Breaking News

မာန်(တောင်လုံးပြန်) - ကိုဂျင်မီ




မာန်(တောင်လုံးပြန်) - ကိုဂျင်မီ


(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၂၂

ကိုဂျင်မီသည် ကျနော့်အတွက် ကျေးဇူးများစွာ ရှိခဲ့ဖူးပါသည်။

အထူးခြားဆုံး ကျေးဇူးတစ်ရပ်မှာ ကျနော် စစ်တပ်နှင့် တရားရင်ဆိုင်အပြီး စိတ်ဓာတ်များ ပြိုကွဲနေချိန်၊ မိတ်ဆွေသင်းပင်းများ ဆုတ်ယုတ်နေချိန်၊ ကျနော် မထင်မှတ်သော ကျေးဇူးများ ရှိခဲ့ခြင်းပင် ဖြစ်ပါသည်။

ကိုဂျင်မီကို စတင်သိကျွမ်းဖြစ်သည့်အချိန်ကား ၂၀၁၃ ကာလ။ ၈၈ မျိုးဆက်တို့၏ အထက်အညာဒေသခရီးစဥ်အတွင်း ပါဝင်သည့်၊ ပုဂံဒေသ နိုင်ငံရေးခရီးစဥ်၌ ဖြစ်သည်။ ကျနော့်ကို လိုက်ခဲ့ပါရန် ဖိတ်ခေါ်သူက ကျနော့်အစ်ကိုသူငယ်ချင်း ကိုကျော်စွာမင်း ဖြစ်သည်။ ကိုကျော်စွာက ပုဂံသား ဖြစ်သည်။ ကိုပေါ်တို့အဖွဲ့အတွက် ပုဂံခရီးစဥ်ပိုင်း၌ တာဝန်ယူထားသူ ဖြစ်သည်။ သူက ရန်ကုန်မှ ကားဖြင့် သွားကြမည်၊ လိုက်ခဲ့ပါလားဟု ဖိတ်ခေါ်သဖြင့် မနက်စောစော ၈၈ မျိုးဆက် ရုံးခန်းကို အရောက်သွားကာ ထိုရုံးမှပင် ကိုဘောင်းဘောင်း၊ ကိုမာကီတို့နှင့်အတူ ပုဂံနယ်သို့ လိုက်လာဖြစ်ခြင်းပင်။ ထိုခရီးစဥ်၌ ကျနော်တို့ တောင်လုံးပြန်ရပ်ကွက်သားတစ်ဦးကလည်း ပုဂံမှာ အခြေချနေသူဖြစ်သည်။ သူက ကိုဂျင်မီနှင့် ငယ်သူငယ်ချင်းဖြစ်သလို၊ ပုဂံမှာ ဖိတ်ခေါ်ထားသည့် အိမ်တစ်အိမ်ကလည်း သူ့အိမ် ဖြစ်နေသဖြင့် ကျနော်က ကိုဂျင်မီကို ဝင်ရောက်ရှင်းပြရင်း စတင်သိကျွမ်းဖြစ်ပါသည်။

နောက်ပိုင်းမှာတော့ ကျနော် ၈၈ မျိုးဆက်ရုံးခန်းနှင့် အတော်ရင်းနှီးဖြစ်လာပါသည်။ အဓိကမှာ ဆရာမျိုးမြင့်ညိမ်းတို့ ဂျာနယ်အတွက် အပတ်စဥ် နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ ဖြတ်သန်းမှု အင်တာဗျူးအတွက် ကိုမာကီတို့ ချိတ်ဆက်ပေးသူများနှင့် တွေ့ဆုံဖြစ်ရာမှ အစပြုပါသည်။

ထိုအင်တာဗျူးများကို စာအုပ်အဖြစ် သုံးတွဲ ထုတ်ဖြစ်သည်မို့ တစ်ကြိမ် ထွက်တိုင်း ပါဝင်သူများအတွက်ရော ရုံးအတွက်ပါ လက်ဆောင်ပေးရင်း ရောက်ဖြစ်ပါသည်။

တစ်ရက်မှာတော့ ကိုဂျင်မီနှင့် ဆုံပါသည်။ သူက ကျနော် စာအုပ်မပေးရသေးသည့် သူ့မိတ်ဆွေတစ်ဦးကိစ္စ ပြောပြပါသည်။

“ခင်ဗျားစာအုပ် သူ့အတွက် မရသေးဘူးဗျ၊ ပေးလိုက်ပါဦး”

“ဟုတ်လား၊ ဘာလွဲနေလို့လည်း မသိဘူး၊ ကျနော် အားလုံး အုပ်၂၀ ပေးထားတာ၊ ရပါတယ် အစ်ကို၊ ကျနော် ထပ်ပေးလိုက်ပါ့မယ်”

“အေးပါဗျာ၊ ခင်ဗျား ထမင်းရောစားပြီးပြီလား၊ ဝင်စားသွားလေဗျာ”

မှတ်မှတ်ရရ ထိုနေ့က ကိုဘောင်းဘောင်း မိခင်ကြီး၏လက်ရာ သီးစုံပဲဟင်း ချက်ထားသည်။ ကျနော်လည်း ဗိုက်ဆာနေသည်မို့ နောက်ထဲ ဝင်ကာ ပန်းကန်ဆွဲရင်း အုပ်ပါတော့သည်။ တခါတရံတော့ မုန့်ဟင်းခါးချက်ထားသည်နှင့် တိုးတတ်ပါသည်။


#


ကိုဂျင်မီကို ပို၍အမှတ်ရနေသည်က ရန်ကုန်ဟောပြောပွဲ နှစ်ပွဲကြောင့် ဖြစ်ပါသည်။ ထိုနှစ်ပွဲသည် ကျနော့်အတွက် အလွန်အရေးကြီးလှသည့် နှစ်ပွဲ ဖြစ်ပါသည်။

ပထမပွဲသည် ကိုဂျင်မီနှင့် ဟောပြောပွဲ၌ ပထမဆုံး ဆုံရသည့်ပွဲ ဖြစ်သလို ရန်ကုန်မြေ၌ ကျနော် ပထမဆုံး ဟောခွင့်ရသည့်ပွဲ ဖြစ်ပါသည်။ ဒုတိယပွဲသည်လည်း ကိုဂျင်မီနှင့် ဒုတိယအကြိမ် ဆုံရသည့်ပွဲ ဖြစ်သလို၊ ရန်ကုန်မြေ၌ ကျနော် နောက်ဆုံးဟောခဲ့ရသောပွဲ ဖြစ်ပါသည်။ ထိုပွဲ၌ ကိုဂျင်မီသည် ကျနော့်အပေါ် အင်မတန် စာနာဖေးမကာ ကျေးဇူးများစွာဖြင့် အစပျိုးခဲ့ခြင်း ဖြစ်ပါသည်။ ထိုကျေးဇူးများကို ကျနော် မမေ့ပါချေ။

ပထမပွဲ၌ ကျနော် ဇောချွေးပြန်ရသည်ကို ရှင်းပြပါဦးမည်။ ပွဲက ကျနော်နှင့် တိုက်ရိုက်မသက်ဆိုင်ပေ။

ဖိတ်ကြားထားသော ဆရာသုံးဦးမှာ ဆရာချစ်ဦးညို၊ ဆရာမောင်သာချိုနှင့် ဆရာကိုဂျင်မီ။

ဟောရမည့်ရပ်ကွက်မှာ လှိုင်သာယာ။

ခေတ်က သမ္မတဦးသိန်းစိန် တက်ခါစ။ ရွှေပြည်သစ်ကြီးတည်ကြစို့ ဘာဘာညာညာ ခေတ်ထနေသောကာလပင် ဖြစ်သည်။

ဖြစ်ရပုံကား ပထမဟောမည့်သူက ကိုဂျင်မီ။ ပြီးလျှင် ကျန်ဆရာနှစ်ဦး အရင်ရောက်သူ ဟောမည်။ ဆရာမောင်သာချို ဒုတိယရောက်ဖို့ စီစဥ်ထားပါသည်။ သို့ရာတွင် ကိုဂျင်မီက ည ၇ နာရီစမည်။ ၈ နာရီပြီးမည်။ ကိစ္စရှိသဖြင့် အားချင်းပြန်ပါမည်။

ဤတွင် ပြဿနာတရပ်မှာ ဒုတိယဝင်မည့် ဆရာသမားနှစ်ဦးစလုံး ည ၉ နာရီနောက်ပိုင်းမှ ရောက်ကြပါမည်။ ကိုင်း၊ ကြား လစ်ဟာချိန် တစ်နာရီအတွက် လူမိုက်ရှာရာတွင် ကျနော် မဲပေါက်ခြင်းပင်။ မျက်နာနာရသော ဆရာတစ်ဦးက ဖုန်းဆက်၍ အကူအညီတောင်းသလို၊ ပွဲစီစဥ်သည့် NLD ပါတီဝင် ညီအစ်ကိုများကပါ အကူအညီတောင်းကြသည်။ ကျနော့်အတွက် ကြားပွဲသက်သက်ပင်။ ကျနော် မီးစင်ကြည့်ကမည်ဟု ဆုံးဖြတ်ကာ ဘတ်စ်ကားစီးပြီး ရောက်သွားခဲ့ပါသည်။

ကျနော် ရောက်သွားချိန်တွင် ကိုဂျင်မီနှင့် လှိုင်သာယာ ပရိသတ်မှာ ပက်ထုတ်၍ပင် မရ။ ကိုဂျင်မီ ဟာကွက်လေးပေးကာ စကားခေါ်လိုက်၊ ပရိသတ်က စီခနဲ ညံခနဲ့ တုံ့ပြန်လိုက်။

ကိုဂျင်မီက နိုင်ငံရေးဖိလုံးလေး ပစ်လိုက် ပရိသတ်က ဟေးခနဲ လက်ခုပ်လက်ဝါး တီးလိုက်ဖြင့် အတော်မြိုင်နေသည်။

သူတို့ မြိုင်လေလေ ကျနော် ချွေးပြန်လေလေပင်။ လှိုင်သာယာ ပရိသတ်သည်ကား အလုပ်သမားလူတန်းစား အများစု ဖြစ်သလို ထိုစဥ်က သမ္မတဦးသိန်းစိန်၏ စိန်စီသော အနာဂတ်နိုင်ငံတော်ကြီးဆီသို့ ဘာဘာညာညာကလည်း လူထုကြား အတော်မကျေလည်စရာ ကာလပေကိုး။

ကိုဂျင်မီက အဟောကောင်းသလို လှုံ့ဆော်မေးခွန်းထုတ်ရာ၌လည်း ပရိသတ်က အလိုက်သိနေသည်။ ပွဲက မမြိုင်ဘဲ ခံနိုင်ပါရိုးလား။ စည်းဝါးကိုက်လှသည်မှာ ပွဲပြီးလို့ပြီးမှန်းပင် မသိလိုက်အောင်ပင်။

ကိုဂျင်မီက စင်ပေါ်က ဆင်းလာရင်း ကျနော့်ကို မြင်တော့ အားပေးစကားပြောပါသည်။ ပွဲအခြေအနေလည်း ကြိုသိထားပြီး ဖြစ်သည်။

“ကျနော်တော့ ဆော်ခဲ့ပြီ၊ ခင်ဗျားအလှည့်ပဲ၊ ကျနော် သွားစရာရှိလို့ပြန်တော့မယ်”တဲ့။

သူက နှုတ်ဆက် ထွက်ခွာသွားသည်။ ကျနော် ချွေးသီးချွေးပေါက်များ ကျရင်း ကြောက်ကြောက်ဖြင့် ဘီယာတဘူးကို အားကုန်မော့ပစ်မိတော့သည်။ ထိုပွဲ၏ဟာသဖြစ်ရပ်များအကြောင်း ဆရာချစ်ဦးညိုနှင့် အမှတ်တရဆောင်းပါး ရေးခဲ့ပြီးပြီမို့ ဆက်မပြောလိုတော့ပေ။

ရန်ကုန်မြေမှာ ပထမဆုံး ဟောပြောဖြစ်ချိန် ကိုဂျင်မီနှင့် ဖျတ်ခနဲ ဆုံမိသည်ကိုသာ တင်ပြလိုက်ခြင်း ဖြစ်ပါသည်။

လာပါပြီ။ စစ်အာဏာမသိမ်းမီ ရန်ကုန်မြေ၌ ကိုဂျင်မီနှင့် ဒုတိယအကြိမ် ဆုံရသည့်ပွဲ။ ကျနော့်အပေါ် စာနာဖေးမကူညီခဲ့သည့် ကိုဂျင်မီ့ စေတနာကို သိခဲ့ရသည့်ပွဲ။ ကျနော် နောက်ဆုံး ဟောခဲ့ရသည့် ဟောပြောပွဲ။ ဤပွဲကား ကိုဂျင်မီနှင့် နောက်ဆုံး ဆုံခဲ့ရသည်ကော။

ထိုစဥ်က ကျနော် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လိုက်လံဟောပြောရင်း မြိတ်မြို့မှာ ဟောသည်ကို စစ်တပ်က မကျေနပ်၍ တရားစွဲခဲ့သည့် ကာလ။ ကျနော် ဟောသည်က စစ်တပ်မှာ ဒီမိုကရေစီမရှိ။ ထို့ကြောင့် လူထုသွားနေသော ဒီမိုကရေစီကို စစ်တပ်က ဦးဆောင်ချင်၍မရ။ ဖွဲ့စည်းပုံအတိုင်း လုပ်လျှင် အနိုင်ကျင့်ရာကြမည်ဟု။ ဤသည်ကို တရားရုံး၌ သူတို့သိက္ခာကျသည်ဆိုကာ စွဲချက်တင်ပါသည်။

ထိုကာလဆိုးကြီးကို ကျနော် ကျော်ဖြတ်ရသည်မှာ စိတ်ပင်ပန်း လူပင်ပန်းဖြင့် အင်မတန် ဖိစီးလှပါသည်။ ဟောပြောပွဲများ ဝေးကွာသွားသည်။ ရုံးချိန်း တစ်ကြိမ်သွားလျှင် ကား ၂၄ နာရီ စီးသွားရသည်။ အလုပ်ပျက် အကိုင်ပျက် ဖြစ်ရသည်။ နောက်ဆုံး စီရင်ချက်ချတော့ ဒဏ်ငွေဆောင်ကာ ပြီးပြတ်ခဲ့သည်။ စုစုပေါင်းရုံးချိန်း ၁၁ ကြိမ် သွားခဲ့ရသည်။ မြိတ်မြို့မှ ဒေသခံများ ကျေးဇူးကြောင့် သက်သာခဲ့ခြင်းပင်။ စိတ်ဖိစီးမှုကိုတော့ အတော်ကြီးခံစားရသည်။ ထိုကာလအလွန်မှာပင် ကိုဂျင်မီ ကျနော့်ထံ ဖုန်းဆက်လာခြင်းပင်။

“ကိုမာန်၊(..........) အဲဒီနေ့ အားလားဗျ၊ ဟောပြောပွဲတစ်ပွဲ အတူတူဟောရအောင်ဗျာ၊ ဖြစ်မလား”

ကျနော် သိသည်။ သူ့စကားသံထဲ၌ စိတ်ဓာတ်ပြိုကွဲနေသော ကျနော့်အား ဖေးမကူညီလိုသည့် စေတနာများပါဝင်နေသည်။ ရန်ကုန်လို အရပ်မျိုး၌ ကျနော့်ထက်တော်သည့် စာရေးဆရာတွေ တပုံကြီးရှိပါသည်။ ဆယ်လနီးပါး တရားရင်ဆိုင်ရင်း စိတ်ဓာတ်ပြိုကွဲနေသည့် ကျနော့်ကို တမင်ရွေး၍ ဖိတ်ခေါ်အားပေးခြင်းသာ ဖြစ်သည်။

“ကျနော် စီစဥ်လိုက်မယ်နော်၊ ဆုံကြမယ်ဗျာ၊ ခဏနေရင် ပွဲစီစဥ်တဲ့သူတွေ ဖုန်းဆက်လိမ့်မယ်ဗျ”

ကိုဂျင်မီခင်ဗျာ…

ကျနော် ခင်ဗျားကြောင့် စိတ်ခွန်အားတွေ အများကြီးရခဲ့ပါတယ်။ အဲဒီညက ရွှေညဝါဆရာတော်ကြီးလည်း လာအားပေးတာ အမှတ်တရပါပဲ။ ကိုအရိုးလည်း အတူဟောဖြစ်ပါတယ်။ ကျနော့်အဖို့ ရန်ကုန်မြေမှာ နောက်ဆုံးဟောခဲ့ရသလို ကိုဂျင်မီနဲ့ နောက်ဆုံး ဆုံတွေ့ခြင်းဆိုတာ မသိခဲ့။ ကျေးဇူးတင်စကားပြောဖို့ ကျနော် မစွမ်းသာတော့။


 #


ကျနော် ပြည်ပကို ထွက်ပြေးလာတော့လည်း ကိုဂျင်မီ အရိပ်က ရှိနေဆဲ။ အကြောင်းမှာ ကျနော် ဆုံစည်းရသူများက တော်လှန်ရေးကြီးတွင် ကိုဂျင်မီတို့နှင့် လုပ်ဖော်ကိုင်ဖက်များ ဖြစ်နေကြပါသည်။ ထို့ပြင် တစ်ချိန်ကနိုင်ငံရေးအကျဥ်းသားဘဝနှင့် ကိုဂျင်မီနှင့်အတူ ဖြတ်သန်းခဲ့ကြသူများဆီ ကျနော် ရောက်သွားပါသည်။ ကိုဂျင်မီအကြောင်းတွေ အမြဲပြောပြသည်ကို ကြားနေသိနေရသည်။

အခုတော့လည်းဗျာ.....ကိုဂျင်မီရေ...။

မာန်(တောင်လုံးပြန်)



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar