Breaking News

နေသွင်ညိဏ်း - 'အောင်ဆန်းတို့အမေ' သို့မဟုတ် နာမည် မရှိတဲ့ နှင်းဆီတွေ(ခေတ်အဆက်ဆက်အာဇာနည်များ​၏ အမေများသို့ )

Image- Crd
'အောင်ဆန်းတို့အမေ' သို့မဟုတ် နာမည် မရှိတဲ့ နှင်းဆီတွေ
နေသွင်ညိဏ်း
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၂၂

ကျနော်ငယ်ငယ်က အမေပြောပြတဲ့ ပုံပြင်တွေထဲမှာ အညာသူမကြီး ဒေါ်စု အကြောင်းလည်း ပါတယ်။ သား ၂ ယောက်ကို တပြိုင်တည်း စွန့် လိုက်ရပေမယ့် မျက်ရည် မကျတဲ့ အကြောင်း။ အာဂ မိခင် ပဲ ဆိုတဲ့ သဘော နဲ့ပြောပြတယ်။ ကျနော် က သိပ်နားမလည်သေး။ 
ကျနော် ကြီးလာတဲ့ အခါ အောင်ဆန်းတို့ အမေ အကြောင်း ဖတ်ရတဲ့ အခါမှ ကျနော့် အတွက် အံဩရတာတွေ အများကြီး တွေ့ရတော့တယ်။  အောင်ဆန်း ဆိုတာ ဒါကြောင့် ဖြစ်လာတာပဲလို့ ကျေနပ်သွားတယ်။ 
ဦးအောင်သန်း ရေးတဲ့ အောင်ဆန်းတို့ အမေ ဒေါ်စု အကြောင်းမှာ 'လက်ရုံးရည် ၊ နှလုံးရည် တရားမျှတစိတ် သတ္တိ ဗျတ္တိ သီလ သမာဓိ' အားလုံးကိုတွေ့နိုင်ပါတယ်။
ကျနော် အကြိုက်ဆုံး ဇာတ်လမ်းကတော့ နတ်မောက်ကနေ မကွေးမှာ ဆီ သွားရောင်းတဲ့ အဖြစ်အပျက်ပါပဲ။ နတ်မောက်ကနေ မကွေး အထိ နွားလှည်းနဲ့နှစ်ညအိပ် သွားခဲ့ရပေမယ့် ဟိုမှာ ကုန်သည်တွေက စျေးနှိမ်ဝယ်တဲ့အခါ ဒေါ်စုက အလျော့ပေး မရောင်းဘဲ ဆီအားလုံး နတ်မောက်ပြန်သယ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ အာဂ သတ္တိပါပေ။
ဒီခရီးမှာ မောင်အောင်ဆန်းလည်း ပါသွားခဲ့ပါတယ်။ ဒီ အဖြစ်အပျက်ဟာ ဘာမှ မဟုတ်ဘူးလို့ ထင်ရပေမယ့် မတရားလုပ်ရင် မခံတဲ့ ဒေါ်စုရဲ့မာန ကို ပြနေပါတယ်။
မြန်မာပြည် လွတ်လပ်ရေးသမိုင်းမှာ ကိုအောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း ဦးအောင်ဆန်း လုပ်သမျှမှာ မိခင်ကြီး ဒေါ်စုရဲ့မာနမျိုးကို တွေ့နိုင်ပါတယ်။
အောင်ဆန်း ဆိုတဲ့ ဧရာမ ပုဂ္ဂိုလ်အကြောင်း ပြောတဲ့အခါ ဒေါ်စု လို ဧရာမ အမေကိုလည်း ချန်ထားလို့ မရပါဘူး။
ဇာတ်လမ်းက ဒီမှာ မဆုံးသေးပါဘူး။ ၂၀၁၅ တဝိုက်မှာ ဒေါ်အောင်ဆန်းစုကြည်က ' နှင်းဆီကို တခြား အမည်ပေးလည်းမွှေးမှာပါပဲ' လို့ ပြောခဲ့ပါတယ်။ 
 ရှိတ်စပီးယားရဲ့စကားအလင်္ကာမို့ အနောက်တိုင်းသားတွေ နားလည်တဲ့ ဘာသာစကားပါ။ ဒါပေမယ့် ဒါဟာ အဘွား ဖြစ်တဲ့ ဒေါ်စုရဲ့လက်သုံး ဘဝ အဘိဓမ္မာတခုပါပဲ။
​အညာသူ မိခင်ကြီး ဒေါ်စုကတော့ ရှိတ်စပီးယားကို ဘယ်ကြားဖူးပါ့မလဲ။ ဒါပေမယ့် ဘုရားဟော ပညက်နဲ့ ပရမတ် ကို သဘောပေါက်ရုံမက လက်တွေ့ကျင့်သုံးသူ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျနော် အဓိက ပြောချင်တာက လူတွေ အကြောင်းမဟုတ်ပါဘူး။ value တန်ဖိုးထားမှု အကြောင်းပါပဲ။ 
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကျနော်တို့ ဘာလို့ ပြောနေရလဲ။ သူ့ရဲ့တန်ဖိုးထားမှုဟာ လူတိုင်း လိုက်မမီနိုင်လို့ပါပဲ။ ဒီတန်ဖိုးတွေကို မိခင် ဒေါ်စု ဆီက ရခဲ့တာပါလို့ ကျနော်ပြောချင်တာပါ။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့'နှင်းဆီကို ဘယ်လိုအမည်ပေးပေး' အယူအဆကလည်း အဘွားဆီက လာတာပါလို့ ကျနော် ယူဆချင်ပါတယ်။ လှတယ်လေ။ 
တကယ်တော့  ဒေါ်စုလိုပဲ အာဇာနည်တွေမိခင်တွေဆိုတာ နာမည်ပေးမထားတဲ့ မိခင်နှင်းဆီတွေပါပဲ။ အာဇာနည်တွေရဲ့တန်ဖိုးထားမှု ကိုယ်ကျိုးစွန့်မှုတွေဟာ သူတို့ မိခင်တွေရဲ့အ​မွေလို့ကျနော် ယုံကြည်နေပါတယ်။

(ခေတ်အဆက်ဆက်အာဇာနည်များ​၏ အမေများသို့ )
နေသွင်ညိဏ်း
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar