Breaking News

နိုင်မွန်အောင်သွင် - ကိုအိမ်ချစ်

ကိုအိမ်ချစ် 
နိုင်မွန်အောင်သွင် 
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၂၂

လမ်းတွေဘယ်လိုကောက်ကွေ့
အိမ်ဆီကိုတော့ဖြောင့်နေတာပဲ။
နတ်တွေဝှက်ထားလို့မရတဲ့ပင်လယ်။
စကြဝဠာထဲ
ငါဟာ မမြင်တွေ့နိုင်လောက်တဲ့အစက်ကလေး။
အဲဒီအစက်ကလေးကိုပဲ
ရက်ရက်စက်စက်လွမ်းနေကြတဲ့သူတွေရှိရာ
ငါတို့အိမ်။
ငါပြန်ခဲ့မယ်။
နှစ်သန်းတစ်ထောင်ကြာလည်း
ငါပြန်လာခဲ့ပါမယ်။
စကြဝဠာကြီးထဲ
နောက်ထပ်စကြဝဠာအသစ်တွေ
ဘယ်လောက်ပဲရှိရှိ။
တံခါးခေါက်သံကို သယ်ဆောင်လာသူ လေညင်းလေး
လေလွင့်နေတဲ့နှလုံးသားကို ပခုံးဖက်ခေါ်လာခဲ့ပေးပါ။
ငါဟာ ပင်လယ်။
ငါဟာ မမြင်တွေ့နိုင်လောက်အောင်သေးငယ်လှတဲ့အစက်ကလေး။
ငါဟာ နှစ်သန်းပေါင်းတစ်ထောင်။
ငါဟာ
တံခါးခေါက်သံကိုသယ်ဆောင်လာသူ ‌လေညှင်းလေး။
နတ်ဆိုးမိစ္ဆာတို့အက်ကွဲပြိုကျကျချင်း
အိမ်လှေခါးရင်းမှာ ရောက်နေနှင့်ပြီးသားဖြစ်စေရမယ်။
ငါဟာ 
အရင်ဆယ်ဘဝဆယ်ကမ္ဘာကတည်းက
ထာဝရကိုအိမ်ချစ်။

၁၂.၇.၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar