မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၉ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၉ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၂၂
ဗမာအာဇာနည်နေ့ နဲ့ တိုင်းရင်းသား အာဇာနည်နေ့
အမျိုးသားခေါင်းဆောင်လို့ ဗမာတွေ သတ်မှတ်ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အခြား ဝန်ကြီးတွေ၊ သက်တော်စောင့်တို့ ၁၉၄၇ ခုနှစ်မှာ ဂဠုန်ဦးစောက စီစဥ်တဲ့ လုပ်ကြံသတ်ဖြတ်မှုနဲ့ လုပ်ကြံခံလိုက်ကြရတဲ့နေ့ကို အာဇာနည်နေ့လို့ တနိုင်ငံလုံးမှာသတ်မှတ်ပြီး အာဏာရှိတဲ့အစိုးရက နှစ်စဥ်ကျင်းပလာကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ ခေါင်းဆောင်တွေဖြစ်လို့ ဒီခေါင်းဆောင်တွေ ကျဆုံးရတာဟာ မြန်မာတနိုင်ငံလုံးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ရော ၄င်းတို့ရဲ့ ကျေးဇူးကိုအမှတ်ရတဲ့အနေနဲ့ပါ အာဇာနည်နေ့ ကျင်းပရတာလို့ စာသင်ကျောင်းတွေမှာ အာဇာနည်နေ့ အခမ်းအနားမတိုင်ခင် ကျောင်းသားတွေကို ဟောပြောခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ လအနည်းငယ်မတိုင်ခင်မှာ အဲဒီအချိန်က အစိုးရရဲ့ ဝန်ကြီးအဖွဲ့ ထဲပါဝင်နေတဲ့ ခေါင်းဆောင်အများစုကို လုပ်ကြံသတ်ဖြတ်ခြင်းဟာ မြန်မာပြည်လွတ်လပ်ရေးရလာပြီး နိုင်ငံထူထောင်ကြတဲ့အပေါ် သက်ရောက်မှုရှိခဲ့တာအမှန်ဖြစ်ပေမယ့်လို့ တိုင်းရင်းသားတွေအားလုံးကတော့ ပြည်မက ပြည်သူတွေနဲ့ ရှုထောင့်မတူတာ၊ အာဇာနည်ဆိုတာဟာ ဗမာလူမျိုးတွေရဲ့ ဗဟိုချက်နိုင်ငံရေးမှာတင်မကပဲ တိုင်းရင်းသားတွေထဲမှာလည်း အာဇာနည် ရှိတယ်ဆိုတဲ့ ရှုထောင့်က ကြည့်တာမျိုးကို ပြည်မကသူတွေက နားလည်လက်ခံတာ နည်းပါးပါတယ်။
ဥပမာအားဖြင့် ကရင်လူမျိုးတွေ အဖို့ စောဘဦးကြီးက သူတို့ရဲ့ အမျိုးသားရေးခေါင်းဆောင်ဖြစ်ပြီး စောဘဦးကြီး ကျဆုံးတဲ့နေ့ကို ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်ထားကြပါတယ်။ စစ်တပ်က သြဇာလွှမ်းမိုးတဲ့ ခေတ်တလျှောက်လုံးမှာ ကရင့်အာဇာနည်နေ့ ဆိုတာကို ကေအန်ယူနယ်မြေမှာပဲ ကျင်းပခဲ့ကြပြီး ၂၀၁၆ အန်အယ်လ်ဒီအစိုးရ ဖြစ်လာချိန်နောက်ပိုင်းမှာ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး ဖက်ဒရယ်အရေးကို ပြောဆိုဆွေးနွေးကြချိန်မှာ စောဘဦးကြီး တိုက်ပွဲမှာ ကျဆုံးတဲ့သြဂုတ်လ ၁၂ ရက်နေ့ကို ကရင့်အာဇာနည်နေ့ အဖြစ် ရန်ကုန်မြို့နဲ့ ဧရာဝတီတိုင်းက ကရင်လူမျိုးတွေနေထိုင်ကြတဲ့ မြို့အချို့မှာ ကျင်းပခဲ့ကြပြီး ကျင်းပဖို့ ကမကထလုပ်သူတချို့လည်း အမှုဖွင့်ခံရ ရက်သီတင်းပတ် အနည်းငယ် ထောင်ချခံရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပါတယ်။ စောဘဦးကြီးကျဆုံးရတဲ့ တိုက်ပွဲမှာ တဘက်က တိုက်ခိုက်ခဲ့သူက အဲဒီအချိန်က ဖဆပလ အစိုးရတပ်ဖြစ်တာမို့ စစ်တပ်ရဲ့ ငြိုငြင်မှုကို မခံချင်လို့လား သို့မဟုတ် ၂၀၁၉-၂၀၂၀ ခုနှစ်တွေမှာ အစိုးရဖြစ်နေတဲ့ အန်အယ်လ်ဒီကိုယ်၌က စောဘဦးကြီးကို ကရင့်အာဇာနည်အဖြစ် လက်မခံနိုင်တာလား တထစ်ချမပြောနိုင်ပေမယ့် တိုင်းရင်းသားမှာလည်း သူ့တိုင်းရင်းသားတွေအတွက် အာဇာနည်ဖြစ်တဲ့သူကို သတ်မှတ်ချင်ကြမယ် သတ်မှတ်ခွင့်ရှိကြမယ့် သဘောဖြစ်ပါတယ်။
အလားတူ ကယားပြည်နယ်(ကရင်နီ ) မှာလည်း သူ့အမျိုးသား အာဇာနည် ရှိနိုင်သလို ချင်းမှာလည်း ချင်းအာဇာနည် ရှိနိုင်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေ အဖို့ လွတ်လပ်ရေး မရမီပင်လုံစာချုပ်ရဲ့ ကတိကဝတ်တွေကို အကောင်အထည်မဖော်နိုင်တဲ့အပေါ်မှာ မကြေလည်မှုတွေရှိနေကြချိန်မှာ မြန်မာတနိုင်ငံလုံးရဲ့ အာဇာနည်သည်သာ တိုင်းရင်းသားအားလုံးအတွက်အာဇာနည်အဖြစ်သတ်မှတ်ရမယ်ဆိုခဲ့ရင် အဲဒီအယူအဆက အာဏာကြီးသူက အင်အားနဲ့ အာဏာနဲ့ မှတ်ယူခိုင်းတာ အနိုင်ကျင့်တဲ့ သဘောသာ ဖြစ်လာပါလိမ့်မယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ကေအန်ဒီအိုရဲ့ စစ်ဦးစီးချုပ်ကနေ ရပ်နားခံထားရတဲ့ စောနယ်ဒါးမြ ကရင်ပြည်သူ့တပ်မတော် ဖွဲ့စည်းလိုက်တယ် ဆိုတဲ့သတင်းဖြစ်ပါတယ်။ ယမန်နှစ်က ကရင်ပြည်နယ် ဝေါ်လေ ကနဲလေးမှာ တံတားဆောက်တဲ့ လုပ်ငန်းခွင်က အလုပ်သမား ၂၅ ဦးကို ကေအန်ဒီအိုက သတ်ဖြတ်ခဲ့တဲ့ ကိစ္စအတွက် ကေအန်ဒီအိုရဲ့ တာဝန်အရှိဆုံး စစ်ဦးစီးချုပ်ဖြစ်သူကို ဇူလိုင်လကုန်မှာ တာဝန်မှရပ်နားခဲ့ပြီး ၄င်းကကေအန်ယူဗဟိုရဲ့ အဲဒီဆုံးဖြတ်ချက်ကို လက်မခံဘူးလို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ခုသီတင်းပတ်တွေမှာ ဖြစ်ပွားနေတဲ့ ဥကရစ်ထ စခန်းသိမ်းဖို့ ကြိုးစားတဲ့တိုက်ပွဲမှာ ကေအန်ဒီအိုရဲ့ Venom စစ်ကြောင်းတွေပါဝင်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေမပါတဲ့ လက်နက်ကိုင် အဖွဲ့တွေချည်း ကရင်ပြည်သူ့တပ်မတော်ကို ဖွဲ့တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုကြေညာလိုက်ခြင်းဟာ ကေအန်ယူအဖွဲ့အစည်းအတွင်း နိုင်ငံရေးအရ ကွဲလွဲမှု၊ လက်နက်ကိုင် တပ်ဖွဲ့ကွဲလွဲမှုတွေရှိနေတာကို လူသိရှင်ကြား ထွက်ပေါ်လာတဲ့ လက္ခဏာ နောက်တခု ဖြစ်ပါတယ်။ ကေအန်ယူအဖွဲ့အစည်းရဲ့ နိုင်ငံရေးအရ ဦးဆောင်မှုကို လက်မခံတဲ့ လက်နက်ကိုင် တပ်ဖွဲ့ တွေက ရှိနေတဲ့ သဘောမျိုးလည်း ဖြစ်နေပါတယ်။ NUG အစိုးရ အဓိက အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ကေအန်ယူ အဖွဲ့ထဲမှာ အခုလို နိုင်ငံရေး စစ်ရေးမှာ အုပ်စုကွဲလွဲမှု ဖြစ်ပေါ်နေခြင်းက NUG အပေါ်လည်း သက်ရောက်မှုတွေရှိလာနိုင်မလားဆိုတာ စောင့်ကြည့်ကြရမယ့် သဘောဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
#MoeMaKaMedia
#WhatsHappeningInMyanmar