ဖေကြီး ( လေရှီး ) - မြို့စွဲ
ဖေကြီး ( လေရှီး )
(မိုးမခ) ဇူလိုင် ၈၊ ၂၀၂၂
ကျနော်က ငယ်ငယ်ကတည်းက စာဖတ်ဝါသနာပါတာ။ မူလတန်းမှာကတည်းက အိမ်ဘေးနားက တက္ကသိုလ်ကျောင်းသားအစ်ကိုကြီး ဆလိုင်းခိုင်ပီးတို့အိမ်မှာချည်းအနေများပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့အိမ်မှာက လစဉ်ထုတ်မဂ္ဂဇင်းတွေကော လုံးချင်းစာအုပ်တွေပါ ကျွန်းဘီရိုကြီးတလုံးအပြင် ကျွန်းသေတ္တာကြီး ၂ လုံးအပြည့် ရှိတာကိုး။
သူ့အဖိုးကော သူ့အဖေပါ စာဖတ်တဲ့သူတွေဖြစ်ပြီး အစ်ကို ဆလိုင်းခိုင်ပီးလည်း စာဖတ်တဲ့သူဖြစ်လာတယ်။ ဘေးချင်းကပ်အိမ်က ကျနော်လည်း စာဖတ်ကျင့်စွဲလာတယ်။ လေးတန်းလောက်အရောက်မှာတော့ ဆရာသိန်းဖေမြင့်တို့ ဦးနုတို့ ဒဂုန်တာရာတို့ မြသန်းတင့်တို့ လင်းယုန်မောင်မောင်တို့ နတ်နွယ်တို့ ပါရဂူတို့ . . . အစရှိသဖြင့် စာအုပ်အထူကြီးတွေကို ဖတ်ဖြစ်နေပါပြီ ခင်ဗျ။
ဝင်းဦးစာအုပ်တွေလည်း ဖတ်ရပြီး ကြို က်နှစ်သက်ခဲ့တယ်။ အဲသည်အစ်ကိုဆလိုင်းခိုင်ပီးရဲ့စာအုပ်တွေဖတ်ပြီး အလယ်တန်းအထက်တန်းတောက်လျှောက် အခြားစာအုပ်တွေလည်း ဆက်ဖတ်ဖြစ်ပါတယ်။ အဲသည် ၁၉၈၀ ဝန်းကျင်ခေတ်က " စာအုပ်အငှားဆိုင်ယဉ်ကျေးမှု " အထွန်းကားဆုံးကာလဆိုတော့ စာအုပ်တွေ အမြဲတမ်းငှားဖတ်ဖြစ်ခဲ့ပါတယ်။
အဲသည်ကာလမှာ "တက္ကသိုလ်" ရောက်ပြီး "တက္ကသိုလ်ကျောင်းသား" ဖြစ်ခဲ့တော့ တက္ကသိုလ်နောက်ခံဝတ္ထု တွေလည်း အများကြီး ဖတ်ဖြစ်ပါတယ်။ ဆရာငြိမ်းကျော်ဆို အသည်းစွဲပေါ့။ သူ့ဝတ္ထုတွေထဲက ဇာတ်လိုက်တွေဟာ တကယ့်ကို ရိုးသားကြိုးစားပြီး သစ္စာတရားကြီးမားတဲ့ကာရိုက်တာရှိသူတွေမို့ သိပ်ကိုအားကျခဲ့ရပါတယ်။
ဆရာငြိမ်းကျော်အပြင် နွမ်ဂျာသိုင်းတို့မောင်စိန်ဝင်း (ပုတီးကုန်း) တို့စာအုပ်တွေကိုလည်း ထွက်တာနဲ့ ဖတ်ဖြစ်ပါတယ်။ တက္ကသိုလ် ၄ နှစ်မှာ အပြင်စာအုပ်ပေါင်း ၃၀၀ ကျော်လောက် ဖတ်ဖြစ်ခဲ့ပါတယ်။
စာဖတ်တာများလာတော့ "စာရေးချင်" လာတာ "ထုံးစံ" လားတော့ မသိဘူး။
ကျနော်တော့ သိပ်ကိုရေးချင်လာတာနဲ့ရေးဖြစ်ပါတယ်။ စစချင်းရေးဖြစ်တာကတော့ ဆယ် ကျော်သက်တို့ထုံးစံအတိုင်း"ကဗျာ" ပေါ့။ ရင်ခုန်တတ်စ တက္ကသိုလ်ကျောင်းသားဘဝမှာ "အချစ်ကဗျာ" တွေမပြတ်တမ်း ရေးဖြစ်တာပေါ့ခင်ဗျာ။ ကဗျာရေးဖို့အတွက် ဗလာစာအုပ်သပ်သပ်ထားပြီး ခေါင်းထဲကို ကာရန်တွေရောက်လာတာနဲ့ တစ်ခါတည်း ချရေးဖြစ်ခဲ့ပါ
တယ်။ ပြီးတော့ ဝါသနာတူ သူငယ်ချင်းတွေစုပြီး ဝက်စ်ရေး မင်ကူး ကဗျာစာအုပ်တွေ ဟောတစ်အုပ် ဟောတစ်အုပ်ထုတ်ခဲ့ကြပြီး ကျောင်းထဲမှာ ကင်န်တီးမှာ ရောင်းခဲ့ကြပါတယ်။
လွမ်းစရာ့ တက္ကသိုလ်ကျောင်းသားဘဝတွေပေါ့။ တခါတခါလည်း ဇူလိုင်လထုတ် လက်ကမ်းကဗျာစာအုပ်တွေထဲမှာ ကျည်ဆန်တွေ ယမ်းနံ့တွေ သွေးညှီနံ့တွေပါခဲ့ကြတာပေါ့ ခင်ဗျာ။
မြန်မာနိုင်ငံမှာ စာပေ ရုပ်ရှင် သဘင် . .. . .စတဲ့ အနုပညာလောကကြီး အဖွံ့ဖြိုးဆုံး ဆယ်စုခေတ် ၂ ခုလောက်ကိုကျနော်တို့ ကံကောင်းစွာနဲ့ တည့်တည့်တိုးခဲ့ပါတယ်။ "စတီရီယိုတေး" လို့ လူတွေနှုတ်ကျိုးနေတဲ့ "ဂီတသစ်" တေးသီချင်းတွေကြားမှာ ကျနော်တို့ စီးမျောခဲ့ကြရပါတယ်။
စိုင်းထီးဆိုင်၊ လားရှိုးသိန်းအောင်၊ ဆွန်ကျဲအို၊ ဆလိုင်းသွအောင်၊ ဂျွန်သင်ဇမ်း၊ စိန်လွင်၊ ပလေးဘွိုင်သန်းနိုင်၊ ဗစ်တာခင်ညို၊ တက္ကသိုလ်အေးမောင်၊ မြန်မာပြည်သိန်းတန်၊ ဘိုဘိုဟန်၊ စိုးပိုင်၊ ကံ့ကော်တောမျိုးအောင်၊ ခိုင်ထူး၊ တော်မီကျော်နိုင်၊ ကိုင်ဇာ၊ လွှမ်းမိုး၊ မင်းအောင်၊ စိုင်းဆိုင်မော့ဝ်၊ စိုင်းနေဝန်း၊ စိုင်းခမ်းခုံး၊ ခင်ဝမ်း၊ ကိုရဲလွင်၊ J မောင်မောင်၊ J ညီညီ၊ စိုးလွင်လွင်၊ ကျော်ဟိန်း၊ ချစ်ကောင်းကနေ ထူးအိမ်သင်အထိ သီချင်းကောင်းတွေ ပေါ် ထွန်းခဲ့တဲ့ ခေတ်ကောင်းကြီးကို ထိတွေ့ခွင့်ရခဲ့ကြောင်းပါ ခင်ဗျာ။
သီချင်းတွေနားထောင်လိုက် စာတွေဖတ်လိုက် ကဗျာတွေစာတွေ ရေးလိုက်နဲ့ပေါ့ခင်ဗျာ။ အဲသည်တုန်းက "ကလောင်နာမည်" ကတော့ အခြားတမျိုးပေါ့ဗျာ။
အဲသည်တုန်းက ပြင်ပက တကယ့်စာရေးဆရာကြီးတွေ အခြားအနုပညာရှင်တွေကိုကြည်ညိုအားကျပြီး အတု ခိုးခဲ့ကြတာပေါ့။
အဲသည်မှာ အချို့ဆရာတွေက သူ့ကလောင်အမည် သူ့အနုပညာနာမည်မှာ သူ့ဇာတိကိုအချို့က "ကွင်းစ ကွင်းပိတ်" နဲ့ နောက်ကထည့်ထားပြီး အချို့က ရှေ့က ထည့်ထားတာကိုလည်း နှစ်သက်ခဲ့ကြတယ်။
ခင်မောင်အေး(မန္တလေး)၊ မုံရွာဝင်းဖေ၊ နတ္တလင်းသက်ပြင်း၊ ကိုလေး (အင်းဝဂုဏ်ရည်)၊ မိုက်မိုက်(ပြည်)၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ မောင်မောက်(ဥက္ကလာ)၊ နတ်မောက်အနီချို ၊ မောင်ကိုကို(အမရပူရ)၊ သံလျှင်မောင်မောင်ဦး၊ ပြည်အောင်ဇော်မိုး၊ မောင်မြေကြီး(ပန်းတောင်း)၊ ရွှေရ(တောင်ကုတ်)၊ ကောက်နွယ်(ကနောင်)၊ ထိုက်ကြည်(ဥသျှစ်ပင်)၊ မောင်ငြိမ်းသူ (ကြို့ပင်ကောက်)၊ မောင်ရင့်မာ (ကျောင်းကုန်း)၊ မြိတ်ဝင်းထိန်၊ ချမ်းငြိမ်းအေး(ပြည်)၊ မောင်လွမ်းနွယ်(အောင်လံ)၊ မကွေးဝင်းမြင့်၊ ကိုငြိမ်း(မန္တလေး)၊ မုံရွာအောင်
ရှင်၊ မုံရွာဦးလေးခန့်၊ တွံတေးသိန်းတန်၊ ဟင်္သာတထွန်းရင်၊ လားရှိုူးသိန်းအောင် . . . .စသည်ဖြင့်ပေါ့ဗျာ။ ကိုယ့်ဒေသရပ်ရွာကို ချစ်ခင်မြတ်နိုးစိတ်နဲ့ ထည့်ထားတာမျိုးကိုလည်း သဘောကျမိခဲ့ပါတယ်။
ဒါကြောင့်မို့ " အပြောင်စာ " ရေးမယ်လည်းဆိုရော "ဖေကြီး (လေရှီး)" ဖြစ်လာကြောင်းပေါ့ ခင်ဗျာ။ ။
ဖေကြီး ( လေရှီး )
12 - 1 - 2022 ( Wed )
7 : 45 PM
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar