Breaking News

ဇမ်သစ်အောင် - ဖာနိုင်ငံမဖြစ်အောင် ဖာနိုင်သမျှဖာကြ ဟက်လား

ဖာနိုင်ငံမဖြစ်အောင် ဖာနိုင်သမျှဖာကြ ဟက်လား
ဇမ်သစ်အောင်
(မိုးမခ)ဇူလိုင် ၂၀၊ ၂၀၂၂

အသက်ကို ဖက်နဲ့ထုပ်ပြီး
ကျွန်ငုတ်ကို ဆွဲနှုတ်ခဲ့
ကြည့်...
ခင်ဗျားတို့က အခုထိ ကျွန်စိတ်မွေးကြတုန်း
ဟက်လား
အဲ့တော့ ကျုပ်တို့က စောက်ရူးတွေလား

လွတ်လပ်စေ့ချင်လို့
ရင်ကို ကတုတ်
လုပ်ရပ် သက်သေ
ဖွေရှာတော်လှန်ခဲ့ကြတာ
ကြည့်...
ခများတို့က အခုထိ လူ့အသိကင်းမဲ့နေကြတုန်း
ဟက်လား
အဲ့တော့ ကျုပ်တို့က စောက်ရူးတွေလား

လောက်တက်နေတဲ့စနစ်ကို
အမြစ်ကချိုး
အရိုးက လှီးဖြတ်ပေးခဲ့တယ်
ဟော...အခုကြည့်
ခများတို့က တောက်ပြောင်နေတဲ့
လောက်ကောင်တွေ ဖြစ်ချင်နေကြတုန်း
ဟက်လား
အဲ့တော့ ကျုပ်တို့က စောက်ရူးတွေလား

ကြည့်...
ဆေးရိုးလှမ်းသူ လှမ်းနေပြီ
သွေးတိုးစမ်းသူ စမ်းကုန်ပြီ
ဖားလို အော်သူ အော်ကြပြီ 
နွားလို ပျော်သူ ပျော်ကြပြီ
ဟက်လား
အဲ့တော့ ကျုပ်တို့က စောက်ရူးတွေလား

လူ နတ် တွေ စိတ်မကျန်းမာဘူး
လူနပ်တွေ ကိုယ်ချမ်းသာကုန်ပြီ
ဟက်လား
အဲ့တော့ ကျုပ်တို့က စောက်ရူးတွေလား

ဘာ!
ဖာနိုင်ငံမဖြစ်အောင်
ဖာနိုင်သမျှဖာကြ
ဟက်လား
အဲ့ဒါကိုပဲ ကျုပ်တို့ အလေးအနက် ပြောလိုတယ်။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar