Breaking News

ဇာနီကြီး - ဥကရစ်ထစခန်း တိုက်ပွဲနှင့် အီသီယိုပီးယား၊ ပြည်သူ့စစ်မဟာဗျူဟာအောင်မြင်ရေး သွေးခွဲမှုမဖြစ်ရေး


ဇာနီကြီး - ဥကရစ်ထစခန်း တိုက်ပွဲနှင့် အီသီယိုပီးယား၊ ပြည်သူ့စစ်မဟာဗျူဟာအောင်မြင်ရေး သွေးခွဲမှုမဖြစ်ရေး

(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၂၂


​ဂျပန်တော်လှန်ရေးစစ်ပွဲမှာ အထက်ဗမာနိုင်ငံ ဗိုလ်မှူးကြီးဗထူးနဲ့တပ်များက ငြိမ်နေလို့မဖြစ်တော့ဘူးဆိုပြီး ဗိုလ်ချုပ်အောင်ဆန်း လက်အောက် မှခွဲထွက်ကြောင်း ကြေညာကာ ဂျပန်ကို တိုက်ခိုက်လေတော့သည်။ အောက်မြန်မာနိုင်ငံ ရှိ BIA ဗမာ့လွတ်မြောက်ရေးတပ်မတော်က ဂျပန်များနှင့်အတူ ရန်ကုန်မြို့ ၌ ရှိနေသည်။ ဗိုလ်မှုးကြီးဗထူးနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့မှာ အခြေအနေအရ သွေးကွဲသွားသလို ဟန်ဆောင်ရသော်လည်း သွေးကွဲမှု မဖြစ်ပါ။ တိတ်ဆိတ်စွာ လျှို့ဝှက်စွာ ဆက်သွယ်ပြီး နောက်တနှစ် ၁၉၄၅ မတ်လ ၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် BIA တပ်ကြီး ဂျပန်စစ်တပ်ကို တော်လှန်သည်။ ဂျပန်စစ်တပ်ကြီး ရန်ကုန်မြို့ တွင် ခံစစ် စစ်ပွဲကြီး မဆင်နွှဲတော့ပဲ ထိုင်းနိုင်ငံသို့ ဆုတ်ခွာထွက်ပြေးသွားပါသည်။ 

တော်လှန်ရေးတွင် ပီဒီအက်ဖ် နှင့် တိုင်းရင်းသားတပ်ပေါင်းစု၏ အားသာချက်ကြီးမှာ

...ပြည်သူလူထုက အပြည့်ဝထောက်ခံခြင်း

...စိတ်ဓာတ်အင်အားကောင်းခြင်း

... နိုင်ငံတကာမှ (ကုလသမဂ္ဂ) ထောက်ခံမှု

...အိမ်နီးခြင်းနိုင်ငံများ (အာစီယံ) ၏ထောက်ခံမှု

...သွေးခွဲခံရလျှင် မျက်နှာချင်းဆိုင်ဖြေရှင်းနိုင်မှု

စသည့် အားသာချက်များစွာ ရှိသောကြောင့် တနှစ်အတွင်း အပ်တိုတချောင်းမရှိသော ပြည်သူများနဲ့ တော်လှန် ရေးသမားများက လူအင်အား တသိန်းကျော်အထိ လက်နက်တပ်ဆင်လာနိုင်သည်။ အများစုမှာ ကျပ်တသိန်းကျော်တန်သော လက်လုပ်သေနတ်များ ဖြစ်သည်။ 

 အင်အားကြီးရန်သူ၏ အားသာချက်များမှာ

...မြို့ကြီးအားလုံးကို အုပ်စီးထားနိုင်ခြင်း 

...လေကြောင်းအင်အား၊ လက်နက်ကြီးအင်အား ၊ ကြေးစားစစ်သည်အင်အား၊ ငွေကြေးအင်အား စသဖြင့် အင်အားများစွာ ရှိခြင်း

...စစ်တပ်ပိုင် မြဝတီနှင့် အာဏာသိမ်းစစ်ကောင်စီ၏ စေခိုင်းရာလိုက်နေရသော MRTV တီဗီ၊ အသံလွှင့်ဌာန၊ မိုဘိုင်းဖုန်းဆက်သွယ်ရေး၊ အင်တာနက် (ဝိုင်ဖိုင်၊ ဒေတာ) စသည့် မီဒီယာကိုလည်း ချုပ်ကိုင်ထားသည်။ မြို့ပြ ၃၀ ရာနှုန်းနှင့် ကျေးလက် ၇၀ ရာနှုန်း ရှိသော မြန်မာ့လူဦးရေသန်း ၅၀ မှာ စစ်ကောင်စီ ထိန်းချုပ်ထားသော MRTV နှင့် မြန်မာ့အသံ ဝါဒဖြန့်ခံထားရသည်။ အင်တာနက် ဖေ့ဘုတ်တွင် တော်လှန်ရေးသမားများက အပြတ် အသတ် အားသာသော်လည်း ဒေတာစျေး ၂ ဆတင်ခြင်း၊ VPN ထိန်းချုပ်ခြင်း၊ ကြားဖြတ်နားထောင်သည့် Spyware တခု နှစ်ခုတပ်ဆင်ပြခြင်းတို့ဖြင့် တော်လှန်ရေးသမားများကို ခြိမ်ခြောက်၊ ကြောက်လန့်အောင် လုပ်နိုင်နေဆဲ ဖြစ်ပါသည်။ 

ဝါဒဖြန့်အကောင်းဆုံး နည်းလမ်းမှာ လူအချင်းချင်း တဆင့်စကား အားတက်စေသော သတင်းမှန် လွှင့်တင်ခြင်းဖြစ်သည်။ ပုဂ္ဂိုလ်ရေး သြဇာရှိသူများ ပြောကြားချက်များကို မီဒီယာတွင် လွှင့်နိုင်ဖို့ အလွန်အရေးကြီးပါသည်။ 

အသံဖိုင်အမိန့်ပေးစနစ်

စစ်ကောင်စီက စစ်ပွဲတွင် သူတို့၏အခိုင်အမာ ဝိုင်ယာလက်စက်အင်အား ကောင်းသည်။ Zoom နှင့် မက်ဆင်ဂျာ Voice message များကို စစ်ကောင်စီတပ်မှူးများမှ စစ်သားများအထိ ကောင်းစွာအသုံးချသင်တန်းပေးနိုင်သည့်အပြင် အောက်ခြေ ရာအိမ်မှူး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးအထိ ကောင်းကောင်းသုံးနိုင်သည်။ ဥပမာ မက်ဆင်ဂျာ Voice Message အမိန့်ပေးစနစ်ကို ထိရောက်စွာသုံးနိုင်သည်။ အသံဖိုင်အမိန့် ကို ၃ ခါ သေချာစွာ အလွတ်ရအောင် နားထောင်ပြီး ဖျက်ပစ်ခိုင်းသည်။ 

စစ်ကောင်စီတပ်များသည် တိုတောင်းပြတ်သားသော အမိန့်များ၊ တနေ့တာ နေ့ဝက်တာ စာဝှက်များ ထုတ်ပေးထားခြင်းဖြင့် သူတို့အမိန့်ပေးစနစ်သည် အားကောင်းနေဆဲ ဖြစ်သည်။ 

အထူးသဖြင့် စစ်ကောင်စီက လစာစရိတ်လုပ်ပိုင်ခွင့်ပေးထားသောကြောင့် သူတို့ဘဝလုံခြုံသည့် စစ်တပ်အတွင်း ကုပ်နေကြသည်။ လေကြောင်းနှင့် လက်နက်ကြီးအကူ ပါမှ မြို့ပြင်၊ စခန်းအပြင် ထွက်ရဲကြသည်။ 

အင်ယူဂျီနှင့် တိုင်းရင်သားတပ်ပေါင်းစု အမိန်ပေးစနစ်မှာ အလွန်အားနည်းလှသည်။ တဖြည်းဖြည်း ပီဒီအက်များ အမိန့်ပေးစနစ်ကောင်းလာပြီ ဖြစ်သည်။ 

*****************

ဥကရစ်ထ ထိုင်းနယ်စပ် အရေးပါစခန်း တိုက်ပွဲသင်ခန်းစာ

(ဧရာဝတီသတင်းဆောင်းပါး) 

နိုင်ငံရေးလေ့လာသူတဦးက “အဓိကမြင်ရတာတော့ စစ်ဗျူဟာပြဿနာပဲ။ အဲဒီပွဲမှာ အစိုးရတပ်က သုံးသွားတဲ့ စစ်ဗျူဟာက စခန်းကုန်းကို ဆုတ်ပေးလိုက်ပြီးတော့ အပေါ်က ပွိုင့်ကုန်းမှာ သွားပေါင်းလိုက်တယ်။ အဲဒီလို စခန်းကုန်းကို ဆုတ်ပြီးတော့ KNU တပ်တွေ တက်လာတဲ့အချိန်မှာ အဲဒီစခန်းကုန်းကို လက်နက်ကြီးနဲ့ ထုတယ်။ လေကြောင်းနဲ့ ပြန်ပစ်တယ်။ အသည်းအသန် ပစ်ပြီးတဲ့အခါမှာ အဲဒီစခန်းကုန်းကို ပြန်သိမ်းလိုက်တော့ ခုနက လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူ တော်တော်ပစ်တဲ့အချိန်မှာ စခန်းကုန်းရဲ့အစိတ်အပိုင်း တော် တော်များများကို သိမ်းလိုက်တဲ့ KNU က ပြန်ဆုတ်လိုက်ရတယ်” ဟု မှတ်ချက်ပေးသည်။

လက်ရှိအခြေအနေတွင် ဥကရစ်ထစခန်းတခုလုံးသည် မဟာမိတ်တပ်များ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားပြီဖြစ်ပြီး ခြံစည်းရိုးများ ပွင့်ထွက်နေသလို အဆောက်အဦအများစု ပျက်စီးနေပြီး အချို့မှာ ပြာကျသည်အထိတွေ့ရသည်။

ဥကရစ်ထ စခန်းကို အင်အားဖြည့်တင်းရန် တက်လာသည့် စစ်ကြောင်းများသည်လည်း လမ်းခရီးတွင်ပင် အထူးကွန်မန်ဒိုတပ်ရင်းများ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် နေ့စဉ် သေဆုံးနေကြရသလို လက်နက်များလည်း အများအပြားဆုံးရှုံးနေလျက်ရှိသည်။

ထို့အတူ မကြာခင်ရက်ပိုင်းကပင် စစ်အင်အားလာဖြည့်သည့် တပ်မ ၄၄ လက်အောက်ခံ တပ်ဖွဲ့ဝင်အချို့သည် KNLA လက်အောက်သို့ ထွက်ပြေးခိုလှုံလိုက်ကြသည်ကို တွေ့ရသည်။ ၎င်းတို့၏ ပြောပြချက်အရ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အသေအပျောက်များပြီး ဒဏ်ရာရသူ များပြားနေကြောင်း၊ တပ်ထဲတွင် အရာရှိများနှင့် စစ်သည်များ စိတ်ဓာတ်ကျနေကြောင်း ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောပြသည်။

KNU တပ်မဟာ ၆ အထူးကွန်မန်ဒိုတပ် အရာရှိတဦးကတော့ ဥကရစ်ထ စခန်းနှင့်ပတ်သက်ပြီး “ငါတို့ နောက် ဆုတ်လိုက်တာ မဟုတ်ဘူး။ အခုလည်း ဒီကောင်တွေ ခေါင်းထောင်ပြီး လမ်းလျှောက်ရဲသလား မေးကြည့်ပါဦး။ အားလုံးကို ငါတို့ ချိန်ထားတယ်။ အခုဒီစခန်းဟာ သူတို့အတွက် သေမင်းတမန်စခန်းပဲ။ အချိန်တန်ရင် ခင်ဗျားတို့လည်း သတင်းကောင်းကြားရလိမ့်မယ်”ဟု ပြောသည်။

*****************

အထက်ပါသတင်းကို အနှစ်ချုပ်ပါက ဆက်သွယ်ရေးစနစ်အားနည်းသော တပ်ပေါင်းစုများသည် လူအင်အားများသော်လည်း လေကြောင်းနှင့်လက်နက်ကြီးအင်အား မယှဥ်နိုင်သဖြင့် သိမ်းပိုက်ပြီးသော ဥကရစ်ထစခန်းကို လက်လွှတ်လိုက်ရပါသည်။ 

အလားတူ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ချင်းပြည်နယ် မင်းတပ်၊ ထန်တလန် စသည့်မြို့များလည်း သိမ်းပိုက်ပြီးမှ လက်လွှတ်လိုက်ရပါသည်။ 

*****************

အီသီယိုပီးယား တော်လှန်ရေးတပ်များ မြို့တော်အနီးရောက်ချိန် သွေးကွဲခြင်း

စစ်အင်အားကြီး အစိုးရတပ်များ မတရား အနိုင်ကျင့် သတ်ဖြတ်မှုများကို ခုခံတော်လှန်တဲ့ တော်လှန်ရေးတပ်ပေါင်းစုဟာ မြောက်ပိုင်းပြည်နယ်တစ်ခုမှာ အမာခံ ပြည်သူ့စစ်မဟာဗျူဟာနဲ့ ကျေးလက်များကို ထိန်းချုပ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ တော်လှန်ရေးတပ်များ မြောက်ပိုင်းပြည်နယ် မြို့ကြီးများကို သိမ်းပိုက်ပြီး တောင်ပိုင်းမြို့တော်ဆီ တဟုန်ထိုး ဆင်းလာကြပါတယ်။ 

မတရားအနိုင်ကျင့်နေတဲ့စစ်တပ်ကို အီသီယိုပီးယား ရွေးကောက်ခံ သမ္မတကိုယ်တိုင် ရှေ့တန်းအထိ အသက်ပမာဏမထား စစ်သားများနဲ့ အတူအိပ် စားသောက်ရင်း စစ်ရှုံးနေတဲ့ အစိုးရတပ်ကို ပြန်လည်အားတက်စေတယ်။ သွေးကွဲအောင် လုပ်နိုင်တယ်။ 

လူမျိုးစုကြီးတစ်ခုက အစိုးရဘက် ဘက်ပြောင်းပြီး ရပ်တည်က တော်လှန်ရေးတပ်ပေါင်းစုကို (အချင်းချင်း) ပြန်တိုက်တယ်။ ဒီလိုနဲ့ တနိုင်ငံလုံး လပိုင်းအတွင်း သိမ်းပိုက်နိုင်ခါနီး တော်လှန်ရေးတပ်များ သွေးကွဲပြီး နောက် ဆုတ်ပေးလိုက်ရတယ်။ အခု ၂၀၂၂ ဇူလိုင်လ နောက်ဆုံးအခြေအနေကတော့ တော်လှန်ရေးတပ်များ မြောက်ပိုင်းပြည်နယ်အထိ ပြန်ဆုတ်ခွာပေးလိုက်ရပြီး မြို့သိမ်းတိုက်ပွဲများ သိမ်းပြီး မြို့များစွာ အစိုးရတပ်များက ပြန်သိမ်းပိုက်သွားပါတယ်။ 

အီသီယိုပီးယားနိုင်ငံက မြန်မာနိုင်ငံလို တိုင်းရင်းသား လူမျိုးစု ရာချီရှိတဲ့ နိုင်ငံကြီးတခုဖြစ်ပြီး အကျယ်အဝန်းနဲ့လူဦးရေလည်း မြန်မာနိုင်ငံ အရွယ်အစားဖြစ်တယ်။ တော်လှန်ရေးတပ်များကို အမေရိကန်နဲ့ အနောက်နိုင်ငံများက ထောက်ခံပြီး အစိုးရကိုတော့ တရုတ်က ထောက်ခံပါတယ်။ 

အီသီယိုပီးယား သင်ခန်းစာကတော့ စည်းရုံးပြီးသား လူမျိုးစုတပ်များ နဲ့ ပီဒီအက်တပ်များ သွေးမကွဲစေရေး ဖြစ်ပါတယ်။ သွေးမကွဲ စည်လုံးနေရင် ပြည်သူများက ပိုပြီးထောက်ခံ ပံ့ပိုးလာသလို နိုင်ငံတကာကလည်း ပိုပြီးကူညီလာကြမှာပါ။ 

*****************

သွေးကွဲခြင်းကို အထူးသတိပြု

ကရင်အမျိုးသားအစည်းအရုံး (KNU )က ကရင်တပ်မဟာမှူးတစ်ဦးဖြစ်သူ ဗိုလ်ချုပ်စောနယ်ဒါးမြကို 17-1-2022 ကတည်းက တာဝန်ကနေ ရပ်ဆိုင်းလိုက်ပါတယ်။ စစ်ကောင်စီ အရပ်ဝတ်ဆိုသူများ ၂၀ ဦးခန့်ကို သတ်ဖြတ်မှုနဲ့ အရေးယူသော်လည်း တပ်မဟာမှူးက သူ့တပ်ကို KNU အမိန့်ပေးစနစ်အောက် မရှိကြောင်း ကြေညာထားလို့ သွေးကွဲနေကြပြီလား ထင်စရာဖြစ်နေပါတယ်။

သွေးမကွဲပါဘူး။ ဒုတိယကမ္ဘာစစ်တုန်းက ဗိုလ်မှူးကြီးဗထူးလို အခြေအနေအရ ရန်သူစစ်ကောင်စီနဲ့ KNU စည်းရုံးရေးအရ နိုင်ငံရေးလုပ်ဆောင်မှု ဖြစ်ပါတယ်။ 

သွေးခွဲခံထားပြီးသား ရှမ်း၊ ရှမ်းနီ၊ လီစူး၊ မွန် စတဲ့ တိုင်းရင်းသားတပ်အချို့ နဲ့ BGF ပျူစောထီး စကစဘက်သား ပြည်သူ့စစ်တွေ ရှိပါတယ်။ 

သွေးကွဲနေသေးတဲ့ တိုင်းရင်းသားတပ်များဟာ စစ်ကောင်စီရဲ့ ကြေးစားတပ်များလို့ပဲ ခေါ်ရပါမယ်။ လစာငွေအပြည့်၊ ဗိုလ်လုပ်ခွင့်အပြည့်၊ မီးကျိုးမောင်းပျက်လက်နက်များပေးပြီး မိမိနယ်မြေမှာ လုပ်စားခွင့်ပေးထားပါတယ်။ 

စစ်ကောင်စီတပ် အင်အား ၃ သိန်းနဲ့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်နေသူများ၊ စစ်ပင်စင်စားနေသူများ အများစုဟာ ပြည်သူလူထုထက် ပိုပြီး ဝလင်လင် စားသောက်နေထိုင်ရပါတယ်။ 

ပြည်သူလူထုခမျာ တနှစ်ကျော်အာဏာသိမ်းကာလ အလုပ်ပြုတ်ကြတယ်။ ​အလုပ်လုပ်နေတဲ့ အစိုးရ ဝန်ထမ်း ၅ သိန်းနီးပါးရဲ့ လစာငွေက အရင်အတိုင်းပါ။ အခြားလခစား ကုမဏီဝန်ထမ်းများလစာက အရင်အတိုင်းပါပဲ။ CDM ဆန္နပြဝန်ထမ်း ၂သိန်းကျော် အလုပ်ပြုတ် ကြံ့ကြံ့ခံနေဆဲပါ။ လစာ ထက်ဝက်လျှော့ချခံရသူများလည်း မနည်းပါ။

ကုန်စျေးနှုန်းများက ကြောက်ခမန်းလိလိ တက်လာကြတော့ ဟိုတယ်ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်လုပ် ငန်းကြီးငယ် ပိတ်သိမ်းနေရတယ်။ အခု ဒေါ်လာများကို ဘဏ်အကောင့် ဖွင့်ထားတာ အကုန် 1850 နှုန်းနဲ့ ကျပ်ငွေလဲပေးလိုက်တယ်။ ၁၉၈၈ စစ်အာဏာသိမ်းချိန် တဒေါ်လာ ၆ ကျပ်ခွဲ အသေသတ်မှတ်ပြီး ဆက်လက်အတင်းအကျပ်အုပ်ချုပ်ဖို့ လုပ်ခဲ့သလို ၂၀၂၁ စစ်အာဏာသိမ်းသူများက သူတို့ စီနီယာ ဦးသန်းရွှေ စစ်အစိုးရလုပ်တဲ့အတိုင်း တသွေမတိမ်း လုပ်နေပါပြီ။ အရင် ၁၉၈၈ လိုပဲ ၂၀၂၁ စစ်အာဏာသိမ်းသူများက တရုတ်နိုင်ငံရဲ့ လက်အောက်မှာနေပြီး အကြွေးပိနေပြီဖြစ်တယ်။

အခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီရဲ့မိတ်ဆွေ ကမ္ဘောဒီးယား အာဏာရှင်ဟွန်ဆန်နဲ့ ပေးတွေ့မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာအသုံးပြုပြီး ပီဒီအက်များ ငြိမ်အောင်ကြိုးစားမယ်လို့ ဇော်မဲလုံး က နိုင်ငံရေးလှည့်ကွက်များ၊ သွေးခွဲနည်းများ အစွမ်းကုန်လုပ်နေပါတယ်။ CNN အမျိုးသမီး သတင်းထောက်ကို တွေ့ပြီး ဖြားယောင်းတာတောင် မရပါ။ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ဘက်ပါလာအောင်လုပ်သည့် ကလေး ကွက်ပဲ ဖြစ်ပါတယ်။ 

နိဂုံးသုံးသပ်ချက်

နွေဦးတော်လှန်ရေးက သေချာပေါက် အောင်မြင်မှာပါ။ သို့သော် ၂ နှစ် မကြာဘူး၊ ခန့်မှန်းချက်များ မှန်ကန်လာဖို့ အင်ယူဂျီ ပြည်သူ့စစ်မဟာဗျူဟာနဲ့ စစ်အမိန့်ပေးစနစ် ပိုကောင်းလာဖို့ လိုပါတယ်။

တော်လှန်ရေးသမားအားလုံးက ၂၀၂၂ မကုန်ခင် စစ်ကောင်စီပြိုကွဲထွက်ပြေးရမယ်။ သီရိလင်္ကာနိုင်ငံ အာဏာ ရှင်အုပ်စု ပြေးသလို ပြည်ပထွက်ပြေးမယ့်အချိန်နီးပြီလို့ ဆိုကြပါတယ်။ 

ရုရှား၊ တရုပ်အုပ်စု အားပေးမှုနဲ့ ၁၀ ကြာအောင် တိုက်နေဆဲ ဆီးရီးယားနိုင်ငံ(အာရှ) ၊ အီသီယိုပီးယားနိုင်ငံ (အာဖရိက) ၊ ဗင်နီဇွဲလားနိုင်ငံ (တောင်အမေရိက) နိုင်ငံများ ဘာကြောင့်တော်လှန်ရေး ကြာရှည်ရသလဲ အဖြေက တော်လှန်ရေးခေါင်းဆောင်များ ငွေတပ်မက်မောသူ များပြားလွန်းလို့ပါ။ ငွေတပ်မက်မောတာ မဆန်းပါဘူး။ ငွေတပ်မက်မောသူ မများဖို့ပဲ လိုပါတယ်။ ငတ်ပြတ်နေသူ တော်လှန်ရေးသမား မရှိသလောက်ပါ။ ပြည်သူအချို့ပဲ (၂ သန်း = ၅% of ၅၀ million) ငတ်ပြတ်ပြေးလွှား မီးရှို့ခံနေရပါတယ်။ 

ဘယ်လောက် ကြာမလဲ ဆိုတာ အင်ယူဂျီခေါင်းဆောင်များရဲ့ အပေါ် မူတည်ပါတယ်။  ပြတ်သားတဲ့ဆုံးဖြတ် ချက်များ၊ အင်ယူဂျီခေါင်းဆောင်များရဲ့  ဉာဏ်ပါနဲ့၊ စိတ်ဝိညာဥ်ရေး၊ ကိုယ်ကျင့်တရား (အဂတိနည်းဖို့) အလွန်အရေးကြီးကြောင်း။

ခေါင်းဆောင်ကောင်းရင် တော်လှန်ရေး မြန်မြန်ပြီးမယ်လို့ သုံးသပ်ပါတယ်။ 

အရေးတော်ပုံ အမြန်ဆုံးအောင်ရမည်။ 

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar