ကိုသန်းလွင် - ရှင်ဇို အဘေး (၁၉၅၄-၂၀၂၂)
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၂၂
(၁)
ရှင်ဇိုအဘေးသည် ဂျပန်နိုင်ငံ၏သက်တမ်းအကြာရှည်ဆုံးဝန်ကြီးချုပ်လုပ်ခဲ့ပြီးစစ်အတွင်းကကျော်ကြားခဲ့သည့် စစ်ဗိုလ်ချုပ်များကိုသတိရစွာဖြင့် သူ၏နောက်ဆုံးပန်းတိုင်မှာဂျပန်နိုင်ငံကို အကြီးမားဆုံးစစ်အင်အားကြီး နိုင်ငံအဖြစ်တည်ထောင်ရန်ကြံရွယ်ခဲ့သူသည် အသက် ၆၇ နှစ်မှာ နာရာမြို့၌ သေနတ်ဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးခဲ့ပါသည်။
မစ္စတာအဘေးသည် မျိုးချစ်တယောက်ဖြစ်သည့်အပြင် သူ့အဖေကြီးမှာ စစ်အတွင်းကပြစ်မှုများကို ကျူး လွန်ခဲ့သည်ဟု စွတ်စွဲခံခဲ့ရသည်။ သူသည် သမိုင်းတွင်မည့် ၂၀၁၂ ခုနှစ်မှစ၍ ရှစ်နှစ်နီးပါးကြာအောင် ဂျပန်နိုင်ငံကို ဦးဆောင်ခဲ့ပါသည်။ ၎င်းမှာ ရှည်လျားလှသော သက်တမ်းဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဂျပန်နိုင်ငံတွင် ဝန်ကြီးချုပ်များသည် ရာထူးနေရာမှာမမြဲကြဘဲ အပြောင်းအလဲမြန်ဆန်သည့်အပြင် အဘေးကိုယ်တိုင်မှာ ပထမအကြိမ် ဝန်ကြီးချုပ်လုပ်စဉ်က (၂၀၀၆ -၂၀၀၇) ရာထူးနေရာမှာ တစ်နှစ်သာ နေခဲ့ရပါသည်။
(၂)
သူ ဝန်ကြီးချုပ်လုပ်စဉ်ကာလအတွင်း ရည်ရွယ်ချက် ၂ ခုကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ စစ်ပြီးသည့်နောက်ငြိမ်းချမ်းရေးလုပ်ငန်းများကိုသာဆောင်ရွက်ရခြင်းဖြင့် ဝန်ပိနေခြင်းကို လွတ်မြောက်စေခဲ့ခြင်းနှင့်စီးပွားရေးတွင် (Abe nomics) ပညာဟုခေါ်ရလောက်အောင် ထူးခြားသောစီးပွားရေးစနစ်ကို ထူထောင်နိုင် ခဲ့ခြင်းဖြစ်ပါသည်။
၂၀၂၀ ခု သြဂုတ်လတွင် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၈ နှစ်ကြာစံချိန်တင်ခဲ့ပြီး ကျန်းမာရေးအခြေ အနေအရ အနားယူတော့မည်ဟု ကြေညာခဲ့ပါသည်။ မစ္စတာအဘေး နာရာမြို့တွင် တနင်္ဂနွေနေ့၌ ကျင်းပမည့် ရွေ းကောက်ပွဲအတွက် မဲဆွယ်နေစဉ် သေနတ်ဖြင့် အပြစ်ခံခဲ့ရခြင်းဖြစ်ပါသည်။ ဂျပန်ရဲတို့က အသက် ၄၁ နှစ် အရွယ်ရှိ ယာမာဂါမိ (Tetsuya Yamagami) ကို ဤလုပ်ကြံမှုအတွက် ဖမ်းဆီးခဲ့ပါသည်။
သူ၏ဝန်ကြီးချုပ်အဖြစ် အအောင်မြင်ဆုံးအလုပ်မှာ ၂၀၁၅ ခုနှစ်တွင် တင်သွင်းခဲ့သော ဥပဒေပြင်ဆင်ချက် ဖြစ်ပါသည်။ နိုင်ငံခြားတွင် ဂျပန်တပ်များသည် မိမိတို့ဘက်တော်သားများနှင့်အတူ စစ်ဆင်ရေးလုပ်ဆောင်နိုင် သည်ဟူသော အခွင့်အရေးဖြစ်ပါသည်။ မိမိကိုယ်ကို မိမိလုံခြုံမှုအတွက် စစ်တိုက်နိုင်သည်ဟု ဆိုလိုပါသည်။ ထိုစဉ်က လူထု၏ဆန့်ကျင်မှုနှင့် အတိုက်အခံနိုင်ငံရေးသမားတို့၏ ကန့်ကွက်မှုကို ခံခဲ့ရပါသည်။
သို့သော် သူသည် အမေရိကန်တို့က ဒုတိယကမ္ဘာစစ်အပြီးတွင် ဂျပန်တို့အတွက်ရေးဆွဲခဲ့သော စစ်အင်အားများကို ပိုမိုအင်အားရှိအောင် ဆောင်ရွက်နိုင်သောကိစ္စကိုမူ မပြင်နိုင်ခဲ့ပါ။ ဂျပန်စစ်တပ်ကို အင်အားမတိုးချဲ့ နိုင်အောင်ကာကွယ်ထားသည့် အခြေခံဥပဒေပင်ဖြစ်ပါသည်။
စီးပွားရေးကဏ္ဍတွင် အတင်းအကြပ်ပြုလုပ်ခြင်း (Shock Therapy) အတွက် အဖိုးမတန်သော ငွေများ (Cheap Cash) ကိစ္စ၊ အစိုးရ၏ (stimulus project) အတွက်ငွေသုံးစွဲခြင်းများ၊ ကော်ပိုရေးရှင်းများ၏စည်းကမ်းများကိုဖြေလျော့ပေးခြင်းတို့ ကိုဆောင်ရွက်ခဲ့ပါသည်။ သူ၏ပထမဝန်ကြီးချုပ်သက်တမ်းအတွင်းမှာပင် စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်လာစေကာ အခက်အခဲပေါင်းစုံအတွင်းမှရုန်းထွက်လာစေခဲ့ပြီး မစ္စတာအဘေးကိုနိုင်ငံတကာမှ သတိပြုမိလာစေခဲ့ပါသည်။ သူ၏စီးပွားရေးဆိုင်ရာမှုဝါဒများတွင်အရေးကြီးသော အချက်တခုမှာ မိန်းကလေးများ၏အခန်းကဏ္ဍ ဖြစ်ပါသည်။ သူသည် ဂျပန်နိုင်ငံ၏ တဖြည်းဖြည်း အိုလာနေသောသူထုကို အစားထိုးနိုင်ရန် မိန်းကလေးများ၏ အင်အား (Work Force) အနေဖြင့်ပါဝင်လာအောင် ကြိုးပမ်းခဲ့ပါသည်။
နိုင်ငံတကာမျက်နှာတွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် တည့်အောင်ပေါင်းသင်းနိုင်သည့် ခေါင်းဆောင်များထဲတွင် တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါသည်။ အမြဲထာဝရ နီးစပ်ပြီး ရင်းနှီးသော ခင်မင်မှုရှိခဲ့ပါသည်။ သူသည်သမ္မတကို နှစ်ကြိမ် ဖိတ်ခေါ်ခဲ့ပြီး အင်ပိုင်ယာအသစ် နာရူဟီတို (Naruhito) နှင့် တွေ့ဆုံစေခဲ့ပါသည်။
မစ္စတာ အဘေးမှာ သမ္မတ အိုဘားမား ဟီရိုးရှိမားမြို့ သို့လာရောက်စဉ်ကလည်း ကြိုဆိုသည့်ခေါင်း ဆောင်ဖြစ်ခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးသွားအောင်ချခဲ့သည့် ဗုံးနှစ်လုံးအနက်မှ ပထမဆုံးဗုံးကျရာမြို့ဖြစ် ပါသည်။ ထို့အပြင် တရုတ်တို့နှင့်ရင်းနှီးမှုမှာ သွေးအေးနေခဲ့ရာမှ ပိုမိုရင်းနှီးလာစေခဲ့ပါသည်။ တရုတ်နိုင်ငံသို့ ၇ နှစ်အတွင်း ပထမဆုံးလည်ပတ်သည့် ဝန်ကြီးချုပ်အဖြစ် ၂၀၁၈ ခုနှစ်အတွင်း တရုတ်သမ္မတ ရှီကျင်ဖျင့်နှင့် တွေ့ဆုံခဲ့ပါသည်။
အမေရိကန်တို့က ပစိဖိတ်နိုင်ငံများနှင့် ချုပ်ဆိုသည့် ကုန်သွယ်ရေးစာချုပ်မှ ထွက်ခွာသွားချိန်တွင် ကျန်နိုင်ငံများကိုအမေရိကန်မပါဘဲ ၂၀၁၈ခုနှစ်တွင်ပေါင်းစည်းထားနိုင်ခဲ့ပါသည်။ သူသည်ရုရှားသမ္မတ ဗလာဒီမီယာပူတင်နှင့် အကြိမ် ဒါဇင်ပေါင်းများစွာတွေ့ဆုံခဲ့ပြီး ဂျပန်နိုင်ငံမြောက်ပိုင်းမှ အငြင်းပွားနေသည့် ကျွန်း ၄ ကျွန်းကို ဆို ဗီယက်တို့ ကသိမ်းပိုက်ခြင်းကိစ္စကိုဆွေးနွေးခဲ့ပါသည်။ အောင်မြင်မှု မရရှိခဲ့ပါ။
သူသည် ကမ္ဘာအနှံ့ သံတမန်ရေးရာနှင့် ကုန်သွယ်ရေးရာ ကိစ္စများကို ဆောင်ရွက်နေစဉ်မှာလည်း ဂျပန်နိုင်ငံ၏ ပြည်တွင်းရေး ကိစ္စများကို မေ့မထားခဲ့ပါ။ ၂၀၂၂ ခုနှစ်တွင် ရာထူးရပြီး မကြာမီမှာပင် ရာဆူကူနီ (Yasukuni) ဗိမာန်သို့သွားရောက်ခဲ့ရာ ၎င်းဗိမာန်မှာ စစ်အတွင်း ကျဆုံးခဲ့သူများ၊ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သူများအပါ အဝင်ကို မြှုပ်နှံထားရာနေရာဖြစ်ပါသည်။ နောက်ပိုင်းတွင် ထိုဗိမာန်သို့ သွားရောက်ခြင်းမရှိတော့သော်လည်း စစ်အတွင်းက ဂျပန်တို့၏အပြုအမှုနှင့်ပတ်သက်၍ တောင်းပန်ရန် ပျက်ကွက်ခဲ့ပါသည်။ ထို့ကြောင့် တောင်ကိုရီးယားနှင့် တရုတ်ပြည်တို့က ယနေ့အချိန်ထိ ကျေနပ်ခြင်းမရှိကြပါ။
သူဝန်ကြီးချုပ်လုပ်နေသည့် ကာလအတွင်းမှာပင် တောင်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေးမှာ အဆိုးရွားဆုံးအခြေအနေသို့ရောက်ရှိခဲ့သည်။ ကိုလိုနီနယ်ချဲ့ဝါဒအရ သိမ်းပိုက်ခဲ့သည်ကို ဂျပန်တို့ကနောင်တရရှိခြင်းမရှိ သည့်ကိစ္စကို တောင်ကိုရီးယားတို့က မကျေနပ်ကြ။ သူက ၂၀၁၅ ခုနှစ်တွင်အမေရိကန်အောက်နှင့် အထက် လွှတ်တော် နှစ်ရပ်လုံးကိုစကားပြောကြားခဲ့ရာ ဂျပန်တို့၏ စစ်အတွင်း အပြုအမူများနှင့်ပတ်သတ်၍ မှားယွင်း ကြောင်းပြောကြားသော်လည်း ၎င်းတို့အတွက် တောင်းပန်ရန် ပျက်ကွက်ခဲ့ပြန်သည်။
ရှင်ဇိုအဘေး ကို ၁၉၅၄ ခု စက်တင်ဘာလ ၂၁ ရက်နေ့တွင် တိုကျိုမြို့၌မွေးဖွားခဲ့ပါသည်။ မိခင်ဘက်မှ အဖေကြီးလုပ်သူမှာ စစ်အတွင်းက ပြစ်မှုများကိုကျူးလွန်ခဲ့သူ ကီရှီ (Nobosuke Kishi) ဖြစ်ပါသည်။ ပြစ်ဒဏ် အတွက် အပြစ်ပေးမခံရဘဲ အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ပါသည်။ သူသည် ၁၉၅၇ ခုမှ ၁၉၆၀ အထိ ဂျပန်နိုင်ငံဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန်တို့ဆွဲသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဆန့် ကျင်ခဲ့ပါသည်။ နောင်သောအခါ သူ့မြေးဖြစ်သူ အဘေးက ထိုဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ရန်ကြိုးစားခဲ့ပါသည်။
အဘေး၏ဖခင်မှာ နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့ပြီး လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ ထင်ရှားသောခေါင်းဆောင်တစ်ယောက်ဖြစ်ပါသည်။ ထိုပါတီသည် စစ်ပြီးခေတ် ဂျပန်ပြည်ကို ၄ နှစ်မှလွဲ၍ တချိန်လုံးအုပ်ချုပ်ခဲ့ပါသည်။ အဘေးသည် နိုင်ငံရေးပညာကို ဆီကိုင်း (Seikei) တက္က သိုလ်မှတတ်မြောက်ခါ ကာလီဖိုးနီးယားတက္ကသိုလ်တွင် တစ်နှစ်မျှ (Political Science) ဘာသာကိုသင်ယူခဲ့ပါသည်။ ကိုဘီး စတီးလ် (Kobe Steel) တွင်ခေတ္တမျှအလုပ်ဝင်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ဖခင်ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး၏အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သူသည် ၁၉၈၇ ခုနှစ်တွင်ဂျပန်နိုင်ငံ၏အကြီးဆုံးမုန့်ဆိုင်၏ပိုင်ရှင်၏သမီးဖြစ်သူမတ်ဆူဇာကီ (Akie Matsuzaki) နှင့် လက်ထပ်ခဲ့ပြီး သားသမီး မထွန်းကားခဲ့ပေ။
၁၉၉၁ ခုနှစ်တွင် သူ့ဖခင်ကွယ်လွန်သောအခါ အနောက်တောင်ဘက်မှ ရာမာဂူချီ (Yamaguchi) နယ်တွင် သူ့ဖခင်၏နေရာ၌ အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ သူသည် ၂၀၀၆ ခုနှစ်တွင် ပါတီ၏ခေါင်းဆောင်ဖြစ်လာခဲ့ပြီး ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ စစ်ပြီးမှ မွေးဖွားသူများထဲမှ ဂျပန်နိုင်ငံကိုဦးဆောင်နိုင်သူဖြစ်လာပါသည်။
(၃)
သူသည်အမေရိကန်စစ်သားများပြည်တွင်း၌ရှိနေခြင်းနှင့် မိမိလုံခြုံရေးကိုအမေရိကန်တို့က အာမခံထားခြင်းကိုမနှစ်သက်ခဲ့ပေ။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်နိုင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ပါသည်။ ထို အကြောင်းကိုသိထားကြသော ဂျပန်လူထုနှင့် ဘေးပရိတ်သတ်က အားမပေးခဲ့ကြပေ။ သမိုင်းကိုသင်ခန်းစာယူရန်ကိုသာ သတိပေးကြသည်။ သမိုင်းကပေးသော သင်ခန်းစာကို မယူလိုသော အဘေးက လက်မခံခဲ့ပေ။ ယခု အဘေး မရှိတော့သောအချိန်တွင် ဂျပန်တို့က ယခင်အတိုင်းသာ ဆက်လက်ချီတက်ကြပါလိမ့်ဦးမည်။
ကိုသန်းလွင်
Ref: Japan’s Longest serving prime minister, By Motoro Rich N.Y. Times July 10 2022.
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar