Breaking News

ကိုအောင်မှိုင်း - ဒီနေ့ဟာ သမိုင်းဝင်နေ့တနေ့ပဲဟေ့



ကိုအောင်မှိုင်း - ဒီနေ့ဟာ သမိုင်းဝင်နေ့တနေ့ပဲဟေ့ 

(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၂၂

ကောင်းကင်ကြီးလဲရဲ
ပင်လယ်ပြင်ကြီးလဲရဲ
တောတောင်တခုလုံးလဲရဲ
ကမ္ဘာတခွင်လုံးရဲရဲနီသွားခဲ့တယ်။

အနာဂတ်ကိုယုံကြည်လို့
ပြည်သူတွေကိုယုံကြည်လို့
ချစ်ခြင်းမေတ္တာကိုယုံကြည်လို့
ကြိုးစင်ပေါ်ကိုဖြတ်ပြီး
သူရဲကောင်းတွေ အသက်စွန့်သွားကြတယ်။

ကြိုးစင်ဆိုတာ
သူရဲကောင်းတွေကို
သိဒ္ဓိတင်တဲ့နေရာဘဲ။

ကြိုးစင်ဆိုတာ
အဖိနှိပ်ခံတွေအတွက်
လွတ်လပ်ရေးမုဒ်ဦးပဲ။

ကြိုးစင်ဆိုတာ
လူထုတိုက်ပွဲတွေရဲ့
ရှေ့တန်းစစ်မျက်နှာပဲ။

ကြိုးစင်ဆိုတာ
ရဲရင့်တဲ့နှစ်လုံးသားတွေရဲ့
ယှဥ်ပြိုင်တိုက်ခိုက်ခြင်းပဲ။

မြင့်မြတ်ခြင်းတန်ဘိုးကို
ကြိုးစင်ပေါ်မှာ
ငါတို့ ရှာဖွေကြမယ်။

ကြိုးစင်ပေါ်ကို
အလံနီတွေအုပ်ပြီး
ကျဆုံးသွားသူတွေကို ဦးညွှတ်မယ်။

ယုတ်မာကောက်ကျစ်တဲ့
သူရဲဘောကြောင်သူ
စစ်ခွေးတစုအတွက်
မြို့တော်ခမ်းမရှေ့မှာ
ကြိုးစင်အသစ်တခုဆောက်မယ်။

လူထုရှေ့မှောက်မှာ
တရားစီရင်မယ်
အဆုံးသတ်မယ်
တိုက်ရဲတာဟာ
အောင်ပွဲဆိုတဲ့တရားကို
သက်သေပြကြမယ်။

ကျဆင်းနေတဲ့
မျက်ရည်နီတွေမှာ
သွေးတွေနဲ့လိမ်းကျံနေတယ်

ပန်းပွင့်တွေကြွေသလို
ဘယ်တော့မှ နွမ်းရစ်မှာမဟုတ်ဘူး။

ဆလိုင်းတင်မောင်ဦးဟာ
သူရဲကောင်း အာဇာနည်ဖြစ်တယ်။

ကိုဂျင်မီဟာ
သူရဲကောင်း အာဇာနည်ဖြစ်တယ်။

ကိုဖြိုးဇေယျာသော်ဟာ
သူရဲကောင်း အာဇာနည်ဖြစ်တယ်။

ကိုအောင်သူရဇော်ဟာ
သူရဲကောင်း အာဇာနည်ဖြစ်တယ်။

ကိုလှမျိူးအောင်ဟာ
သူရဲကောင်း အာဇာနည်ဖြစ်တယ်။

ဒီနေ့ဟာ သမိုင်းဝင်နေ့တနေ့ပဲဟေ့။

ကိုအောင်မှိုင်း
ဂျူလိုင် ၂၅ရက် ၂၀၂၂ခုနှစ်။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar