Breaking News

ဆောင်းယွန်းလ - တန်ကို မတန်ဘူးကွာ

ဆောင်းယွန်းလ - တန်ကို မတန်ဘူးကွာ
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၂၂

လူမမယ်အရွယ်တုန်းက
ငါမြင်ခဲ့ဖူးတဲ့ ငါ့ညီငယ်ဟာ
အခုလောလောဆယ် ထောင်ထဲမှာ
သူ့ကိုတပ်ထားတဲ့အမှုတွေက
ငါကိုယ်တိုင် ဘာမှန်းမသိတဲ့အမှုတွေဘဲ
သူ့စိတ်နဲ့ငါ့ညီတယောက် အဆဲကြမ်းလာသလို
ငါ့ညီမတယောက် အငိုသန်လာခဲ့ရတယ်
ငါ့အဖေနဲ့အမေ ဘယ်လိုနေမယ်ဆိုတာ
ငါကိုယ်တိုင်မတွေးချင်တော့တဲ့ ခေါင်းစဥ်ဘဲ
ငါ့ညီရဲ့သား ငါ့တူက ဘာမှမသိရှာပေမယ့်
ငါ့ညီမိန်းမရဲ့မျက်ရည်စတွေကို
ဖေ့ဘုတ်စာမျက်နှာပေါ်မှာတစွန်းတစတွေ့ရတယ်
တကယ်တော့ 
သူတို့မှာ ငိုဖို့မျက်ရည်မရှိကြတော့သလို
ငါ့မှာလည်းရယ်မောစရာမျက်နှာမရှိတော့တာကြာပါပြီ
ငါနဲ့လူချင်းမဆုံဖူးတဲ့
ငါ့ညီညီမ တူတူမအရွယ်တွေ
စာသင်ခန်းထဲကထွက် လမ်းမပေါ်တက်ပြီး
အမှန်တရားအတွက်ကြွေးကြော်တော့
သူတို့ရဲ့နောက်ဆုံးရလာဒ်က
လူမဆန်သူတွေပရမ်းပတာပစ်လွှတ်လိုက်တဲ့
ကျည်ဆန်တွေဘဲ
တန်ကိုမတန်ဘူးကွာ
လူနဲ့ အမည်မသိတဲ့တိရစ္ဆာန်တွေလဲနေရတာ
တန်ကိုမတန်ဘူးကွာ
လူလိုနားမလည်သူတွေ မတရားအုပ်ချုပ်တဲ့ခေတ်ထဲမှာ
ဥပဒေဆိုတာ အကြော်သည် လက်နှီးစုတ်လိုဘဲ
ငါနဲ့လူချင်းမဆုံခဲ့ဘူးတဲ့
တကျောင်းထဲထွက် 
ငါ့ညီအရွယ်ကြယ်တပွင့်နဲ့အတူ
ပြိုင်တူလင်းလက်တဲ့ကြယ်သုံးပွင့်
အဟိတ်​တိရစ္ဆာန်တွေလက်ချက်နဲ့ကြွေလွင့်ရတော့
တတိုင်းပြည်လုံးမက
ရောက်ရာအရပ်ကပြည်သူအပေါင်းရဲ့
နာကျည်းတောက်ခတ်သံတွေကိုကြားရတယ်
သူတို့မှာ ငိုဖို့မျက်ရည်စတွေမရှိကြတော့သလို
ငါ့မှာလည်း ရယ်မောစရာမျက်နှာမရှိတော့တာ
ကြာပါပြီ။

ဆောင်းယွန်းလ

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar