ဗသြ - စစ်အုပ်စုနဲ့ လူသတ်အစဉ်အလာ
ဗသြ - စစ်အုပ်စုနဲ့ လူသတ်အစဉ်အလာ
(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၂၂ဗိုလ်မင်းအောင်လှိုင်တို့ရဲ့စစ်အုပ်စုက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့လေးဦးကို ဇူ လိုင်လ ၂၃ရက်နဲ့ ၂၄ရက်နေ့က သတ်ပစ်လိုက်ပြီတဲ့။ (ကြိုးပေးတယ်လို့မရေးပါ၊ လူသတ် မှုမို့သတ်တယ်လို့တမင်သုံးလိုက်တာပါ)။
စစ်အာဏာရှင်တွေရဲ့မရိုးမသား၊ ကလိမ်ကကျစ်ထုတ်ပြန်မှုကြောင့် ပြည်တွင်းပြည်ပ မှာပါ မေးစရာတွေအများကြီးပေါ်လာပါတယ်။ သူတို့လက်ခုပ်ထဲကရေလို သူတို့အနေနဲ့ အချိန်မရွေး သတ်လို့ရတဲ့လူတွေကို ဘာလို့ဒီနေ့ဒီအချိန်မှာ သတ်တာလဲဆိုတာဟာ စဉ်း စားစရာကြီးပါ။ ဒီနေ့လို မင်းအောင်လှိုင်တို့တတွေ ပြည်တွင်းပြည်ပလူဗိုလ်ပုံအလယ်၊ နိုင်ငံတကာအလယ်မှာ နိုင်ငံရေးအရ၊ စီးပွားရေးအရသာမက အိုင်စီဂျေမှာလို တရားဥပဒေ ရေးနဲ့ ပြည်တွင်း အနယ်နယ်အရပ်ရပ်မှာ စစ်ရေးအရတောင် ခံစစ်ရောက်နေတဲ့အချိန်မှာ ဘယ်ဘက်ကကြည့်ကြည့် သူတို့အတွက် ဘယ်လိုမှအကျိုးမရှိတဲ့ လူသတ်မှုတခုကို ဘာလို့ ကျူးလွန်လိုက်ကြတာလဲ။
ဒီအာဏာ ရှင်တွေဟာ သန်းခေါင့်ထက်ညဉ့်မနက်ဘူးဆိုပြီး ရွာလွန်ရွက်တိုက်ပြတာလို့ မှတ်ချက်ချရင်တော့ သင်းတို့ရဲ့အပြစ်ကိုလျှော့ပေါ့ပစ်ရာ ကျပါ လိမ့်မယ်။ သင်းတို့ဟာ ထောင့်ထဲမှာ ပိတ်မိနေတဲ့အခါ မည်းမည်းမြင်အကုန်ကိုက်တော့ တာပဲလို့ပြောရင်လည်း သင်းတို့ကို သနားစာနာတဲ့လေသံပေါက်သွားနိုင်ပါတယ်။ သေချာ ပြောသင့်တာတခုကတော့ သူတို့အခုလိုရမ်းကားပြလိုက်တာဟာ ထောင်တွင်းရှိနေသူ တွေရော၊ ထောင်ပမှာနေထိုင်သူတွေကိုပါ သူတို့စစ်အစိုးရက အချိန်မရွေးသတ်နိုင်ကြောင်း၊ သတ်မယ့်အကြောင်း ခြိမ်းခြောက်တာဖြစ် တယ်ဆိုတာပါပဲ။ အခုဟာက သူတို့အနေနဲ့ ပြည်တွင်းပြည်ပ၊ ဘယ်သူ့ကိုမှ ေ- က် ဂရုမစိုက်ဘူးလို့ ဆဲပြတာမျိုးလည်း ဖြစ်ပါတယ်။
အခုဒီပုဂ္ဂိုလ်လေးဦးကို သတ်ပစ်လိုက်တာဟာ စစ်အာဏာရှင်တွေက သူတို့ အာဏာ သိမ်းပြီးတဲ့နောက်ပိုင်းမှာ တနိုင်ငံလုံးကပြည်သူတွေကို သွေးအေးအေးနဲ့ သတ်ဖြတ်နေတာ တွေနဲ့ တဆက်စပ်တည်းဖြစ်သလို အနက်အဓိပ္ပာယ်အရလည်း တထေရာတည်း ဖြစ်ပါတယ်။ နံပတ်တစ်တချက်ကတော့ ဒါဟာ ဗမာပြည် ကိုနှစ်ပေါင်း ၆၀ကျော် လက်ဝါးကြီးအုပ်ပြီး ဖျက်ဆီး၊ အမြတ်ထုတ်နေတဲ့ စစ်အာဏာရှင်တွေရဲ့ သွေးအလိမ်းလိမ်း အစဉ်အလာကို သစ္စာရှိစွာထိန်းသိမ်းဆဲဖြစ်ကြောင်း၊ ဆက်လက်ကိုင်စွဲဦးမှာဖြစ်ကြောင်း လက်ရှိစစ်အုပ်စုက ကြေညာလိုက်တာဖြစ်ပါတယ်။ သင်းတို့တတွေဟာ ပြည်သူ့ဘက် သား တွေကိုသတ်ဖြတ်ရာမှာ ဗိုလ်နေဝင်းတို့၊ ဗိုလ်သန်းရွှေတို့ထက်မညံ့ကြောင်း ပိုတောင် လက်သံပြောင်ကြောင်း လက်ခမောင်းခတ်ပြတာလို့ယူဆရင်လည်းရပါတယ်။
ဒီကိစ္စမှာ အသတ်ခံရသူတွေရဲ့သွေးချင်းသားချင်းတွေကို အသိမပေး၊ အလောင်းပြန် မပေး၊ တရားဥပဒေနဲ့အညီ ရှေ့နေရှေ့ရပ်နဲ့ ခုခံချေပခွင့်မပေး၊ သူတို့ဖာသာတရားရုံးတင် တယ်လို့ပြော၊ အဲဒီအပြောစကားထဲမှာသာရှိတဲ့ တရားရုံးဆိုတာကသေဒဏ်ချ၊ အဲဒီတရား ရုံးဆိုတာကို အပြင်ကလူတွေတက်ရောက်နားထောင်၊ ကြည့်ရှုခွင့်လုံးဝမပေး သတင်းဌာန တွေလည်းမသိရှိရပဲ သွားတိုက်ဆေးကိုညှစ်ထုတ်ရသလို မေးမှသာ သတိကြီးစွာပြန်ဖြေနေ တဲ့ အင်မတန်သံသယဖြစ်ဖွယ် သတင်းထုတ်ပြန်မှုတွေကိုထောက်ရှုရင် ဒီစစ်ဗိုလ်တွေရဲ့ သူ ရဲဘောကြောင်မှု၊ မရိုးမသားကလိမ်ကျစ်နိုင်မှုတွေကို အထင်းသားမြင်ရနိုင်ပါတယ်။ ဒါ့ အပြင် အစောကြီးကတည်းက သင်းတို့တတွေလက်လွန်သွားလို့ ကိုဂျင်မီဆုံးသွားပြီလို့ အစောကြီးကတည်းက သတင်းထွက်ခဲ့တာဟာလည်း စဉ်းစားစရာဖြစ်ပါတယ်။ တလော လေးကပဲ သင်းတို့တတွေ နိုင်ငံတကာ့တရားရုံးမှာခံစစ်နဲ့ ဆုတ်ခွာခဲ့ရသလို အခုလည်း ပြည်သူ့တရားခွင်မှာ တရားခံနေရာကိုဝင်ယူနေရပြန်ပါပြီ။
ဗမာပြည်ကစစ်အုပ်စုဟာ သမိုင်းတရားခံဆိုတာကို သဘောပေါက်ရဲ့လား စဉ်းစားစရာ တောင်ဖြစ်နေပါတယ်။ အရှင်းဆုံးသာဓကပြရရင် သူတို့ဆရာသခင် ခေါင်းကိုင်ဖခင်ကြီးဗိုလ် နေဝင်းသေတော့ ဘယ်လိုအသုဘချခဲ့ရတယ် ဆိုတာကိုပဲ ပြန်တွေးကြည့်လိုက်ပါ။ သမိုင်း အဆက်ဆက် ဗမာပြည်သူတွေဟာ ဗိုလ်နေဝင်းဆိုတဲ့နာမည်ကိုကြားလိုက်ရင် ဟင်းကနဲ သက်ပြင်းချ၊ နှာခေါင်းရှုံ့ကြတာချည့်ပါပဲ။ လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် ရဟန်း၊ ရှင်၊ လူ၊ ကလေးလူကြီး အမြောက်အမြားဟာ ဗိုလ်နေဝင်းရဲ့ယုတ်မာရက်စက်မှုတွေကို မကုန်နိုင်မခမ်းနိုင်ပြောနိုင်နေကြ၊ ပြောနေကြတယ်ဆိုတာမမေ့သင့်ပါဘူး။ နောင်မှာခေတ် တခေတ်ပြောင်းရင် သင်းကိုရုပ်ရှင်၊ အသံလွှင့်ရုံကအစ စာနယ်ဇင်းနဲ့ မီဒီယာအမျိုးမျိုးအဆုံး ဘယ်လိုသရုပ်ဖော်နေကြမယ်ဆိုတာ မှန်းကြည့်လိုက်ပါ။ အဲဒီအချိန်မှာ သူကိုယ်တိုင်ချေပ နိုင်စွမ်းမရှိတော့သလို သူ့ဘက်ကရပ်တည်ဖြေရှင်းမယ့်လူလည်းရှိမှာမဟုတ်ပါဘူး။
သမိုင်းဟာ ဘက်မလိုက်ဘူး၊ အညှာအတာကင်းတယ်ဆိုတာ ဗမာပြည်လည်းပါပါ တယ်။ ခေတ်သစ်သမိုင်းမှာ ဗီလိန်တွေလို့စကားစလိုက်ရင် ဦးစော၊ ဗိုလ်နေဝင်း၊ ဗိုလ်မင်း အောင်လှိုင်လို့ ပြောစမှတ်ဖြစ်တော့မှာပါ။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar