သီအိုဇော် - လမ်းပြကြယ်များသို့ ဦးညွတ်ခြင်း
သီအိုဇော် - လမ်းပြကြယ်များသို့ ဦးညွတ်ခြင်း
(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၂၂
နောက်ဆုံး
တလုံးတပါဒမျှ
ဖွင့်ဟချန်မထားရစ်နိုင်ခဲ့ပေမယ့်
ကမ္ဘာကိုလှုပ်ခပ်သွားစေတဲ့
အဆိတ်ငြိမ်ဆုံး ကျယ်လောင်မှု။
ဒါ ......ကြိုးပေးစီရင်တာမဟုတ်
စစ်မိစ္ဆာတွေနဲ့ သားစဥ်မြေးဆက်
သိမ်ငယ်စွာကြည့်ရမယ့် နံမည်များအဖြစ်
သမိုင်းစာမျက်နှာသစ်ထက်
မော်ကွန်းကမ္ဗည်း တွင်ရစ်စေခဲ့ခြင်းသာ။
သူတို့ဟာ
ဘဝကိုလောင်းကြေးထပ်
အနာဂတ်နဲ့စိန်ခေါ်
အမိနိုင်ငံတော်သစ်အတွက်
အသက်ကို အုတ်မြစ်ချခဲ့ကြတဲ့သူတွေ။
သူတို့ဟာ
နိုင်ငံရေးချောက်ကမ်းပါးစွန်းနား
ရန်ငါမပြတ်
ချီတုံချတုံရပ်နေသူများအတွက်
မီးရှူးတိုင်အဖြစ် ကိုယ်တိုင်လောင်မြိုက်ခံပြီး
အလင်းပြရစ်ခဲ့ကြသူတွေ။
သူတို့ဟာ
လမ်းခုလပ်မှာ
ငိုက်တခါ နိုးတလှည့်နဲ့
အာသာဖြေတော်လှန်ရေး အိပ်မက်နေသူများအတွက်
ဝုန်းကနဲလန့်နိုးဖို့
လှုပ်နှိုးတည့်မတ်ပေးခဲ့ကြသူတွေ။
နိုင်ငံရေးသမား
နိုင်ငံ့အရေးလုပ်သူများအတွက်
‘ဇလဲန်းစကီး’မြှင့်လိုက်တဲ့ ’ဘား’
သူတို့ကြောင့် ပိုပြီးမြင့်လို့သွားခဲ့
‘သေသူကိုရှင်သူတရ’တဲ့ခေတ်
စွန်းထေးညစ်လို့တော့မဖြစ်
‘အာဇာနည်’တွေကို တကယ်ချစ်ကြရင်ပေါ့လေ။
ကဲ ...... ဘာပဲဖြစ်ဖြစ်
အချင်းချင်းကြား
ပွတ်တိုက်မှုတွေရှိရင်ခွင့်လွှတ်
ထိရှမိသွားရင်လည်းနားလည်
ညီညွတ်စွာစုစည်း
အပူမီးကို စွမ်းအင်အဖြစ်ပြောင်းပေးရင်း
မပြီးဆုံးသေးတဲ့
သွေးနဲ့ရေးတဲ့ ပန်းချီကားချပ်
ငါတို့အတူ အဆုံးသပ်ကြမယ်
ဤခရီး ပိုလို့နီးကပ်လာခဲ့ပြီ။
သီအိုဇော်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar