Breaking News

လှကျော်ဇော - မိမိကိုယ်သာ ကိုးကွယ်ရာ

လှကျော်ဇော - မိမိကိုယ်သာ ကိုးကွယ်ရာ
(မိုးမခ) ဇူလိုင် ၈၊ ၂၀၂၂

အခုတလော သတင်းကွန်ရက်တွေမှာ ပွဲဆူနေပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ ဗမာပြည်လာပြီး လန်ချန်-မဲခေါင် မြစ်ဝှမ်းတိုး တက်ဖွံ့ဖြိုးရေးအစည်းအဝေးလုပ်မယ့် ခရီးစဉ်နဲ့ပတ်သက်တဲ့ သတင်းများ၊ ထင်မြင်ချက်များ၊ ဝေဖန်ချက်များ ဘက်ပေါင်းစုံကအမြင် အမျိုးမျိုးများနဲ့ ဝေစည်နေတာပါ။

ဒီတော့ ကျွန်မဆီ တွေ့ဆုံမေးမြန်းတာတွေလည်း ရှိလာပါတယ်။ မေးကြမြန်းကြတဲ့အထဲက အဓိကနဲ့တူညီတဲ့ မေးခွန်းတခုကတော့ ... ဒီလိုတရုတ်ပြည်က အဆင့်မြင့်တာဝန်ခံကြီး တယောက်လာရောက်ခြင်းဟာ စစ်ကောင်စီအစိုးရကို တရုတ်ပြည်က တရားဝင်အသိအမှတ်ပြုလိုက်တဲ့သဘောလား .... တဲ့။

ကျွန်မက စစ်ကောင်စီအစိုးရကို တရားဝင်မဝင်ဆုံးဖြတ်မယ့်သူများကတော့ ကျွန်မတို့ဗမာပြည်သူများသာဖြစ်ပါတယ်။ ဘယ်နိုင်ငံက ဘယ်လောက်ကြီးတဲ့သူတွေ ဘယ်လောက်လာလာ ကျွန်မတို့ပြည်သူတွေက အသိအမှတ်မပြုသရွေ့ စစ်ကောင်စီဟာ ဘယ်တော့မှ တရားဝင်ဖြစ်မလာနိုင်ပါဘူး ... လို့ ဖြေလိုက်ပါတယ်။

တကယ်လည်း ကျွန်မတို့ပြည်သူ အများတကာ့အများစုကြီးဟာ စစ်အစိုးရအဆက်ဆက်ကို ဘယ်တုန်းကမှ မိမိတို့အကျိုးကိုကိုယ်စားပြုတဲ့ အစိုးရလို့ မသတ်မှတ်ခဲ့ပါဘူး။ ၁၉၆၀ ခုနှစ်ကစလို့ ဗမာပြည်မှာ လွတ်လွတ်လပ်လပ်လုပ်ဆောင်ခဲ့တဲ့ ရွေးကောက်ပွဲတိုင်းမှာ စစ်တပ်က အထောက်အကူပြုထားတယ်လို့ ပြည်သူကသတ်မှတ်ထားတဲ့ပါတီတွေ ခွက်ခွက်လန်အောင်ရှုံးခဲ့တဲ့ သမိုင်းကြောင်းကိုကြည့်ပါ။ ၂၀၂၀ အထိကြည့်ပါ။

ဒီရွေးကောက်ပွဲများကနေ ပြည်သူတွေကပေးချင်တဲ့သတင်းစကားတခုလည်း ရှိပါသေးတယ်။ ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲမှာ ဦးနုရဲ့သန့်ရှင်း (ပထစပါတီ) အပြတ်အသတ်အနိုင်ရသွားတဲ့အချိန် ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပိုစ့် သတင်းစာအယ်ဒီတာအာဘော်အခန်းက ဒီလိုရေးထားပါတယ်။

.... ဒီရွေးကောက်ပွဲဟာ ရွေးကောက်ပွဲသက်သက်တခုတည်းမဟုတ်ဘဲ ၁၉၅၈ ကစလို့ ဗမာပြည်ကြီးကိုအုပ်ချုပ်လာတဲ့ ဗမာ့တပ်မတော် အိမ်စောင့်အစိုးရအပေါ် ပြည်သူလူထုရဲ့ဆန္ဒခံယူပွဲကြီး (referendum) လည်း ဖြစ်ပါတယ် ...တဲ့။

ဟုတ်ပါတယ်။ ဗမာပြည်သူတွေဟာ မိမိတို့ဆန္ဒကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ဖို့အခွင့်အရေးရတိုင်း စစ်တပ်ကို အကြိမ်ကြိမ်အခါခါ နိုင်ငံရေးကဖယ်ထုတ်ပြီး တပ်တန်လျားကိုပြန်ပို့ဖို့ ကြိုးစားခဲ့တာချည်းပါပဲ။ အဲသလိုပဲ ၁၉၆၀ ခုနှစ်ကတည်းကစခဲ့တဲ့ ဒီတိုက်ပွဲကို အခုထိဆက်ပြီးလည်း သဏ္ဌာန်ပေါင်းစုံနဲ့တိုက်နေရတုန်းပါ။

မြေပေါ်တိုက်ပွဲများဖြစ်တဲ့ ရွေးကောက်ပွဲတွေမှာမဲဆန္ဒပေးတဲ့နည်း (၁၉၆၀၊ ၁၉၉၀၊ ၂၀၁၅၊ ၂၀၂၀)
ကျောင်းသားများဦးဆောင်တဲ့ဆန္ဒပြပွဲများ (၁၉၆၂၊ ၁၉၇၆ စသဖြင့်)
အလုပ်သမားများရဲ့တိုက်ပွဲများ (သမိုင်း-မြစ်ငယ် စသဖြင့်)
လူထုအုံကြွမှုအမျိုးမျိုး (ဦးသန့်အရေးအခင်း၊ ၈ လေးလုံး၊ ရွှေဝါရောင် စသဖြင့်)
တချိန်တည်းမှာ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများရဲ့ တိုက်ပွဲများကလည်း အဆက်မပြတ်ရှိနေခဲ့ပါတယ်။ တခါမှမပြတ်ခဲ့ပါ။

ဒီတိုက်ပွဲတွေအားလုံးကို စစ်အစိုးရအဆက်ဆက်ကလည်း ပြည်တွင်းစစ် ဆင်နွှဲတဲ့နည်းအပါအဝင် နည်းသဏ္ဌာန်မျိုးစုံနဲ့ အဆက်မပြတ်တိုက်ရင်း သူ့အာဏာရှင်စနစ်ကို ထိန်းသိမ်းဖို့ အစွမ်းကုန် ကြိုးစားလာခဲ့တာပါ။ ဒီလိုနဲ့စစ်အာဏာရှင်စနစ်ဆိုးကြီး သက်ဆိုးရှည်ခဲ့ပါတယ်။ဒီတော့ စစ်တပ်အတွက်ကလည်း ဒီတခါ (၂၀၂၁ အာဏာသိမ်းအပြီး) လူထုရဲ့ဆန့်ကျင်မှုတွေကို အရင်ကအကြိမ်တွေအတိုင်း ပြည်သူတွေပန်းပြီး ငြိမ်ကျသွားလိမ့်မယ်လို့ တွက်ဆခဲ့ပုံရပါတယ်။ စစ်တပ်အနေနဲ့ တွက်ချက်မှုတွေ အတော်လွှဲချော်နေတယ်ဆိုတာ ကြာလေပုံပေါ်လေဖြစ်လာပါတယ်။

တကယ်တော့ ဗမာပြည်သူတွေအဖို့ စစ်တပ်အပေါ် အတော်အမြင်ရှင်းနေပါပြီ။ သံယောဇဉ်လည်း ပြတ်သွားပါပြီ။ အနှစ် ၆၀ ကျော် ၇၀ နီ းပါး ဗမာပြည်ကြီးကို စိတ်ကြိုက်အုပ်ချုပ်မင်းလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးများရဲ့ စိတ်စေတနာအရည်အသွေး အရည်အချင်းစတာတွေကို မျက်ဝါး ထင်ထင်မြင်ရပြီးပါပြီ။ 

ဒီတော့ ၂၀၂၁ စစ်တပ်အာဏာသိမ်းလိုက်တဲ့အခါ ဗမာပြည်သူလူထုရဲ့ စစ်အာဏာရှင်များအပေါ် ပြတ်သားမှုကတော့ တကမ္ဘာလုံးကို အံ့သြသွားစေပါတော့တယ်။ မအလကိုယ်တိုင် ဒီလောက်ပြင်းထန်မယ်လို့ မထင်မိကြောင်း ဖွင့်ပြောလာရတာပါ။

ဒီနွေဦးတော်လှန်ရေးမှ ာဗမာပြည်သူတွေအတွက် မိမိတို့ဒုက္ခအဖုံဖုံရဲ့ ပင်ရင်းဇာစ်မြစ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး (ဖက်ဆစ်တပ် အမြစ်ဖြတ်) ကို အပြီးတိုင်ဆင်နွှဲနိုင်မယ့် အလားအလာကောင်းတွေအများကြီးရှိနေပါတယ်။ ဒီအခွင့်ကောင်းတွေ (ဥပမာ - မြန်မာနဲ့တိုင်းရင်းသားများအကြားရရှိထားတဲ့ နားလည်မှု၊ နည်းပညာများတိုးတက်မှုစသဖြင့်) ကို စနစ်တကျချိတ်ဆက်အသုံးချပြီး စစ်တပ်မလိုလားသူအားလုံးပါဝင်လာနိုင်တဲ့ တပ်ပေါင်းစုတရပ်ဖွဲ့ပြီး လက်နက်ကိုင်တိုက်ပွဲကို အဓိကထားကာ ကျန်တိုက်ပွဲသဏ္ဌာန်မျိုးစုံနဲ့ပေါင်းစပ်ပြီး ဒီစစ်တပ်ကိုတော်လှန်တိုက်ခိုက်သွားမယ်ဆိုရင် ပြည်သူတွေလိုလားတောင့်တတဲ့၊ ငြိမ်းချမ်းတဲ့ သာယာဝပြောတဲ့ တန်းတူညီမျှတဲ့ နိုင်ငံသစ်ကြီးကိုတည်ထောင်နိုင်ပါလိမ့်မယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) တိတိ (၁၉၆၂ ဇူလိုင် ၇ ရက်) က အသက်တွေ၊ သွေးတွေ၊ မိသားစုဘဝတွေပေးပြီး စစ်တပ်ရဲ့ ဘီလူးရုပ်ကို ဆွဲချွတ်ပြသွားတဲ့ ရန်ကုန်တက္ကသိုလ်တွင်းက ကျောင်းသား (ရာကျော်) ကစလို့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးစစ်ပွဲအတွင်း (စစ်မြေပြင်တွေ၊ထောင်တွေထဲ ကျောင်းဝန်းတွေအတွင်း၊ ပေတရာလမ်းပေါ်မှာ၊ လယ်ကန်သင်းရိုးတွေပေါ် စတဲ့စတဲ့ တနိုင်ငံလုံးအနှံ့) အသက်ဆုံးခဲ့ကြရတဲ့ ဗမာပြည်သူတွေအားလုံးကို ဒီနေရာကနေ ဦးညွတ်အလေးပြုပြီး သန္နိဋ္ဌာန်စကားဆိုချင်ပါတယ်။

ရဲဘော်တို့ရဲ့ အသက်တွေ သွေးတွေ တစက်မှ အလဟသမဖြစ်စေရပါဘူး။ ရဲဘော်တို့ရဲ့စိတ်ဓာတ်ကိုလေ့လာပြီး ရဲဘော်တို့ရဲ့ မပြီးဆုံးသေးတဲ့လမ်းကို ပြီးဆုံးအောင်မြင်သည်အထိ ဆက်လျှောက်ပါ့မယ်။

ဗမာပြည်သူတရပ်လုံး မိမိကိုယ် မိမိလွတ်မြောက်ဖို့ ကိုယ့်လမ်းကိုယ်ဖောက် ကိုယ်လမ်းကိုယ်လျှောက်ရမှာပါ။ ကယ်တင်ရှင် ဘယ်သောအခါမှမရှိချေ။ 

နတ်သိကြားနဲ့ မင်းဘုရားတို့ မယုံပေ။
နှောင်ကြိုးကိုတို့ လက်ရုံးနဲ့ချိုးဖျက်ကြလေ ...။

လှကျော်ဇော
ဇူလိုင် ၇၊ ၂၀၂၂။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar