နရီမြိတ် - ဓူဝံကြယ်တို့ကြွေသောနေ့
ဓူဝံကြယ်တို့ကြွေသောနေ့
နရီမြိတ်
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၂၂
ပုရွက်ဆိတ်လေး
တစ်ကောင်တောင်သေစေဖို့မဝံ့ရဲတဲ့
ငါ့သီလမှာ........
ခံပြင်းဒေါသ ကိလေသာ လာလို့ကပ်ညှိလာ
ငါဟာ
ဥပဒေနဲ့ကြီးပြင်းရှင်သန်လာသူပါ
ဥပဒေကိုအကြောင်းပြလို့
ခွေးကလူကိုသတ်လိုက်တဲ့ကိစ္စမှာ
စားမဝင်အိပ်မပျော်ခဲ့နိုင်ခဲ့ပါ
နူးညံ့သိမ်မွေ့မှု
ကိုယ်ခြင်းစာနာမှု
ငါနဲ့နှိုင်းဖို့မေ့လျော့သွားကြတဲ့အဝိဇ္ဇာအမှောင်တိုက်ကြီးထဲ ကခုန်နေကြရတာ
မင်းပျော်ပါလေစ
ပြုသူကအသစ်ပါ
ဖြစ်သူကအဟောင်းပေါ့
တရားကတရားပါစေပေါ့
ဘာသာမဲ့သူတို့ရဲ့ဒိဌိစံနဲ့တဘဝစံတို့ရေ့
သနားလိုက်ပါဘိတော့
ကံကံ၏အကျိုး၌
ခံခံလိုက်ကြပါဘိတော့
အကြောင်းကောင်းရင်ကံကောင်းကြပါလိမ့်မယ်
အကြောင်းဆိုးရင်တော့ကံဆိုးကြပေမှာပေါ့
ကိုယ့်သမိုင်းကြောင်းနဲ့ကိုယ်
ကံမကုန်သေးတော့လဲပြန်ဆုံကြရပေတာပေါ့
နယူတန်ဟာသိပ္ပံတွေးခေါ်ရှင်ပဲ့
သက်ရောက်မှုတိုင်းမှာတန်ပြန်သက်ရောက်မှုရှိကြောင်းသက်သေပြခဲ့သူ
ကျွတ်တမ်းမဝင်နိုင်သူတွေကိုဘယ်လိုစကြဝဠာမျိုးမှာမှဘုရားကမချွတ်ခဲ့ပါဘူး
ကိုယ့်ထိုက်နဲ့ကိုယ့်ကံပြန်မလာကြနဲ့တော့သည်လူ့ဘုံ
ငါယုံကြည်နေခဲ့တာက
မီးတောင်ကြီးလဲအနိစ္စပဲ့
အချိန်တန်ရင်အေးခဲကြေမွရမှာပဲ့
သမုဒ္ဒရာကြီးလဲအနိစ္စပဲ့
အချိန်တန်ရင်အငွေ့ပျံကွယ်ပျောက်ရမှာပဲ့
ငါတို့အားလုံးလဲအနိစ္စပဲ့
လူ့သက်တမ်းကုန်ရင်သေဆုံးကြွေလင့်ရမှာပဲ့
သေခြင်းများစွာရှိကြပါလဲ
ကြွေခြင်းများစွာရှိကြပါလဲ
ကြယ်တို့ကြွေခြင်းမြေသက်ခြင်း၌
ငါတို့ဦးညွှတ်ရမြဲပင်...................…။ ။
၂၄.၇.၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar