Breaking News

မောင်တူး - DVB နှစ် ၃၀ နှင့် ကျနော်မောင်တူးပါ

DVB နှစ် ၃၀ နှင့် ကျနော်မောင်တူးပါ
မောင်တူး
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၂၂
 

" အောက်အီအီးအွတ် " " ဟာ..ဒီကြက်ကလည်းကွာ" 

ကြက်တွန်သံကိုဒေါသတကြီးပြောလိုက်ရတဲ့အကြောင်းက DVB တောတွင်းစတူဒီယိုတခုဆီမှာအသံသွင်းအသံဖမ်းလုပ်နေတုန်းအနှောင့်အယှက် ဖြစ်သွားတာကြောင့်ပါ။ ပြောလိုက်သူကအသံဖမ်းဆရာ ကိုအောင်ဇော်မင်း။ အချိန်က ၁၉၉၂ ခုနှစ် DVB စတင် တည်ထောင်တဲ့နှစ်။ 

ကြက်ဖကြီးတွန်သံဟာ သာမန်အချိန်ဆိုနားထောင်ကောင်းတာပေါ့။ မိုးလင်းကြက်တွန်သံ၊ သန်းခေါင်ကြက်တွန်သံစသဖြင့် အချိန်ကိုက်တွန်ကြတယ်။ ကြက်တကောင်ဟာကျေးလက်နာရီတလုံးလို့တောင် ရှေးကပြောခဲ့ကြပေါ့။ အခုကတော့ DVB အသံလွှင့်ဆောင်းပါးအသံသွင်းနေတုန်းကြက်ကတွန်တော့ အသံတွေပျက်ကုန်ပြီ။ အစကပြန်သွင်းကြရတော့မယ်။ ခဏနားကြစို့။ ရေသောက်ကြ။ အပေါ့အပါးသွားကြ။ ကွမ်းစားကြ။ ဆေးလိပ်သောက်ကြပေါ့။ တောတွင်းစတူဒီယိုဆိုတာဝါးခင်းဝါးကာအခန်းကိုဂုံနီအိတ်တွေနဲ့ ထပ်ကာထားတဲ့ နေရာတခုပေါ့။ ကြက်မကအော်ရင်၊ ကြက်ပိစိကလေးတွေပကျစ် ပကျစ်နဲ့ အော်ရင်လည်း "ဟဲ့ ကြက်" ဆိုပြီးမောင်းထုတ်။ ဝက်တွေအော် ခွေးတွေဟောင်ရင်လည်းမောင်းထုတ်။ ငြိမ်မှ အသံသွင်းရတာပေါ့။ အသံသွင်းချိန် ကြက်မောင်းမဲ့ ကင်းစောင့်သူ ၂ ယောက်လောက်လည်းတာဝန်ချထားရသေးတာပါ့။ 
ဒါကတော့ ၁၉၉၂ ခုနှစ် ဇူလိုင် ၁၉ မှာစတင်ခဲ့တဲ့ DVB သတင်းဌာနရဲ့ အဲ့သည်ကာလအခြေအနေပါ။ 

ဓာတ်ပုံအညွှန်း ။ ။ ၁၉၉၂ ခုနှစ် ဇွန်လဘန်ကောက်မှာလုပ်တဲ့ ၁ လကြာ DVB Field Reporter Training က ပုံဖြစ်ပါတယ်။ ဒါပေမဲ့ သင်တန်းသားတွေချည်းမဟုတ်ပါ။ သင်တန်းစီစဉ်သူတွေလဲပါဝင်နေပါတယ်။ သင်တန်းကသတင်းထောက်တွေကို  DVB ရေဒီယိုစလွှင့်တဲ့အခါ ဝင်ရောက်တာဝန်ထမ်းဆောင်စေပါတယ်။ ဒါပေမဲ့ DVB မှာဝင်မလုပ်ဖြစ်ကြသူကများပါတယ်။  ကွယ်လွန်သူသတင်းစာဆရာကြီးကြေးမုံဦးသောင်းသင်တန်းလာပေးဖို့မအားတဲ့အတွက် မြန်မာပြည်ကနေဘန်ကောက်ကိုရောက်နေတဲ့ VOA ဦးဝင်းအောင် (ဝင်းအောင်ကြီး) က လာသင်ပေးပါတယ်။ ဆရာဦးဝင်းအောင် အဲ့သည်ကာလက VOA မှာမလုပ်သေးပါ။ ကျနော်တို့ကိုသင်တန်း ပေးချိန် ၁၉၉၂ ခုနှစ် ဇွန်လကသူဟာထိုင်းနိုင်ငံဘန်ကောက်ထုတ် Bangkok Post သတင်းစာ၊ Nation သတင်းစာကြီးတွေကသတင်းတွေကိုဘာသာပြန် အသံသွင်းပြီး VOA ကိုပို့စပြုနေရင်းကျနော်တို့ကိုသင်တန်းပေးတယ်။ ဆရာဦးဝင်းအောင်ဟာဒီဗွီဘီသတင်းထောက်တွေရဲ့ လ သင် တန်းဆရာပေါ့။ နောက်ပိုင်းနှစ်တွေမှာ BBC ဦးအောင်မြင့်ထွန်းလည်း ချင်းမိုင်မြို့မှာသင်တန်းလာပေးဘူးတယ်။  

အခု DVB တီဗွီမာလတီမီဒီယာသတင်းဌာနကြီးဟာ လွန်ခဲ့သောနှစ် ၃၀ အကြာ၁၉၉၂ ဇူလိုင် ၁၉ ကစပြီး တနေ့ကို ၂၅ မိနစ်ပဲ လွှင့်ခဲ့တဲ့ ရေဒီယိုအစီအစဥ်နဲ့ စခဲ့ကြတာဖြစ်ပါတယ်။ အခုကာလလို အင်တာနက် အွန်လိုင်းမရှိသေးပါ။ ကွန်ပြူတာမရှိသေးဘူး။ ကင်မရာဆိုဖလင်ထည့်ရိုက်ရတယ်။ ကွင်းဆင်းသတင်းယူတဲ့အခါ ကက်ဆက်တိတ်ရီကော်ဒါ အသေးလေးတွေသုံးကြရတယ်။ တိတ်ခွေတခွေက တနာရီစာ၊ ဒါကြောင့် ၁ နာရီထက်ပိုပြီးအသံဖမ်းဖို့ ရှိလာရင် တိတ် ခွေ ၂ ခွေ ၃ ခွေဆောင်ထားကြရတယ်။ ဓာတ်ခဲအသေးလေးတွေလဲဆောင်ထားကြရတာပေါ့။ 

များသောအားဖြင့်က သတင်းအင်တာဗျူးလုပ်ရင် စာအုပ်သေးလေးမှာဘောပင်နဲ့ လိုက်ရေး မှတ်ကြရတာပါဗျာ။ လက်ရေးတိုဆိုတာလည်း လေ့လာခဲ့ကြရတာပေါ့။ အဲ့သည်အချိန် Tape Recorder ကက်ဆက် အသေလေးကိုင်ပြီးအသံဖမ်းနိုင်တဲ့သူက ဆရာကြီးဆိုပါတော့။ ဖလင် ၃၆ ကွက်ပါတဲ့ ကင်မရာကလေးကိုင်နိုင်သူက အဆင့်မြင့် သတင်းထောက်လို့ အထင်ခံရတဲ့ခေတ်။ လစာဆိုတပြားတချပ် တဘတ် တဒေါ်လာမှမရပါ။ စစ်တပ်ဝါဒဖြန့်ချက်တွေမှာဒေါ်လာစားသတင်းထောက်တွေဆိုပြီးရေးနေပြောနေတာနှစ် ၂၀ ကျော်ရှိပါပြီ။ အခုနောက်ပိုင်းဒီဗွီဘီအပါအဝင် သတင်းဌာနတွေလခစားအလုပ်လုပ်ကြရပါတယ်။ ဒါကလည်းနေထိုင်စားရိတ် စားစရိတ် စတဲ့ အသုံးစားရိတ်တွေကရှိတာကိုး။ သင့်တင့်လျောက်ပတ်တဲ့ လစာနေ့တွက် ခရီးစားရိတ်တွေတော့ ရှိမှာပေါ့။ ဒါပေမဲ့ ကျနော်တော့ ဒီဗွီဘီစတင်ကာစကလစာမရပဲလုပ်ခဲ့ကြရသလိုနောက်ပိုင်းလစာသဘောပေးလာကြတော့လည်းစစ်တပ် ဝါဒဖြန့်သလိုဒေါ်လာတွေစားဝင်ငွေများပြီးတအားရခဲ့ကြတာတော့ မဟုတ်ပါဘူး။ မလောက်ငတဲ့ အခါတွေတောင် ရှိခဲ့သေးရဲ့။ ဒါ့အပြင် အန္တရာယ်ကြုံရတာတွေတောင် ရှိပါသေးတယ်။ 

DVB သတင်းထောက်တွေဟာ စစ်အစိုးရကိုကြောက်ရတယ်။ ဒါကြောင့် နောက်မှာကျန်ခဲ့တဲ့ မိဘတွေဆိုရင် မဆက်သွယ်ရဲဘူး။ မိဘနဲ့ မဆက်သွယ်ရဲဘူး။ တိုင်းရင်းသားတော်လှန်ရေးနယ်မြေတွေမှာဆိုပြန်တော့လဲသူတို့ရဲ့ သတင်းတွေရေးတာကိုမကြိုက်ဘူး။ စောင့်ကြည့်ခံရတာတွေရှိတယ်။ ခြိမ်းချောက်ခံရတယ်။ တခါတုန်းကဆို ကရင်နီဒုက္ခသည် စခန်းတခုကိုသတင်းသွားယူရင်း အန္တရာယ်ကြုံခဲ့ရဖူးတယ်။ 

အသေးစိတ်ဆက်ရေးပါဦးချမယ်။ နှစ် ၃၀ ကိုပြန်တွေးတဲ့အခါ လပေါင်း ၃၆၀ ရက်ပေါင်း ၁၁၀၀၀ စာကိုနောက်ပြန်ကြည့်တဲ့အခါ မှတ်မိတာလဲရှိ၊ မမှတ်မိတာတွေကများလှပေါ့။ ဘာပဲဖြစ်ဖြစ် DVB သတင်းဌာနကြီးနှစ် ၃၀ ပြည့်မှာသတင်းသမားတွေအဖမ်းခံနေရ၊ ထောင် ကျနေကြ၊ ပြေးနေကြရ၊ ပုန်းနေကြရ၊ ပြည်ပကိုရောက်ကြ၊ အတည်တကျမရှိဖြစ်နေကြရချိန်ပေါ့။ ဒါကြောင့် DVB နှစ် ၃၀ ပြည့်ပွဲကိုဝမ်းနည်းစွာပဲမကျင်းပနိုင်ခဲ့ကြပါဘူး။ 

ဘာပဲဖြစ်ဖြစ် အခက်အခဲကြားကလက်ရှိဆက်လက် ကြိုးစားနေကြဆဲ DVB ဝိုင်းတော်သားတွေ၊ နှစ် ၃၀ အတွင်း DVB မှာတာဝန်ထမ်းခဲ့ကြတဲ့ ဝိုင်းတော်သားဟောင်းတွေအားလုံး (အားလုံး) ကိုနှစ် ၃၀ ပြည့်မှာသတိတရရှိနေပါတယ်ခင်ဗျာ။ 

ဆက်ရေးပါဦးမည်။ 
ကျနော်မောင်တူးပါ။ ။ 
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar