Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၇ မြင်ကွင်း


မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၇ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၂၂


သွေးစွန်းသော ဇူလိုင် ၂၄ နဲ့ လူထု၏ တုံ့ပြန်လှိုင်းများ

၈၈ မျိုးဆက် ခေါင်းဆောင် ကိုဂျင်မီနဲ့ Generation Wave ခေါင်းဆောင် ကိုဇေယျာသော်တို့ကို မြန်မာစစ်တပ်က ကြိုးပေးသတ်ဖြတ်ပြီးနောက်ပိုင်းမှာ မြန်မာပြည်တွင်းသာမက ကမ္ဘာတဝန်းလုံးမှာ အကြီးကျယ်ဆုံး မုန်တိုင်းဂယက်ကြီး ထသွားပါတယ်။ သာမန် မြန်မာပြည်သူတွေအတွက်က မဖြစ်ပါစေနဲ့ မဖြစ်နိုင်ဘူးလို့ တဖွဖွပြောရင်းနဲ့ လက်ခံလိုက်ကြရပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေ ခေါင်းဆောင်တွေအတွက်ကတော့ သူတို့၏ နွေဦးတော်လှန်ရေးသူရဲကောင်းတွေ အသက်စွန့်သွားကြရတာကို မလက်ခံချင်ဘဲ လက်ခံလိုက်ရပြီး အဓိကမှတ်ချက်ကတော့ စစ်ကောင်စီနဲ့ နိုင်ငံရေးအရ အဖြေရှာနိုင်ဖို့ နည်းလမ်းဆိုတာကို စစ်ကောင်စီကိုယ်တိုင်က မီးသင်္ဂြိုဟ်ပစ်လိုက်ပြီ ဆိုတာပဲ ဖြစ်ပါတယ်။ အာဆီယံနဲ့ တရုတ်တို့ တဖွဖွပြောနေတဲ့ လမ်းပြမြေပုံဆိုတာ စစ်ကောင်စီအတွက် ဘာမှ အရေးမပါဘူးလို့ သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်။ အနောက်နိုင်ငံနဲ့ ကုလသမဂ္ဂအသိုင်းအဝိုင်းကတော့ တရုတ်အစိုးရကို ဖိအားပေးရမယ်လို့သာ ကောက်ချက်ဆွဲပြကြပါတယ်။

မြန်မာပြည်သူတွေအတွက်ကတော့ သည်လိုမျိုး အကျည်းတန် ရုပ်ဆိုးလှတဲ့ ရက်စက်ယုတ်မာ လုပ်ကြံမှုကို လက်မခံချင်ဘဲ လက်ခံလိုက်ကြရပြီး မိမိတို့ဘာသာ မိမိတို့ ဘယ်လို တုံ့ပြန်ကြမလဲဆိုတာကို အရင်ဆုံး တွေးကြရပါတယ်။ အဲသည် ၂၅ ရက်နေ့ ညမှာ ရန်ကုန်ရပ်ကွက်တွေမှာ မကြားရတာ ကြာပြီဖြစ်တဲ့ သံပုံးတီးသံတွေ ထွက်ပေါ်လာပါတယ်။ အင်းစိန်ထောင်နဲ့တကွ နယ်ထောင်အချို့မှာ နိုင်ငံရေးအကျဉ်းသားတွေ နွေဦးတော်လှန်ရေးအကျဉ်းသားတွေက ဆူပူအုံကြွကြပါတယ်။ ထောင်ဆူလို့ နှိမ်နင်းမှုတွေ ဖြစ်ပွားတယ်လို့ ဆိုပါတယ်။ ပီဒီအက်ဖ် လက်နက်ကိုင်တွေကတော့ အဲသည်ရက်ပိုင်းတွေမှာ မိမိတို့နယ်ပယ်တွင်းက စစ်သားတွေ၊ ပျူစောထီးတွေ ဒလန်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ တိုးမြှင့်ပြီး တိုက်ပွဲတွေ ဖြစ်ကြပါတယ်။ 

ပြည်ပက မြန်မာတွေကတော့ နီးစပ်ရာ မြို့တော်ခန်းမတွေ စုရပ်တွေမှာ စုဝေးကြပြီး စစ်ကောင်စီရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချ ဆန္ဒပြကြပြီး မတရားသတ်ဖြတ်ခံရပြီး ကျဆုံးသွားတဲ့ သူရဲကောင်း ၄ ဦးအတွက် အလေးပြုကြ ဝမ်းနည်းခြင်း အထိမ်းအမှတ်တွေ ပြုလုပ်ကြပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေက အစိုးရတွေ အမတ်တွေကို မြန်မာစစ်ကောင်စီကို တိုးမြှင့်ပိတ်ဆို့အရေးယူဖို့ ထပ်လောင်း တောင်းဆိုကြပါတယ်။ ကျဆုံးသွားတဲ့ သူရဲကောင်း ၄ ဦးအတွက် မြန်မာတွေ ထုံးစံအတိုင်း ဘာသာရေး လူမှုရေးအရ ကောင်းမှုကုသိုလ်ပြုတာတွေ အလှူအတန်းပြုတာတွေ လုပ်ကြပေမယ့် သက်ဆိုင်ရာ ကျန်ရစ်သူမိသားစုတွေက ကူငွေ လှူငွေဆိုတာထက် တော်လှန်ရေးအပြီးတိုင်စေဖို့ တိုးပြီး ရင်းနှီးကြပါ တိုးပြီး ဆောင်ရွက်ကြပါလို့ မှာကြပါတယ်။ 

NUG အစိုးရကတော့ တော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်နိုင်ဖို့ ရန်ပုံငွေတွေ တိုးထည့်ကြဖို့ တိုက်တွန်းပါတယ်။ NUG Bond တွေ EoD Shareတွေ တိုးဝယ်ကြဖို့ ပြောဆိုကြပြီး အခုရက်ပိုင်းအတွင်း ငွေတိုက်စာချုပ်တွေ အစုရှယ်ယာတွေ တိုးဝယ်ကြတာကြောင့် ၄ ဆကနေ အထက် ထည့်ဝင်မှုတွေ တိုးတယ်လို့ ထုတ်ပြန်ပါတယ်။ PDF လက်နက်ကိုင်အဖွဲ့တွေဆီ တိုက်ရိုက်ကူငွေတွေ ပို့ပြီး စစ်ကောင်စီကို စစ်ရေးဖြင့် ချေမှုန်းဖို့ လူထုကလည်း သူတို့အမြင် သူတို့ခံယူချက်နဲ့ ဆောင်ရွက်ကြပါတယ်။

NUG အစိုးရနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကတော့ နိုင်ငံရေးသဘောထားတွေ ထုတ်ပြန်ကြပါတယ်။ အဓိက သူတို့ပြောတာကတော့ - နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်နိုင်ငံများအနေဖြင့် နိုင်ငံရေးနည်းလမ်းကို ငြင်းပယ်ထားသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်ရေး၊  ပိတ်ဆို့ဟန့်တားရေးနှင့် တော်လှန်ရေးကို ဆင်နွှဲနေသော ပြည်သူလူထုနှင့် အင်အားစုအားလုံးကို အဖက်ဖက်မှ ကူညီပံ့ပိုးရေးတို့ကို လက်တွေ့ကျကျ ထိရောက်စွာ အရှိန်မြှင့် ဆောင်ရွက်ပေးကြရန် တောင်းဆိုလိုက်ပါတယ်။ ပြည်သူ့တော်လှန်ရေး၏ ပန်းတိုင်သည် ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဆန့်ကျင် တိုက်ဖျက်ပြီးနောက် ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို တည်ဆောက်ရန် ဖြစ်သည်ဟူသော အချက်မှာ တော်လှန်ရေးအင်အားစုများ၏ ဘုံတူညီသော ရည်မှန်းချက်အဖြစ် ရှင်းလင်းပြတ်သားပြီး ဖြစ်ပါတယ်။ 

ဤကြေညာချက်သည် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ ဆင်နွှဲနေသည့် ဖက်ဆစ် စစ်အာဏာရှင်စနစ် မြေလှန်ပစ်မည့် ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲများ၏ ခရာတွတ်သံ ဖြစ်ပါတယ်။ ကျွန်ုပ်တို့သည် ပြည်သူလူထုတရပ်လုံး၏ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုဖြင့် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ အုပ်ချုပ်ရေး စစ်မျက်နှာစုံတွင် ဖြစ်နိုင်သည့် နည်းလမ်းအားလုံးကို အသုံးပြုပြီး ဖက်ဆစ် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မည့် ပြည်သူ့တော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင် ညီညီညွတ်ညွတ် မဆုတ်မနစ် ဆန့်ကျင်တွန်းလှန် တိုက်ပွဲဝင်သွားမည်ဟု ခိုင်မာသော သန္နိဋ္ဌာန်ဖြင့် အဓိဋ္ဌာန်ပြုကြောင်း ကြေညာလိုက်တယ်လို့ ဖော်ပြပါရှိပါတယ်။

Myanmar ISP group ကတော့ လိုရင်းတိုရှင်း သည်လိုမျိုး အကဲခတ်ပြပါတယ်။ - အာဆီယံအနေနဲ့ပဲ ဖြစ်ဖြစ်၊ အာဆီယံအပေါင်း ASEAN Plus) နိုင်ငံများအနေနဲ့ပဲ ဖြစ်ဖြစ် နိုင်ငံတကာရဲ့ ကြားဝင် ဖျန်ဖြေရေးလမ်းစ ပိတ်သလောက် ဖြစ်သွားနိုင်ပါတယ်။ နိုင်ငံတကာမှာ မြန်မာစစ်ကောင်စီကို ပြစ်ဒဏ်ခတ်ဖို့ လှုံ့ဆော် လှုပ်ရှားမှု ပိုအားကောင်းလာနိုင်ပြီး ဒဏ်ခတ်မှုတချို့ တိုးလာဖွယ်ရှိပါတယ်။ ဒါပေမဲ့ စစ်ကောင်စီအတွက် အဓိက ဝင်ငွေရလမ်း ဖြစ်တဲ့ မြန်မာ့စွမ်းအင်ကဏ္ဍကို ပိတ်ဆို့ အရေးယူမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာဖို့နဲ့ ထိရောက်ဖို့ကတော့ ဖြစ်တန်ခြေ နည်းနိုင်ပါသေးတယ်။ ပြည်တွင်းမှာလည်း မြို့ပြ ယူဂျီတိုက်ခိုက်မှုတွေ ပိုများလာ နိုင်ပါတယ်။ အလားတူ အတိတ်ကရှိခဲ့တဲ့ စွမ်းအားရှင် ပုံစံမျိုး အရပ်သားအသွင်ယူ အုပ်စုဖွဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ပြီး တရားဥပဒေ စိုးမိုးမှု ပိုကင်းမဲ့လာဖွယ် ရှိပါတယ်။ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု နောက်ဆက်တွဲ ဒုတိယအကျော့မှာ စစ်ကောင်စီနဲ့ ထပ်မံတွေ့ဆုံဖို့ စီစဉ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် (EAOs) တွေအတွက်လည်း အထူး အကျပ်ရိုက်စေနိုင်ပါတယ်။ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအတွက် အားထုတ်မှုမှန်သမျှမှာ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (Transitional justice) ဟာ ဖယ်ထုတ်မရတဲ့ လိုအပ်ချက် ဖြစ်တယ်ဆိုတာ ခိုင်မာသထက် ပိုမိုခိုင်မာလာပါတယ်။

အဲသည်က အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (Transitional justice)  ကို သူတို့က မီးမောင်းထိုးပြထားတာမို့ အဲသည် ကြားကာလ အသွင်ကူးပြောင်းရေးကာလအတွင်း တရားမျှတမှုဖော်ဆောင်ရေး ဘယ်လို မိတ်ဆက်ထားကြမလဲ ဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။ အဓိက ခံရသူများ (victims) တွေ ဗဟိုပြု တရားစီရင်နိုင်ဖို့၊ လျော်ကြေး သို့မဟုတ် ပေးဆပ်မှု တာဝန်ခံဖို့ စတာတွေ အခုကတည်းက သည်အချိန်လိုမျိုး မင်းမဲ့စရိုက် လုပ်ကြံသတ်ဖြတ်ခံရမှုတွေကို အခြေခံပြီး ဆွေးနွေးကြ ဖော်ဆောင်ကြဖို့ လိုမယ် ထင်ပါတယ်။

သို့သော် လက်ရှိမှာတော့ ပြည်သူလူထု၏ တရားစီရင်ရေး သဘောထားမျိုးစုံကို ကြားနေရဆဲ ဖြစ်ပါတယ်။ ကန့်ကွက်ဆန္ဒပြပွဲတွေမှာ ဆွေးနွေးကြတာကတော့ စစ်ကောင်စီ၏ ဒေါက်တိုင်တွေ အကျိုးစီးပွားလုပ်ငန်းတွေကို နိုင်ငံတော်အဆင့် ပိတ်ဆို့အရေးယူတာတွေကတပိုင်း ပြည်သူအဆင့် ကွန်မြူနီတီအဆင့် စစ်ကောင်စီ ဒေါက်တိုင်တွေ ခရိုနီတွေ အကျိုးစီးပွားတွေကို ပိတ်ဆို့ တားဆီး အရေးယူဖို့ကို လူထုလှုပ်ရှားမှု အသွင်အဖြစ် အရှိန်အဟုန်နဲ့ လုပ်ကိုင်အရေးယူနိုင်ကြမည်လား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

ထင်ရှားတဲ့ ဥပမာတွေကတော့ - စစ်ကောင်စီအသိုင်းအဝိုင်းတွေ၊ ဘဏ်လုပ်ငန်းရှင်တွေ၊ စီးပွားရေးဒေါက်တိုင်အသိုင်းအဝိုင်းတွေ၏ နိုင်ငံတကာမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင် ပိုင်ဆိုင်နေတဲ့ အဆောက်အအုံ လုပ်ငန်းတွေ များစွာရှိနေပြီး ပြည်သူတွေ၏ ဒဏ်ခတ် ပိတ်ဆို့မှုကို လုံး၀ မခံရဘဲ လွတ်လွတ်ကင်းကင်း နေထိုင်နေကြဆဲ ဖြစ်ပါတယ်။ မြန်မာတွေကိုယ်တိုင် သိကြသော်လည်း ပေါ်ပေါ်ထင်ထင် ပြောဆို ဝေဖန်ခြင်း မရှိကြသေးပါဘူး။ NUG ၏ EoD ပရိုဂျက်လိုမျိုး စစ်ကောင်စီ၏ ပြည်ပအကျိုးစီးပွား အရင်းအနှီးများကို စနစ်တကျထုတ်ဖော်ပြီး ပိတ်ဆို့ဖို့ အရေးယူဖို့ လူထုလှုပ်ရှားမှုတွေ ပေါ်ထွန်းလာရင်တော့ စိတ်ဝင်စားစရာ ဖြစ်မယ် ထင်ပါတယ်။ ယူကရိန်းကို ရုရှားက ကျုးကျော်စစ် ဆင်နွှဲတော့ ပူတင်၏ ခြေလက်တွေဖြစ်တဲ့ ရုရှားအိုလီဂတ် (သူကြွယ်ကြီးများ လက်ဝါးကြီးအုပ် ခြယ်လှယ်သူများ) ၏ စာရင်းတွေ ပိုင်ဆိုင်မှုတွေကို အနောက်အုပ်စုက သိမ်းပိုက် ပိတ်ဆို့ပစ်ခဲ့တာက အလွန် ထိရောက်ခဲ့တာကို မှတ်မိကြမယ် ထင်ပါတယ်။

သွေးစွန်းသော ဇူလိုင် ၂၄ နဲ့ အတူ လူထု၏ အောက်ခြေအဆင့်ကနေ တော်လှန်သောခေါင်းဆောင်များ၏ အပေါ်ထပ် အဆောက်အအုံအပါအဝင် စစ်အာဏာရှင်ကို အထိနာ ယိုင်လဲစေမယ့် အလှည့်အပြောင်း တုံ့ပြန်လှိုင်းသစ်များ ထကြွလာမည်လားလို့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar