တက်ကြွသူလူငယ်တွေ အများစုက လွတ်မြောက်နယ်မြေတွေဆီ သွားရောက်ကာ လက်နက်ကိုင် တိုက်ဖို့ ပါဝင်ခဲ့ကြသလို အချို့သော ဒေသတွေဖြစ်တဲ့ မကွေးမြောက်ပိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့ကတော့ ကိုယ့်ဒေသမှာတင် အခြေချတိုက်ခိုက်နေကြတာမျိုး ဖြစ်ပါတယ်။
ဒီအခြေအနေမျိုးမှာ ကာလကြာရှည်လာတာနဲ့အမျှ မြို့ပေါ်တွေမှာ နေထိုင်ကြတဲ့ သန်းနဲ့ချီတဲ့ လူထုက စားဝတ်နေရေးအတွက်သော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာကျဥ်းကြပ်မှုကနေ ထွက်ပေါက်ရှာကြရတာကြောင့်သော်လည်းကောင်း နိစ္စဓူဝ လုပ်ဆောင်မှုတွေထဲ လည်ပတ်ပါဝင်လာကြပါတယ်။
ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုကြောင့် ရပ်နားထားရတဲ့ အလုပ်တွေ ပြန်လည်ပတ်လာတဲ့အခါ ပါဝင် လုပ်ဆောင်ကြတာမျိုး သင်္ကြန်လို၊ လပြည့်လကွယ် အခါကြီးရက်ကြီးလို နေ့ရက်တွေမှာ သာမန်လူထုတွေ ပါဝင်ဆင်နွှဲကြတာ သွားလာကြတာတွေကို အချို့သော နွေဦးတော်လှန်ရေး ထောက်ခံသူတွေက အပြစ်တင်တာမျိုးတွေ ဆိုရှယ်မီဒီယာ ပေါ်မှာ တွေ့လာရပါတယ်။ ဒီနေ့လို ဝါဆိုလပြည့်နေ့ မှာ ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာ လူစည်ကားနေတာမျိုးကို အချို့က စစ်ကောင်စီရဲ့ ဝါဒဖြန့်ဖို့ အတွက်အထောက်အကူဖြစ်အောင် ကူညီသလိုဖြစ်စေတာကြောင့် ဘုရားသွားသူတွေကို အပြစ်တင်ကြတာမျိုးတွေ ဆိုရှယ်မီဒီယာတွေမှာ တွေ့လာရပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာလည်း စစ်ကောင်စီ ကမကထလုပ်တဲ့ မဏ္ဍပ်တွေမှာ မစည်ကားပေမယ့်လဘ်း ချောင်းသာ၊ ငွေဆောင်၊ ငပလီလို ကမ်းခြေတွေမှာ သွားရောက်လည်ပတ်ကြသူတွေ ရှိခဲ့ပြီး အဲလိုသွားရောက် အပန်းဖြေသူတွေကို ဆိုရှယ်မီဒီယာပေါ်မှာ အပြစ်တင်တာမျိုးတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဒီနေရာမှာ နွေဦးတော်လှန်ရေး ထောက်ခံသူ စည်းရုံးလှုံ့ဆော်သူတွေ အနေနဲ့ လူထုရဲ့ ပါဝင်ထောက်ခံမှုကို စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို နားလည်ပြီး နည်းလမ်းမှန်ကန်စွာ စည်းရုံးတတ်ဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က သင်္ကြန်၊ အသံတိတ်သပိတ်တို့လိုမျိုးတွေမှာ လူထုက အင်တိုက်အားတိုက်ပါဝင်ခဲ့တဲ့ သာဓကတွေရှိပါတယ်။ အခုလို တနှစ်ကျော်ကြာလာချိန်မှာ လူထုရဲ့ ကြံ့ကြံ့ခိုင်နိုင် ရှင်သန်နိုင်ဖို့အတွက် နေ့စဥ်ဘဝတွေမှာ အားလပ်ရက်တွေမှာ လည်ပတ်ဖို့ စိတ်ထွက်ပေါက်ရဖို့ လည်း လိုအပ်တာကို နားလည်ပေးဖို့ လိုပါတယ်။ လူတိုင်းက လက်နက်ကိုင်တိုက်ပွဲမှာ ပါဝင်နိုင်တဲ့ အခြေအနေမျိုး မဟုတ်တာလည်း သဘောပေါက်နားလည် ဖို့လိုအပ်သလို သူတို့ ပါဝင်နိုင်သလောက် အခန်းကဏ္ဍအသီးသီးကနေ ပါဝင်တာမျိုးအတွက် အသိအမှတ်ပြုဖို့လည်း လိုအပ်ပါတယ်။
အဲလို နားလည်မှုမျိုးမရှိခဲ့ရင် တော်လှန်ရေးကို ထောက်ခံသူတွေကို စည်းရုံးရေးအားနည်းချက်ကြောင့် ကြားလူ အဖြစ် သို့မဟုတ် ဆန့်ကျင်သူအဖြစ် တွန်းထုတ်သလို ဖြစ်စေနိုင်တဲ့ အခြေအနေမျိုးလည်းဖြစ်စေနိုင်တာ သတိပြုဖို့ လိုအပ်ပါတယ်။
နိုင်ငံရေး စိတ်ဓာတ် ပြင်းပြမှုရှိဖို့ လူတိုင်းကို ပါဝင်မှု၊ ပေးဆပ်မှု အဆင့်အတန်းတခုထည်း ညှိဖို့ မဖြစ်နိုင်တာကိုလည်း နားလည်ဖို့လိုပြီး လူထုစည်းရုံးရေး စွမ်းရည် တိုက်ပွဲရဲ့ ကာလရှည်ကြာလာသည်နဲ့အမျှ နည်းနာတွေ ပုံသဏ္ဌာန်တွေ ပြောင်းလဲလာတာကို နားလည်ပြီး စည်းရုံးသိမ်းသွင်းတတ်ဖို့ အရေးကြီးတာကို စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေဘက်က နားလည်ဖို့လိုအပ်ပါတယ်။ မိမိတို့ မလုပ်သည့်တိုင်ကြားက လော်ဘီလုပ်သူတွေရဲ့ အလွန်အကျွံလုပ်ရပ်တွေ ပြောဆိုမှုတွေရှိခဲ့ရင်လည်း ဝိုင်းပြီးထိန်းသိမ်းပြောဆိုကြဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar